ကမ္ဘာ့အကြီးဆုံး အမြဲတမ်းစစ်တပ်နှင့် ရေတပ်အင်အားကိုပိုင်ဆိုင်ထားသည့် တရုတ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ၎င်း၏စစ်ရေးအသုံးစရိတ်အား အကြီးမားဆုံးတိုးမြှင့်မှုကို ဖေဖော်ဝါရီ ၅ ရက်က ကြေညာခဲ့သည်။
တရုတ်အနေဖြင့် ၎င်း၏ကာကွယ်ရေးစွမ်းရည်ကို မည်သို့တည်ဆောက်ကာ မည်သို့သော စစ်ဘက်ဆိုင်ရာ အရေးကြီး ဆုံးဖြတ်ချက်များကို ချမှတ်နေပါသနည်း။
ကမ္ဘာ့အကြီးဆုံး စစ်တပ်
လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအင်စတီကျု(IISS)၏ အဆိုအရ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)တွင် လေ့ကျင့်ရေးပြည့်ဝသော အမျိုးသား၊ အမျိုးသမီး တမ်းပြည့်စစ်မှု ထမ်းအင်အား နှစ်သန်းကျော်ရှိပြီး ကမ္ဘာ့အကြီးဆုံး စစ်တပ်ဖြစ်သည်။
တရုတ်စစ်တပ်ကို ခြေလျင်တပ်ဖွဲ့ဝင် အင်အားအလုံးအရင်းဖြင့် အဓိကဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်အင်အား ၉၆၅,၀၀၀ ရှိကာ ရေတပ်တပ်ဖွဲ့ဝင်အင်အား ၂၆၀,၀၀၀ ရှိပြီး လေတပ်တပ်ဖွဲ့ဝင်အင်အား ၃၉၅,၀၀၀ ရှိသည်။ ထို့အပြင် မဟာဗျူဟာမြောက် ဒုံးလက်နက်တပ်ဖွဲ့တွင် အင်အား ၁၂၀,၀၀၀ နှင့် အကူတပ်ဖွဲ့ဝင်အင်အား ၅၀၀,၀၀၀ ရှိသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်သည် ၎င်း၏စစ်တပ်ကို စိစစ်လျှော့ချမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ခြေလျင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ နီးပါး လျှော့ချခဲ့ကာ ၎င်း၏စစ်တပ်ကို အဆင့်မြှင့်တင်တည်ဆောက်ရန် ဒေါ်လာဘီလျံပေါင်းများစွာ သုံးစွဲခဲ့သည်။
တရုတ်အနေဖြင့် ၂၀၃၅ ခုနှစ်အရောက်တွင် အဆိုပါအစီအစဉ်များကို အပြီးသတ်လုပ်ဆောင်ရန်နှင့် ၂၀၅၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားသောအင်အားကြီး အနောက်နိုင်ငံများ၏ စစ်တပ်များနှင့် ယှဉ်နိုင်စွမ်းရှိသည့် ကမ္ဘာ့အဆင့်မီ စစ်တပ်အသွင်သို့ ပြောင်းလဲနိုင်ရန် ရည်မှန်းထားသည်။
“တရုတ်ဟာ သူတို့ရဲ့စစ်တပ်ကို ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင် တည်ဆောက်နေပေမဲ့ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တပ်ရင်းတပ်ဖွဲ့တချို့ဟာ လေ့ကျင့်မှုနဲ့ လက်နက်တပ်ဆင်မှုအပိုင်းမှာ ကမ္ဘာ့အကောင်းဆုံးထဲမှာပါနေပေမဲ့ တခြားတပ်ရင်းတပ်ဖွဲ့တွေကတော့ ဆယ်စုနှစ်တွေနဲ့ ချီပြီး နောက်ကောက်ကျနေတုန်းမို့လို့ပါပဲ”ဟု လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ အင်စတီကျု၏ ဒါရိုက်တာဖြစ်သူ နစ်ကလက်စ် ဆွမ်စထရွမ်က ဆိုသည်။
ရေတပ်နှင့်လေတပ်အင်အား
စစ်သင်္ဘော အရေအတွက်အရ တရုတ်သည် ကမ္ဘာ့အကြီးဆုံး ရေတပ်ကိုပိုင်ဆိုင်ထားသော်လည်း ၎င်း၏ စစ်ရေယာဉ်စုတွင် ဖရီးဂိတ်အစောင့်လိုက် စစ်သင်္ဘောများနှင့် ကော်ဗက်စစ်သင်္ဘောများကဲ့သို့ အရွယ်အစား ပိုမိုသေးငယ်သည့် စစ်သင်္ဘောအများအပြား ပါဝင်နေသည်။
တရုတ်တွင် လေယာဉ်တင်သင်္ဘော သုံးစင်းရှိသော်လည်း နှစ်စင်းကိုသာ ခုတ်မောင်းအသုံးပြုနိုင်ပြီး တတိယမြောက် လေ ယာဉ်တင်သင်္ဘောမှာမူ စမ်းသပ်ဆဲအဆင့်၌သာ ရှိသေးသည်။ အမေရိကန်ပြည်ထောင်စုတွင် လေယာဉ်တင်သင်္ဘော ၁၁ စင်းအထိ ပိုင်ဆိုင်ထားသည်။
တရုတ်၏လေတပ်အင်အားသည် အနောက်နိုင်ငံများကို အချိန်တိုအတွင်း အမီလိုက်လာသည်ဟု ယမန်နှစ် နိုဝင်ဘာလတွင် ပင်တဂွန်က ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့သုံးနှစ်အတွင်း တရုတ်ရဲ့ J-16 နဲ့ J-20 ဂျက်တိုက်လေယာဉ်တွေကို နှစ်စဉ်ထုတ်လုပ်မှုနှုန်းဟာ နှစ်ဆအထိမြင့် တက်လာဖွယ်ရှိတယ်”ဟု IISS ၏ လေ့လာဆန်းစစ်မှုအရ သိရသည်။
ပြည်ပစစ်အခြေစိုက်စခန်းများ
တရုတ်တွင် ပြည်ပစစ်အခြေစိုက်စခန်းတစ်ခုသာရှိပြီး ဂျီဘီတူနိုင်ငံတွင်ထားရှိခြင်းဖြစ်ကာ အာဖရိကဦးချိုဒေသအနီးတွင် ကျင်လည်နေသည့် ပင်လယ်ဓားပြများရန်မှ အရပ်ဘက် သယ်ယူပို့ဆောင်ရေးသင်္ဘောများကို ကာကွယ်ပေးရန်ဖြစ်ကြောင်း တရုတ်က ပြောကြားထားသည်။
တရုတ်သည် ကမ္ဘောဒီးယား၏ ရီယမ်ရေတပ်အခြေစိုက်စခန်းကိုလည်း အဆင့်မြှင့်တင် တည်ဆောက်ပေးနေပြီး ၎င်းအခြေစိုက် စခန်းတွင် တရုတ်တပ်ဖွဲ့ဝင်များလာရောက် အခြေစိုက်ခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။
ရီယမ် ရေတပ်အခြေစိုက်စခန်းသည် ထိုင်းပင်လယ်ကွေ့၏ မဟာဗျူဟာကျသောနေရာတွင် တည်ရှိသဖြင့် နယ်နိမိတ် အငြင်းပွားမှုများ အပြင်းအထန်ဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာ အဓိကရေလမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ရာတွင် အသင့်ဖြစ်စေမည်ဖြစ်သည်။
သို့ရာတွင် တရုတ်စစ်တပ်သည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်များတွင် ပါဝင်ထမ်းဆောင်မှု နည်းပါးနေပြီး ဆူဒန်၊မာလီနှင့် လက်ဘနွန်ကဲ့သို့သော နိုင်ငံအချို့တွင်သာ အဆိုပါမစ်ရှင်များကို ထမ်းဆောင်နေသည်။
ရှီ၏ စစ်တပ်
သမ္မတရှီကျင်းပင်သည် ၂၀၁၈ ခုနှစ်တွင် သမ္မတရာထူးသက်တမ်း ကန့်သတ်ချက်များကို ပယ်ဖျက်ခဲ့ပြီးနောက် အကန့်အသတ်မရှိ အာဏာဆုပ်ကိုင်ခွင့် ရရှိခဲ့ပြီးနောက်တွင် စစ်တပ်အားတင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အမျိုးသားကာကွယ်ရေး ဥပဒေကိုပြင်ဆင်ကာ ကာကွယ်ရေးဆိုင်ရာ စစ်စည်းရုံးခြင်းအတွက် ရှီ ဦးဆောင် သည့် ဗဟိုစစ်ကော်မရှင်ကို အပြည့်အဝတာဝန်အပ်နှင်းခဲ့သည်။
သို့ဖြစ်ရာ တရုတ်၏ အဓိကအုပ်ချုပ်ရေး အာဏာပိုင်ဖြစ်သော နိုင်ငံတော်ကောင်စီသည် စစ်ဘက်ဆိုင်ရာ တပ်ဖြန့်ချထားမှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များတွင် ပြောရေးဆိုခွင့်မရှိသည့် သဘောလည်းဖြစ်သည်။
ဗဟိုစစ်ကော်မရှင်သည် ၂၀၂၂ ခုနှစ် မတ်လ နောက်ပိုင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများကို စီမံကြီးကြပ်သည့် တာဝန်ကိုလည်းရယူခဲ့သည်။ သို့ရာတွင် တရုတ်စစ်တပ်၏ စစ်ဆင်ရေးစွမ်းရည်သည် လေ့ကျင့်ရေးနှင့် မူဝါဒပိုင်းပြဿနာများကြောင့် အဟန့်အတားများ ရှိနေဆဲဖြစ်သည်ဟု IISS က ဆိုသည်။
နျူကလီးယားလက်နက်နှင့် ဟိုက်ပါဆောနစ်ဒုံးကျည်
တရုတ်တွင် ဒုံးလက်နက်အရေအတွက် အများအပြားရှိနေကာ နျူကလီးယားလက်နက်များကို သယ်ဆောင်နိုင်သည့် စတဲ့သ် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များအပြင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကိုလည်း ပိုင်ဆိုင်ထားသည်။
တရုတ်တွင် နျူကလီးယားထိပ်ဖူး အရေအတွက် ၃၅၀ ခန့်ရှိကာ ယင်းသည် အမေရိကန် ပြည်ထောင်စု၏ နျူထိပ်ဖူးအရေအတွက် ၅,၄၂၈ ခု၊ ရုရှား၏ နျူထိပ်ဖူးအရေအတွက် ၅,၉၇၇ တို့နှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသည်ဟု စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနသိပ္ပံ (SIPRI) က ဆိုသည်။
၂၀၃၅ ခုနှစ်အရောက်တွင် တရုတ်၏နျူကလီးယားထိပ်ဖူး အရေအတွက်သည် ၁,၅၀၀ ခန့်အထိ တိုးလာဖွယ်ရှိသည်ဟု ပင် တဂွန်က ယမန်နှစ်တွင် ပြောကြားခဲ့သည်။
တရုတ်က ကမ္ဘာကိုလှည့်ပတ်ပျံသန်းခဲ့သည့် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော ဟိုက်ပါဆောနစ် ဒုံးကျည်ကို ၂၀၂၁ ခုနှစ် သြဂုတ်လက စမ်းသပ်နိုင်ခဲ့ခြင်းသည်လည်း အမေရိကန်ထောက်လှမ်းရေးကို အံ့အားသင့်စေခဲ့သည်။ တရုတ်သည် နျူကလီးယားလက်နက်များကို မိမိက စတင်အသုံးမပြုရေးဟူသည့် မူဝါဒကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားသည်။
လာမည့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု တရုတ်က ဖေဖော်ဝါရီ ၅ ရက်တွင် ကြေညာခဲ့သည်။ တရုတ်အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို ရှစ်နှစ်ဆက်တိုက် ကိန်းဂဏန်းတစ်လုံး ရာခိုင်နှုန်း တိုးမြှင့်ခြင်းဖြစ်ကာ ကမ္ဘာပေါ်တွင် စစ်အသုံးစရိတ် ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၃ ခုနှစ် အတွက် ယွမ် ၁ ဒသမ ၅ ထရီလျံ (ဒေါ်လာ ၂၂၄ ဘီလျံ) အသုံးပြုခွင့် ရရှိမည်ဖြစ်ကာ ၂၀၁၃ ခုနှစ်ကထက် နှစ်ဆခန့်တိုးလာခြင်း လည်းဖြစ်သည်။
တရုတ်အမျိုးသား ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး၌ အစီရင်ခံတင်ပြရာတွင် ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ၎င်းတို့၏ နိုင်ငံရေးသစ္စာစောင့်သိမှုကို မြှင့်တင်ရန်နှင့် ပြုပြင်ပြောင်းလဲမှု၊ သိပ္ပံနှင့်နည်း ပညာတိုးတက်မှု၊ လေ့ကျင့်မှုတို့မှတစ်ဆင့် အင်အားတောင့်တင်းအောင် လုပ်ဆောင်ရန်အရှိန်မြှင့် ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတော် ကာကွယ်ရေးအတွက် ကြီးမားသော တိုးတက်အောင်မြင်မှုများနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ကို ပိုမိုခေတ်မီပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသော စစ်တပ်အဖြစ် တည်ဆောက်နေသည့် စစ်ဘက်ဆိုင်ရာ တိုးတက်မှုများကိုလည်း လီက ထည့်သွင်းပြောဆိုခဲ့သည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၂၁ ဘဏ္ဍာနှစ်တွင် တရုတ်သည် နိုင်ငံ့ဂျီဒီပီ၏ ၁ ဒသမ ၇ ရာခိုင်နှုန်းကို ၎င်း၏စစ်တပ်အတွက် အသုံးပြုခဲ့ပြီး ပင်လယ်ရပ်ခြားတွင် ထမ်းဆောင်ရန် တာဝန်အများအပြားရှိနေသော အမေရိကန်ကမူ ၃ ဒသမ ၅ ရာခိုင်နှုန်း အသုံးပြုခဲ့သည်။
တရုတ်က ၎င်း၏စစ်တပ်ကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှုများကြောင့် ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေပြီး ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားသည်။
သို့ဖြစ်ရာ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များနှင့် J-16 တိုက်လေယာဉ်များအပါအဝင် စစ်လက်နက်များကို အမေရိကန်က ထိုင်ဝမ်ကျွန်းအား ပုံမှန်ရောင်းချပေးလျက်ရှိသည်။ ထိုင်ဝမ်သည်လည်း စစ်မှုမထမ်းမနေရ ကာလကိုလေးလမှ တစ်နှစ်သို့တိုးမြှင့်ခြင်းနှင့် ရေငုပ်သင်္ဘောများ တည်ဆောက် ခြင်း အပါအဝင် စစ်လက်နက်များအား မိမိဘာသာ ထုတ်လုပ်ခြင်းတို့ကို အခိုင်အမာလုပ်ဆောင်နေသည်။
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုခဲ့ရာတွင် တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ် အရေးကို ဖြေရှင်းရန် ပါတီ၏ကျယ်ပြန့်သော ခေတ်သစ်မူဝါဒအတိုင်း ကျင့်သုံးလိုက်နာပြီး ခွဲထွက်ရေးဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ကြားဝင်စွက်ဖက်မှုများကို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ Ref: AFP,AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
