Top News

တောင်ငူမြို့နယ် လဲဘူးကျေးရွာ လမ်းဟောင်းတွင် မော်တော်ယာဉ်မောင်းလာသော အမျိုးသားတစ်ဦး သေနတ် ပစ်ခတ်ခံရပြီး သေဆုံး
24htopnews | December 14, 2024 3:12 AM CST

ဓါတ်ပုံ - နာရေးကူညီမှုအသင်း(တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် လဲဘူးကျေးရွာအုပ်စု လဲဘူးကျေးရွာ လမ်းဟောင်းတွင်ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက မော်တော်ယာဉ်မောင်းနှင်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခံရပြီးသေဆုံးသူမှာ တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက်နေ အောင်ဇော်ဦး(ခ)လင်းယုန်ကြီး ၅၂ နှစ်ဖြစ်ပြီး ဇူလိုင် ၂၆ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်၌ လဲဘူးကျေးရွာ အနောက်ဘက် ရွာလမ်းဟောင်းတွင် PARADO အမျိုးအစား မော်တော်ယာဉ်အားမောင်းလာစဉ် သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခံရကာ ၎င်းမောင်းနှင်လာသော မော်တော်ယာဉ်ပေါ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအား သတင်းပေးခြင်း၊ ဆက်ကြေးများစုဆောင်းပေးခြင်း၊ PDF များ၊ UG များဖမ်းဆီးရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းတို့လုပ်ဆောင်သည့် အင်ဖော်မာတစ်ဦး ဖြစ်သည့်အပြင် တောင်ငူမြို့နယ်ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်းဖြစ်သဖြင့်ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်များတွင် ပျံ့နှံ့ရေးသားချက်များအရသိရသည်။

အောင်ဇော်ဦး(ခ) လင်းယုံကြီး သေဆုံးသဖြင့် အလောင်းအား သွားရောက်သယ်ဆောင်ခဲ့သည့်နာရေးကူညီမှုအသင်း(တောင်ငူ)မှ တာဝန်ရှိသူက“ရဲတပ်ဖွဲ့ က အကူအညီတောင်းခံလာမူအရ လဲဘူးရွာလမ်းဟောင်းတွင် သေဆုံးသွားသော လင်းယုန်ကြီး အသက် ၅၂ နှစ်ရဲ့ရုပ်အလောင်းကို သူ့ကားပေါ်ကနေ ကိုယ့်ကားပေါ်ကိုရွှေ့။ ဆေးရုကြီးအရေးပေါ်ကနေတစ်ဆင့်ရင်ခွဲရုံ အရောက် ကိုယ်တိုင်ပဲပို့ပေးခဲ့တယ်။ ရုံးပြန်ရောက် တော့ ကားကိုချက်ချင်းရေဆေး ပိုးသတ်ဆေးဖြန်းရပြန်တယ်” ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါဖြစ်စဉ်မှ သေနတ်ဖြင့် ပစ်ခတ်သွားသူမှာ မည်သူမည်ဝါမှန်းမသိရသေးပဲ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်စစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိပြီး သေဆုံးသူ ကိုအောင်ဇော်ဦး(ခ) လင်းယုံကြီး၏ အလောင်းအား နာရေးကူညီမှုအသင်း(တောင်ငူ)၏ မော်တော်ယာဉ်ဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

 


READ NEXT
Cancel OK