Top News

ကလေးဝမြို့နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအပေါ် အထင်အမြင်လွဲမှားစေရန် ဟောပြောထားသည့် အသံဖိုင်အား အသံချဲ့စက်ဖြင့် ဖွင့်သည်ဟုဆိုကာ ဒေသခံခုနစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ
24htopnews | December 14, 2024 12:12 AM CST

ကလေးဝမြို့နယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအပေါ် အထင်အမြင် လွဲမှားစေရန် ဟောပြောထားသည့် အသံဖိုင်အား အသံချဲ့စက်ဖြင့်ဖွင့်သည်ဟုဆိုကာ ဒေသခံခုနစ်ဦးကို ပုဒ်မ ၅၀၅  (ခ) ဖြင့် တရားစွဲထားကြောင်း ကလေးဝမြို့နယ် အုပ်ချုပ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်းတွင် နိုင်ငံတော် အစိုးရအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောထားသည့် အသံဖိုင်များကို အများပြည်သူ သိရှိစေရန် ဆောင်းဘောက် ၊ အသံချဲ့စက်တို့ ဖြင့် ဖွင့်လှစ်ခဲ့သည့် လူခုနစ်ဦးကို အောက်တိုဘာ ၂၈ ရက်က ကလေးဝမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက တရားလို ပြုလုပ်၍ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့သည်ဟု သိရသည် ။

“၅၀၅ (ခ)နဲ့တရားစွဲဆိုနိုင်ဖို့ အတွက် NLD ပါတီက ဥပဒေအထောက်အကူပြု အဖွဲ့ တင်လာလို့ စွဲထားတာရှိပါတယ် ။ ခုနစ်ဦးပါ။ ကလေးဝမြို့ အမှတ်(၃)ရပ်ကွက်က တစ်ဦးပါ။ သရက်တောကျေးရွာတစ်ဦး၊ သရက်တောကျေးရွာအုပ်စု ကြခတ်ချောင် ကျေးရွာက တစ်ဦး ၊ ယောစုအုပ်စု ယောစု ကျေးရွာတစ်ဦး၊ ကျွဲကူးကျေးရွာအုပ်စု ကျွဲကူးကျေးရွာက နှစ်ဦး၊ နန်ပင်ကျေးရွာအုပ်စု နန်းကလက်ကျေးရွာတစ်ဦး၊ အားလုံး ခုနစ် ဦးပါ ။ NLD ပါတီက တင်လာတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ အား ဂုဏ်သိက္ခာညိုးနွမ်းစေရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်၊ ရည်ရွယ်ချက်နဲ့ အသံဖိုင်ကို ရှယ်ပြီးတော့ ဆောင်းဘောက် တို့ အသံချဲ့စက်တို့နဲ့ ဖွင့်တယ်လို့ တင်လာပါ တယ်။ ကျွန်တော်ကတော့ တရားစွဲ တင်လိုက် ပါတယ် ။ မြို့နယ်တရားရုံးနဲ့ ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်တာပါ။ ဒီလိုတရားစွဲထားတာကလည်း ဒီခုနစ်ဦးပါ။ ကျန်တာတွေ မရှိပါဘူး” ဟု ကလေးဝမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက ပြောကြားသည်။

ကလေးဝမြို့နယ် NLD ပါတီ ဥပဒေ အထောက်အကူပြု အဖွဲ့၏တင်ပြချက်အရ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခွင့်ပြုရန် ခရိုင် စီမံခန့်ခွဲမှုကော်မတီနှင့် တိုင်းစီမံခန့်ခွဲမှု ကော်မတီကို ဆက်လက်တင်ပြခဲ့ကြောင်း၊ မြို့နယ်ဥပဒေအကြံပေးကို အကြံတောင်းပြီး ဆက်လက်ဆောင်ရွက်ရန် တိုင်းစီမံခန့်ခွဲ မှုကော်မတီက အကြောင်းပြန်လာသဖြင့် ဥပဒေအကြံပေးချက်အတိုင်း တရားစွဲဆိုခဲ့ကြောင်း  ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောကြားသည်။

“သူက Facebook ပေါ်မှာ ပြန့်နေတယ်။ ကလေးဝမြို့နယ်ကတော့ သော်ဇင်မင်းဆိုတဲ့ အကောင့်ကနေ ရှယ်တာပေါ့။ ငစိုင်းဆိုတဲ့  Facebook အကောင့်ကနေပြီး တော့ အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြောထားတဲ့ အသံဖိုင်တွေကို Bluetooth နဲ့ တွဲဖွင့်တဲ့ ဘောက်တွေနဲ့ ဖွင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က တရားစွဲထားပါတယ်။ ရဲက တော့ဖမ်းနေကြပါတယ်။ ဘယ်သူတွေ မိတယ်။ မမိသေးဘူးဆိုတာ ရဲစခန်းကမှ သိမယ်။ လူခုနစ်ယောက်ပါ” ဟု ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ ပြောကြားခဲ့သည်။

အဆိုပါ တရားစွဲဆိုထားသည့် လူခုနစ်ဦးအနက် လေးဦးကိုဖမ်းဆီးရမိပြီး တစ်ဦးမှာ ရဲစခန်းသို့ လာနေသည်ဟုသိရကာ နှစ်ဦးမှာ ခရီးလွန်နေ၍ ဖမ်းဆီးမရရှိသေးဟု ကလေးဝမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်စိုးက ပြောကြားသည်။

“နှစ်ယောက်လုံး ခရီးလွန်၊ တစ်ယောက်က တော်တော် ဝေးဝေးလွန် ၊ တစ်ယောက်က အနီးအနားပေါ့။ မြို့ပေါ်က တစ်ယောက်နဲ့ ရွာက တစ်ယောက် ကျန်ပါသေးတယ် ။ အမှု မဖွင့်ပါဘူး ။ တရားရုံးကို ဦးတိုက်လျှောက် တာပါ။ ကျွန်တော်တို့ ဖမ်းတာက ဖမ်းဝရမ်းအရ ဖမ်းတာပါ” ဟု ကလေးဝမြို့နယ် မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်စိုးက ပြောကြားသည်။

 


READ NEXT
Cancel OK