Top News

မြန်မာတပ်မတော်နှင့် စီးပွားရေးဆက်ဆံမှု ဖြတ်တောက်ရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက တောင်းဆို
24htopnews | December 13, 2024 5:12 PM CST

ကမ္ဘာကြီးအနေဖြင့် မြန်မာတပ်မတော်အား ဘဏ္ဍာရေးနှင့် အခြားထောက်ပံ့မှုများ  ပြုလုပ်နေခြင်းကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂမစ်ရှင်အဖွဲ့က ဘင်္ဂါလီမွတ်စလင်များကို နှိပ်ကွပ်ခဲ့မှုအတွက် မြန်မာထိပ်တန်းဗိုလ်ချုပ်များကို တရားစွဲဆိုရန်လည်း ထပ်မံတောင်းဆိုခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဘင်္ဂါလီမွတ်စလင်အကြမ်းဖက်သမားများက ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာတပ်မတော်၏ စစ်ဆင်ရေးတစ်ရပ်အတွင်း ရခိုင်ပြည်နယ်မှ လူပေါင်း ၇၃၀,၀၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတ်ဖြတ်ခြင်း၊ ၀ိုင်းဖွဲ့မုဒိမ်းကျင့်ခြင်းနှင့် မီးရှို့ခြင်းများကို ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။

စွပ်စွဲမှုအများစုနှင့် ကုလသမဂ္ဂက ခန့်ထားသည့်အဖွဲ့က မြန်မာတပ်မတော်အရာရှိများသည် ဘင်္ဂါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့သည်ဟူသည့် အစီရင်ခံမှုများကို မြန်မာနိုင်ငံက ပယ်ချခဲ့သည်။

သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေနှင့် မစ်ရှင်အဖွဲ့ဝင် ခရစ္စတိုဖာစီဒိုတီက မြန်မာနိုင်ငံသည် အကျပ်အတည်းကို ဖြေရှင်းရန်နှင့် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေး အနေအထားကို ကောင်းမွန်အောင် ဆောင်ရွက်ရန် ကြိုးစားနေသည့် အထောက်အထားကို တွေ့ရှိရခြင်း မရှိဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက ကျွမ်းကျင်သူများ နိုင်ငံအတွင်းသို့ ဝင်ရောက်လေ့လာခြင်းကို ပိတ်ပင်ထားသော်လည်း ကုလသမဂ္ဂမစ်ရှင်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများအပါအဝင် သက်ဆိုင်ရာ ဒေသအတွင်းသို့ ယခုလအစောပိုင်း၌ သွားရောက်ခဲ့သည်။

“အတိတ်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကြောင့် ဘယ်သူတွေနဲ့ ဘာကိုပစ်မှတ်ထားရ မလဲဆိုတာကို ဖော်ထုတ်ဖို့ မြန်မာတပ်မတော်နဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဆက်ဆံမှုတွေအပေါ် အာရုံစိုက်ရမှာဖြစ်ပါတယ်” ဟု စီဒိုတီက ပြောကြားခဲ့သည်။

“ဖိအားတိုးမြှင့်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို လျှော့ချဖို့နည်းလမ်းအဖြစ် ငွေကြေးထောက်ပ့ံမှုကို ဖြတ်တောက်ရေးအားထုတ်မှုတွေကို ကူညီရမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂမစ်ရှင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် မည်သည့်နိုင်ငံများဟူ၍ အမည်တပ်ဖော်ပြထားခြင်းမရှိပေ။  သို့သော် မြန်မာတပ်မတော်သည် တရုတ်နှင့် ရုရှားနိုင်ငံတို့ မှနေ၍ လက်နက်များဝယ်ယူနေကြောင်း သိရသည်။ အနောက်နိုင်ငံအများအပြားကမူ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ပတ်သက်သည့် သင်တန်းပေးနေသည့် အစီအစဉ်များကို ရပ်ဆိုင်းထားပြီး လက်နက်တင်သွင်းမှုကို ပိတ်ပင်ထားသည်။

ဘင်္ဂါလီမွတ်စလင်များအပေါ်နှင့် မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များနှင့် ပဋိပက္ခများ၌ စစ်ဘက်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများကို  စုံစမ်းစစ်ဆေးရန်အတွက် ၂၀၁၇ ခုနှစ် မတ်၌ ဂျီနီဗာတွင် လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ကို မြန်မာနိုင်ငံက ပယ်ချထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ မှတ်ချက်တောင်းခံခဲ့သော်လည်း ယခုအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ထွန်းထွန်းညီက သက်သေအထောက်အထားရှိသည့် စွပ်စွဲမှုများနှင့်ပတ်သက်၍ တပ်မတော်က စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု ပြောကြားထားသော်လည်း ကုလသမဂ္ဂမစ်ရှင်အဖွဲ့က တပ်ဖွဲ့ဝင်များအပေါ် မှားယွင်းသော စွပ်စွဲမှုပြုလုပ်သည်ဆိုခြင်းကို ပယ်ချခဲ့သည်။

Ref ; Reuters


READ NEXT
Cancel OK