Top News

ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် တိုက်ခိုက်နေသော အမုန်းစကားများကို လူတိုင်း၏ အသံဖြင့် ပံ့ပိုးဆန့်ကျင်ပေးသော ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀ ကမ်ပိန်း လှုပ်ရှားမှု တောင်ကြီးမြို့တွင် ပြုလုပ်
24htopnews | December 14, 2024 12:12 AM CST

ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပေါ် တိုက်ခိုက်နေသော အမုန်းစကားများကို လူတိုင်း၏ အသံဖြင့် ပံ့ပိုးဆန့်ကျင်ပေးသော ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀ ကမ်ပိန်း လှုပ်ရှားမှု တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ မြို့မစျေးနှင့် Taunggyi City Square ရှေ့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တို့တွင် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်း ၁၀ နာရီခွဲမှစတင်၍ တောင်ကြီးမြို့ပေါ် အရပ်ဘက် အဖွဲ့အစည်းများအားလုံး စုပေါင်း၍ ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀ ကမ်ပိန်းလှုပ်ရှားမှု စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀ ကမ်ပိန်း လှုပ်ရှားမှုမှာ တန်းတူညီမျှပါဝင်ဖို့ လျစ်လျူရှုသူမှ တာဝန်သိသူသို့ ဆိုသည့် အချက်များ၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် တိုက်ခိုက်နေသည့် အမုန်းများ အကြောင်းကို ပိုမိုလေ့လာပြီး ထိုသို့ ထိခိုက်စေသည့် အပြုအမူများ ထပ်မဖြစ်အောင် ကာကွယ်ကြစို့ ဆိုသော အချက်များ၊ တန်းတူညီမျှ ကိုယ်စားပြုနိုင်ဖို့ ဘာကြောင့် အရေးကြီးပါသလဲ ဆိုသည့်အချက်များ ပါဝင်သော လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း၊ လက်ဆေးရည်များကို လမ်းသွား လမ်းလာများကို ပေးဝေခဲ့ကာ၊ ခရမ်းရောင် စတစ်ကာ အဝိုင်းများကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်ရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။  မကြာခင်မှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်။ အမျိုးသားတွေထက် စာရင် အမျိုးသမီးတွေက ပိုပြီးတိုက်ခိုက်ခံရတယ်။ လူမှုကွန်ရက်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်ပေ့ါ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးတွေ စိတ်ဓာတ်ကျသွားတယ်။ ဘာမှမလုပ်ချင်တော့တဲ့ အခြေအနေမျိုးတွေ ဖြစ်တယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို ကျွန်မတို့ အသံတွေနဲ့ ပံ့ပိုးဖို့ဖြစ်တယ်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက သတင်းအမှားတွေ ဖြန့်ဝေကြတယ်။ နောက်ဆက်တွဲပြဿနာ အမုန်းပွားမှုတွေ ဖြစ်လာတယ်။ သတင်းအမှားတွေ မဖြန့်ဝေဖို့ အတွက်ကိုလညး် ရည်ရွယ်တယ်။ နောက်ပြီး သတင်းအတုအယောင်တွေကို သတိပြုမိနေအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အချက်အလက်တွေလည်း ဖြန့်ဝေပေးတယ်။ ကိုဗစ်ကာလလည်း ဖြစ်တဲ့အတွက် လက်ဆေးဖို့ မက်စ်တပ်ဖို့ လက်ကမ်းစာစောင် လေးတွေလည်း လုပ်ထားပါတယ်။ ပြီးရင် ဘက်စုံသုံး ဆပ်ပြာရည်လေးလည်း ပါတယ်။ အဓိကတော့ အမုန်းတရားတွေကို ရပ်တန့်ဖို့နဲ့ အမျိုးသမီးတွေကို အားပေးဖို့အတွက် ဒီအစီအစဉ်လေးကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု မြန်မာလူထု မဟာမိတ်အဖွဲ့ (ရှမ်းပြည်နယ်) မှ မမီမီသိန်းက ပြောကြားသည်။

တောင်ကြီးမြို့၊ မြို့မစျေး အနီးပတ်ဝန်းကျင်ပြီးနောက် မီးသွေးတန်း ပျံကျစျေးအနီး အောက်စျေးနှင့် မြို့တောင်ဘက်၊ မြောက်ဘက်များတွင်လည်း ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း အတုအယောင်များနှင့် ပတ်သက်၍ ခွဲခြားသိရှိနိုင်စေရန်အတွက် အချက်ရှစ်ချက်ကို ဖော်ပြထားသော လက်ကမ်းစာစောင်နှင့် COVID-19 ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်တို့ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီ နိုင်ငံရေးတွင် အမျိုးသမီး များ၏ ကိုယ်စားပြုမှုမှာ နည်းနေပြီး လက်ရှိ အမျိုးသားလွှတ်တော် နေရာ ၄၃၃ ခုတွင် အမျိုးသမီး ကိုယ်စားလှယ် ၄၄ ဦးသာပါဝင်ပြီး ပြည်သူ့လွှတ်တော်နေရာ ၂၂၄ ခုတွင် အမျိုး သမီး ကိုယ်စားလှယ် ၂၃ ဦးသာ ပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများ ဖြစ်သော်လည်း လွှတ်တော်အတွင်း အမျိုးသမီး ပါဝင်မှုမှာ လွှတ်တော်နှစ်ခုပေါင်းလျှင် ၁၀ ရာခိုင်နှုန်းခန့်သာ တွေ့ရပါကြောင်း၊ တစ်ကမ္ဘာလုံး၏ လွှတ်တော်အတွင်း ကျား-မ တန်းတူကိုယ်စားပြုမှုမှာ မြန်မာနိုင်ငံ၏ အဆင့်သည် အောက်ခြေနိုင်ငံ ၂၀ ရာခိုင်နှုန်းထဲတွင်သာ ရှိကြောင်း သိရသည်။

အမျိုးသမီးများ၏ စိတ်ဝင်စားမှု၊ ပြဿနာများနှင့် အမြင်များတို့သည် ဥပဒေများ ချမှတ်ချိန်တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များဘက်မှ အများသတိမပြုမိသော နိုင်ငံရေးခေါင်းစဉ်၊ မတူညီသော ဆွေးနွေးချက်၊ မတူညီသော ရှုထောင့်များအား မျှဝေဆွေးနွေး ပေးလာနိုင်ပါကြောင်း၊ အကယ်၍ လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကျော်သော အမျိုးသမီးများအတွက် လွှတ်တော်တွင် ကိုယ်စားပြုခွင့်မရလျှင် ဒီမိုကရေစီနိုင်ငံရေးနှင့် မကိုက်ညီပါကြောင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများမှာလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့် တန်းတူ အရည်အချင်းနှင့် အတွေ့အကြုံများ ရှိသောကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်နိုင်ပါကြောင်း၊ အမျိုးသမီးများ နိုင်ငံရေးကဏ္ဍ တန်းတူကိုယ်စားပြုနိုင်ဖို့ရာ ခွဲခြားဆက်ဆံမှုများသည် အကြီးမားဆုံး အဟန့်အတားဖြစ်ကြောင်း လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK