Top News

မြိတ်ကျွန်းစုအတွင်းရှိ ရေလုပ်သားများ မဲပေးသည့်ရက်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်သို့ အချိန်မီမပြန်နိုင်ပါက လူဦးရေ သောင်းနှင့်ချီကာ မဲပေးခွင့်ဆုံးရှုံးနိုင်
24htopnews | December 14, 2024 12:12 AM CST

မြိတ်ကျွန်းစုအတွင်းရှိ ရေလုပ်သားများမှာ မဲပေးသည့်ရက်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်သို့ အချိန်မီမပြန်နိုင်ပါက လူဦးရေသောင်းနှင့်ချီကာ မဲပေးခွင့်ဆုံးရှုံးသွားနိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ရေလုပ်သားများမှာ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် ပင်လယ်ပြင်အတွင်း လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်ကြောင်း သိရသည်။ ရေလုပ်သားများအနေဖြင့် ငါးဖမ်းလုပ်ငန်း သဘောသဘာဝအရ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် ပင်လယ်ထဲသို့ ထွက်ခွာသည့် ရက်များနှင့်တိုက်ဆိုင်နေကြောင်း သိရသည်။

ရေလုပ်သားများအနေဖြင့် ကြိုတင်မဲပေးခွင့်ရရန် ကြိုးစားနေသော်လည်း ခွင့်ပြုချက်မရသည့်အတွက် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမည့်အနေထား ရောက်နေကြောင်း သိရသည်။

“ကျွန်တော်တို့က မဲပေးချင်လို့ မဲရုံကိုသွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အသက် ၆၀ မပြည့်သေးလို့ ကြိုတင်မဲထည့် ခွင့်မပေးခဲ့ဘူး။ မင်းတို့ ရေလုပ်သားတွေ ကြိုတင်မဲထည့်လို့မရဘူး။ အသက်ကြီးပိုင်းတွေပဲ မဲထည့်ခွင့်ရတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ မဲမထည့်ဘဲ ပြန်လာရတယ်။ မဲပေးဖို့ ကတ်ပြားလည်းရထားပြီးပြီ။ ဒါပေမဲ့ မဲထည့်ပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ ရေလုပ်သားတွေ ကိုယ်ရဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားပြီ။ လှေတွေတော့ ထွက်ကြပြီ။ စီစဉ်ပေးတဲ့သူတွေလည်း မရှိကြဘူး။ မဲရုံကလူတွေက ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တော့ အခုလှေထွက်ဖို့ပဲ လုပ်ရတော့မယ်။ ကျွန်တော်တို့လည်း ကြိုတင်မဲထည့်ချင်တာပေါ့။ ဒါမှ တန်းတူအခွင့်အရေးရမယ်။ မျှတမှုရှိမယ်လေ။ ကိုယ်စိတ်ချမ်းသာတဲ့ပါတီကိုပဲ ထည့်မှာပေါ့။ သူတို့က မဲထည့်ခွင့်မပေးတော့ ကျွန်တော်တို့လည်းထည့်လို့မရတော့ဘူးပေါ့။ ကျွန်တော်တို့ လှေငယ်တွေ မြိတ်နယ်တစ်ဝိုက်မှာ အစင်းရေတစ်ထောင်ကျော်လောက်ရှိနိုင်တယ်။ အရင်ရွေး ကောက်ပွဲတုန်းက မဲထည့်ခွင့်ရတယ်။ အခုရွေးကောက်ပွဲအချိန်က ကျွန်တော်တို့ ပင်လယ်ထဲကို ထွက်ရမယ့်အချိန်ဖြစ်နေတော့ ကြိုတင်မဲမထည့်ရတော့ဘူး။ ကျွန်တော်တို့ လှေမထွက်ခင်မှာ ကြိုတင်မဲထည့်ခွင့်ရအောင် တောင်းဆိုချင်ပါတယ်” ဟု ကင်းမွန်မီးထွန်းလှေပဲ့နင်း ဦးထွန်းညွန့်က ပြောကြားသည်။

ရေလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရေလုပ်သားများကို မဲဆန္ဒနယ်များသို့ ပြန်လည်ပို့ဆောင်ရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။ ရေလုပ်သားများ ကြိုတင်မဲပေးခွင့် ရရန်အတွက် ရွေးကောက်ပွဲကာလမရောက် မီကတင်ပြထားသော်လည်း မည်သူမျှအရေး ယူဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

“တနင်္သာရီတိုင်းဒေသကြီးဟာ ရေလုပ်ငန်းကို အခြေပြုပြီး လုပ်ကိုင်တဲ့ဒေသဖြစ်တဲ့အတွက် ကျွန်တော်က အချက်အလက်နဲ့ပြောပြခဲ့တယ်။ ၀ါတန်း (၀ိုင်းချုပ်) တစ်စင်းမှာဆိုရင် ရေလုပ်သားကဘယ်လောက် ၀ါလတ် (တရွတ်ဆွဲ) မှာဆိုရင် ဘယ်လောက်ဆိုပြီးရှင်းပြခဲ့တယ်။ အဲဒီမဲတွေ မဆုံးရှုံးအောင် ဘယ်လို ဆောင်ရွက်ပေးမလဲ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီး ဒီလူတွေမဲထည့်နိုင်အောင် ကြိုတင်လုပ်ထားမှ မဲထည့်တဲ့အချိန်မှာ အခွင့်အရေးရမယ်။ ကိုယ်လိုချင်တဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ဖို့ မဲတစ်ပြားရဲ့တန်ဖိုးတွေကို ရေလုပ်သားတွေဆုံးရှုံးသွားပါပြီ” ဟု ကင်းမွန်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်က ဆိုသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်များအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး ရေလုပ်သားများကို ကြိုတင်မဲပေးခွင့် လုံးဝပြုမည်မဟုတ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ရေလုပ်သားတွေနှင့်ပတ်သက်ပြီး တာဝန်လည်းမယူဘူး။ လုပ်လည်း လုပ်မပေးနိုင်ဘူး။ ၈ ရက်နေ့မှာ မဲပေးနိုင်ရင် ပေးမပေးနိုင်ရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး ရေလုပ်သားတွေကို ကျွန်တော်တို့ လုံးဝခွင့်မပြုဘူး။ ဘာကြောင့်လဲဆိုတော့ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ မညီဘူးဖြစ်နေတယ်။ ကျွန်တော်တို့ လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ညွှန်ကြားချက်တွေ ပြဋ္ဌာန်းချက်တွေ အများကြီးရှိတယ်။ ဘယ်ရက်မှာမှ ကြိုတင်မဲပေးလို့မရပါဘူး။ မဲစာရင်းမှာပါလို့ ၈ ရက်နေ့မှာ မဲပေးနိုင်ရင် ပေး မပေးနိုင်ရင် မပေးနဲ့။ အဲဒီလိုပြတ်ပြတ်သားသား ဆုံးဖြတ်ထားတယ်။ လှေသားတွေ နဲ့ပတ်သက်ပြီး ပြောင်းလဲပေးထားတာ ကျွန်တော်တို့မှာ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ဆီမှာ မဲစာရင်းပါတဲ့ နိုင်ငံသားအားလုံးဟာ မဲပေးပိုင်ခွင့်အကုန်ရှိတယ်။ ကြိုတင်မဲပေးဖို့ဆိုရင် သတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေ၊ ညွှန်ကြားချက်တွေ အများကြီးရှိတယ်။ ရေလုပ်သားဆိုတဲ့ခေါင်းစဉ်နဲ့ တစ်ခုမှမပါဘူး။ ကြိုတင်မဲဆိုတဲ့ ခေါင်းစဉ်အောက်မှာပါရင် အကုန်ပေးနိုင်တယ်။ ရေလုပ်သားတွေဆိုတာက ကြိုတင်မဲပေးခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက် ထဲမှာမပါဘူး။ ကျွန်တော်ပြောချင်တာက အဲဒါပါပဲ” ဟု မြိတ်ခရိုင်ရွေးကောက်ပွဲကော်ရှင် အဖွဲ့(ခွဲ)အတွင်းရေးမှူး ဦးလှိုင်ဘွားက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းဝေးလှေကြီးပေါင်း တစ်ထောင်ကျော်ရှိကာ လှေတစ်စင်းတွင် ရေလုပ်သား ၂၀ ခန့်မှ ၄၀ ကျော်အထိ လုပ်ကိုင်လျက်ရှိသလို ကင်းမွန်နှင့် ကမ်းနီးလှေငယ်များလည်း ထောင်ချီရှိနေရာ သတ်မှတ်ရက်များတွင် မဲဆန္ဒနယ်သို့ မပြန်နိုင်ပါက ရေလုပ်သားသောင်းနှင့်ချီကာ မဲပေးခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK