Top News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများလုပ်ကိုင်ရန် ထိုင်းနိုင်ငံ NEDA ထံမှ ဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု
24htopnews | December 13, 2024 5:12 PM CST

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများလုပ်ကိုင်ရန် ထိုင်းနိုင်ငံ NEDA ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးငွေရယူရန် ပြည်ထောင်စု လွှတ်တော်အတည်ပြုခဲ့သည်။

မေ ၁၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံ NEDA ထံမှ ထိုင်းဘတ် ၁၄၅ ၈ ဒသမ ၂၄၈ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းမှုများပြုလုပ်ပြီးနောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါချေးငွေများဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်စေရေးစီမံကိန်းများနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ မီးသုံးစွဲသူပြည်သူများနှင့် စက်မှုဇုန်များသို့ လျှပ်စစ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ နောင်တွင်တိုးတက်လာမည့် အိမ်ထောင်စုများ၊ တိုးချဲ့လာမည့် စီမံကိန်းများ၊ စက်မှုဇုန်များ စသည်တို့အား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဓာတ်အားခွဲရုံများတည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ဘဏ္ဍာရန်ပုံငွေဖြင့်  တည်ဆောက်သွားရန် လျာထားကြောင်း လွှတ်တော်၌ ပြောကြားခဲ့သည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ထိုင်းအကြံပေးအဖွဲ့များ၏ စာရင်းကို NEDA ထံမှ ပထမဦး စွာတောင်းခံခြင်း၊ NEDA ထံမှ စာရင်းပြုစုပေးခြင်း၊ မြန်မာနိုင်ငံ၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထိုင်းအကြံပေးအဖွဲ့များသို့ အဆိုပြုလွှာများ တင်သွင်းရန်ဖိတ်ခေါ်ခြင်း၊ ထိုင်းအကြံပေးအဖွဲ့များမှ တင်ပြလာသည့် အဆိုပြုလွှာများကို တင်ဒါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကသာ စိစစ်ရွေးချယ်ခြင်း နှင့် ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအရ  NEDA ထံမှ အတည်ပြုနိုင်ရန် သဘောထားတောင်းခံခြင်းများ အဆင့်ဆင့်ဆောင်ရွက်မည်ဖြစ်ပြီး အရည်အသွေး နှင့်ကုန်ကျစရိတ်အပေါ် အခြေခံ၍ ရွေးချယ်ခြင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကန်ထရိုက်တာရွေးချယ်ခြင်း လုပ်ငန်းစဉ်သည်လည်း အကြံပေးရွေးချယ်ခြင်းလုပ်ငန်းစဉ်အတိုင်းဖြစ်ကြောင်း၊ ယှဉ်ပြိုင် ရွေးချယ်ခြင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအရ ပစ္စည်းဝယ်ယူတပ်ဆင်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် စုစုပေါင်းစာချုပ်တန်ဖိုး၏  ရာခိုင်နှုန်း ၅၀ ထက်မနည်းဘဲ ထိုင်းနိုင်ငံမှပစ္စည်းနှင့် ဝန်ဆောင်မှုကို အသုံးပြုရန်ဖြစ်ကြောင်း၊ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းဆောင်ရွက်စဉ်ကပင် စီမံ ကိန်း၌ အသုံးပြုမည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံနှင့် အခြားတတိယနိုင်ငံများမှ ပစ္စည်းများဝယ်ယူခြင်းနှင့်ဝန်ဆောင်မှု လုပ်ငန်းများအတွက်ကိုပါ တစ်ပါတည်း ထည့်သွင်းတွက်ချက် စဉ်းစားလျာထားကြောင်း၊ ဝန်ဆောင်မှုကို ရွေးချယ်ရာ၌ဖြစ်စေ၊ ပစ္စည်းရွေးချယ်ဝယ်ယူရာ၌ဖြစ်စေ Ownership မှာ မြန်မာနိုင်ငံဖြစ်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကသာ အဓိက ရွေးချယ်ဆုံးဖြတ်ခွင့် အပြည့်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ယင်းချေးငွေနှင့်ပတ်သက်၍ ထောက်ခံသည့် ကိုယ်စားလှယ်ဦးရေ များသည့်အတွက် ချေးငွေရယူရန်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

 


READ NEXT
Cancel OK