Top News

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဒဂုံမြို့နယ်တွင် ကြိုတင်မဲလာပေးစဉ် မဲရုံအနီး ဒေါ်အောင်ဆန်းစုကြည်ပုံ စတစ်ကာပါ ကားတစ်စီး ရပ်နားထားမှုအပေါ် PPP ပါတီ ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာတင်
24htopnews | December 14, 2024 12:12 AM CST

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဒဂုံမြို့နယ်တွင် ကြိုတင်မဲလာပေးစဉ် မဲရုံအနီး ဒေါ်အောင်ဆန်းစုကြည်ပုံ စတစ်ကာ ကပ်ထားသည့် ကားတစ်စီး ရပ်နားထားမှုနှင့် ပက်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်းက ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ နိုဝင်ဘာ ၂ ရက်က ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်းတွင် အသက် ၆၀ နှစ်အထက် ဆန္ဒမဲကောက်ယူမှုတွင် မဲရုံအနီးဝန်းကျင်၌ ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် Mazda ကား တစ်စီးရှိနေပြီး ယင်းသည် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁ (က)၊ (ခ)၊ (ဂ) တို့နှင့် ညိစွန်းပြီး ရွေးကောက်ပွဲ ညွှန်ကြားချက်များနှင့် ကိုက်ညီခြင်း မရှိဟု PPP ပါတီ ကိုယ်စားလှယ်လောင်း၏ ကန့်ကွက်လွှာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဒဂုံမြို့နယ်တွင် ကြိုတင်မဲလာပေးစဉ် မဲရုံအနီး ဒေါ်အောင်ဆန်းစုကြည်ပုံ စတစ်ကာကပ်ထားသည့် ကားတစ်စီး ရပ်နားထားမှုနှင့် ပက်သက်၍ ပြည်သူ့ရှေ့ ဆောင်ပါတီ ကိုယ်စားလှယ်လောင်းက ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ နိုဝင်ဘာ ၂ ရက်က ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။

“ဆန္ဒမဲပေးတဲ့ နေရာဝန်းကျင်မှာ ပါတီမဲဆွယ်တဲ့ဟာမျိုး အထိမ်းအမှတ် တံဆိပ်တွေ၊ ပုံရိပ်တွေထားလို့ မရဘူးဆိုတဲ့ ဥပဒေလေး ရှိလို့ပါ။ ဒါအရ ကန့်ကွက်တာပါ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသီဟဇော်လတ်က ပြောကြားသည်။

ထို့ပြင် မဲရုံအနီးတွင် ပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလ ရင်ထိုးတံဆိပ်မှအပ ပါတီအမှတ်အသား ပါသည့် သို့မဟုတ် မဲဆွယ်စည်းရုံးရာရောက်သည့် ဝတ်စားဆင်ယဉ်မှုနှင့် အဆောင်အယောင်များကို ခွင့်မပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း ၄င်း၏ ကန့်ကွက်လွှာတွင် ဖော်ပြထားသည်။

“အဓိကကတော့ ရွေ့လျားမဲရုံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီအထောက်အထားတွေ မရှိအောင် စီစဉ်ထားရမှာလေ” ဟု ဦးသီဟဇော်လတ်က ပြောကြားသည်။

အဆိုပါ ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲထံ ပေးပို့ပြီးနောက် မိတ္တူကို အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ယောမင်းကြီးရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ယောမင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လိပ်မူပေးပို့ကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၁ အရ မဲရုံအတွင်းနှင့် မဲရုံကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲမပေးရန် တိုက်တွန်းခြင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်၊ ဆန္ဒမဲမပေးရန် တိုက်တွန်းခွင့်မရှိပေ။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ကြိုတင်မဲပေးရန် စီစဉ်ထားသည့် နေရာအဆောက်အဦးသို့ လာရောက်ချိန်တွင် နိုင်ငံရေးပါတီ တံဆိပ်ပါ အဝတ်အစားများ၊ အသုံးအဆောင်များ ဝတ်ဆင်သုံးစွဲ၍ လာရောက်ခြင်းမပြုရန် အောက်တိုဘာ ၂၅ ရက်က အသိပေး ကြေညာထားသည်။

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီခန့်က ကြိုတင်မဲ လာရောက်ပေးခဲ့ပြီး ၄င်း မဲပေးသည့် မဲရုံနှင့် ကားရပ်ထားသောနေရာသည် ကိုက် ၅၀၀ ကွာဝေးခြင်း မရှိဟု PPP ပါတီ၏ ဒဂုံမြို့နယ် ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးဟန်နိုင်ဦးက ပြောကြားသည်။

“ကျွန်တော် တို့ကျတော့ အပြာရောင် Mask လေး တံဆိပ်တောင် မပါဘူး။ ဒါမျိုး မဝတ်ပါနဲ့ဆိုလို့ လဲခဲ့ရတဲ့ အခြေအနေရှိတယ်။ အသက် ၆၀ ကြိုတင်မဲတုန်းကလည်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက အလံ၊ တံဆိပ် စတစ်ကာပါတဲ့ကား အဲ့နားမှာ ရပ်ထားတာကို ဒီမှာမရပ်ပါနဲ့ဆိုပြီး ချက်ချင်း မောင်းထုတ်တယ်။ ရပ်၊ကျေး ကော်မရှင် တာဝန်ရှိသူတွေက မောင်းထုတ်တယ်။ ဒီနေ့ ဦးတင်မောင်ထွန်းလည်း လာရော ရဲမင်းဦးတို့ ဘာတို့က ဒီလိုဂိုရဲ့အနောက်မှာ အဲလိုမျိုးကားနားမှာလုပ်ပြီးတော့ ဒါကြီးက မဲဆွယ်သလို ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကန့်ကွက်လွှာတင်တာ။ ဥပဒေနဲ့လည်း မညီဘူး” ဟု ဦးဟန်နိုင်ဦးက ပြောကြားသည်။

PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကန့်ကွက်လွှာကို မရရှိသေးဟု ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ပြောကြားသည်။

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကြိုတင်မဲ လာပေးချိန်တွင် မဲပေးရအဆင်ပြေခြင်း ရှိ၊ မရ လိုက်ပါ ဆောင်ရွက်ပေးသည့်အတွက် ၄င်းကိုယ်တိုင် မဲရုံတွင် ရှိနေပြီး လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက် မဲလာပေးခြင်းကို ပါတီဝင် ကိုယ်စားလှယ်လောင်းများက ဝန်းရံခြင်းသာဖြစ်ပြီး မဲဆွယ်ခြင်း မဟုတ်ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။

“စိတ်ထင်တိုင်းတော့ မပြောကြပါနဲ့။ ဆိုလိုတာက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် မဲလာပေးရင် စစ်တပ်က အစောင့်တွေ လာမှာပဲ။ တိုင်းမှူးတို့ ဘာတို့ လာမှာပဲ။ အဲဒါဆိုရင် ဘာပြောမလဲ။ အဲသဘောပါပဲ။ အခု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မဲလာပေးတယ်။ မဲပေးတဲ့အတွက် သူ့ရဲ့ တပည့်တပန်းတွေဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးတို့ ဘာတို့ လာစောင့်ပြီးတော့ ဝန်းရံတယ်ပေ့ါလေ။ အဲဒါတော့ အန်ကယ်တို့ ဘာပြောလို့ရမလဲ။ အကြီးအကဲ တစ်ယောက်လာပြီး မဲပေးတာကို လိုအပ်တာ အခက်အခဲရှိမလား၊ ဘာညာဆိုပြီး လာလုပ်တဲ့ဟာ။ အန်ကယ်တို့ကတော့ အခက်အခဲ မရှိအောင်တော့ လုပ်ထားတာပဲ။ ဒါပေမဲ့ သူတို့ စိတ်ထဲမှာ အခက်အခဲများ ရှိနေမလားဆိုတဲ့ အတွေးနဲ့ ဘာကူညီရမလဲလို့ လာပြီးစောင့်တာလေ။ အဲသဘောပဲလို့ အန်ကယ်တို့မြင်ပါတယ်” ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။


READ NEXT
Cancel OK