Top News

■ အက်သလက်တီကို အားကစားဒါရိုက်တာ အန်ဒရီယာဘာတာအား မန်ယူအသင်း စိတ်ဝင်စား     
24htopnews | December 13, 2024 7:12 PM CST

မန်ယူနိုက်တက်အသင်းသည် အသင်းမှ ထွက်ခွာသွားခဲ့သည့် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝါ့သ်နေရာတွင် အစားထိုးရန်အတွက် လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်း၏ အားကစားဒါရိုက်တာ အန်ဒရီယာဘာတာအား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

    

အသက် (၅၂) နှစ်အရွယ်ရှိ အန်ဒရီယာဘာတာသည် လာလီဂါပြိုင်ပွဲတွင် နာမည်ကျော် အားကစားဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး ထိပ်တန်းကစားသမားကောင်းများစွာကို စင်တင်မွေးထုတ်ပေးခဲ့သူလည်းဖြစ်သည်။ 

အန်ဒရီယာဘာတာသည် အက်သလက်တီကိုမက်ဒရစ်အသင်းတွင် နည်းစနစ်ဒါရိုက်တာရာထူးဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး (၄)နှစ် ကြာကာလအတွင်းတွင် အက်သလက်တီကိုမက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်သို့ (၂) ကြိမ်တိုင် တက်ရောက်နိုင်ခဲ့သည်။ 

ယင်းနောက်တွင် နည်းစနစ်ဒါရိုက်တာရာထူးမှ အားကစားဒါရိုက်တာရာထူးကို ၂၀၁၇ ခုနှစ်တွင် စတင်ပြောင်းလဲတာဝန်ယူခဲ့သည်။

    

ဘာတာသည် အက်သလက်တီကိုမက်ဒရစ်အသင်း ၏ အားကစားဒါရိုက်တာရာထူးကို ရယူခဲ့ပြီးနောက် ထိပ်တန်းအပြောင်းအရွှေ့များစွာကို ပြုလုပ်နိုင်ခဲ့ပြီး Globe Soccer Awards က ပေးအပ်သည့် တစ်နှစ်တာအတွင်း အကောင်းဆုံးအားကစားဒါရိုက်တာဆုကို ၂၀၁၉ ခုနှစ်က ရရှိခဲ့သူလည်း ဖြစ်သည်။

    

အက်သလက်တီကိုမက်ဒရစ်အသင်းသည် အန်ဒရီယာဘာတာ၏ ဦးဆောင်မှုအောက်တွင် ဒေးဗစ်ဗီလာကို ဘာစီလိုနာအသင်းထံမှ ခေါ်ယူခဲ့ပြီးနောက် ဒေးဗစ်ဗီလာနှင့် ဒီယေဂိုကော်စတာတိုက်စစ်အတွဲ၏ ဦးဆောင်မှုဖြင့် ၁၉၉၆ ခုနှစ် နောက်ပိုင်း လာလီဂါအမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့သည်။ 

ဒေးဗစ်ဗီလာအပြင် အခြားထိပ်တန်းကစားသမားများစွာကိုလည်း ခေါ်ယူခဲ့ပြီး မထင်မရှား ကစားသမားဘဝမှ ၎င်း စင်တင်မွေးထုတ်ပေးနို်င်ခဲ့သည့် ကစားသမားများထဲတွင် အိုဘလက်ခ်၊ ဂရီးဇ်မန်း၊ ကာရက်စ်ကို၊ ဒိုင်ယိုဂိုဂျိုတာ၊ ရိုဒရီနှင့် မားကို့စ်လော်ရန်တေးတို့ကဲ့သို့ ကစားသမားများလည်း ပါဝင်ခဲ့ပြီး ရိုဒရီသည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ပြီးနောက် Ballon d'Or ဆုရှင် ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ 


READ NEXT
Cancel OK