စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နယ် နောင်ပိုအောင်ကျေးရွာနှင့် ဆပ်ကယား ကျေးရွာကြားရှိ နမ်ထိုင်ကွန်း ချောင်းကူးတံတား မပြုပြင်နိုင်သေးသဖြင့် ဒေသခံများ သွားလာရ ခက်ခဲနေကြောင်း သိရသည်။
နမ်ထိုင်ကွန်း ချောင်းကူးတံတားသည် ဒေသခံများက ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့သော သစ်သားကြိုးတံတားဖြစ်ပြီး ယခင်နှစ် မိုးရာသီတွင် ရေကြီးနစ်မြုပ်ပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ကာ ယခုအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် သွားလာရ ခက်ခဲနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“မနှစ်က မိုးရာသီရေကြီးတော့ ချောင်းရေတိုက်စားပြီး တံတားက အိကျသွားတာ။ နောက်ပြီး နည်းနည်း စောင်းသွားတယ်။ ဖြစ်ခါစက အခုထက် ပိုဆိုးတယ်။ အဲဒါပြန်ပြင်ပြီး ဆက်သုံးနေကြတာ။ တံတားက ကိုယ်ထူကိုယ်ထ သစ်သားကြိုးတံတားပါ။ ရွာသားတွေ စုပေါင်းပြီး ဆောက်ထားကြတာ။ ရွာသားတွေ ကိုယ့်ဘာသာ ဆောက်တာဆိုတော့ သိပ်ပြီးတော့လည်း နည်းစနစ်မကျဘူးပေါ့။ တံတား အဲဒီလို ဖြစ်နေပေမဲ့ တခြားတံတား မရှိလို့သာ ဆက်သုံးနေကြရ၊ ဖြတ်နေရတာ အရမ်းအန္တရာယ်ကြီးတယ်။ အခုလို မဖြစ်ခင်ကတော့ သုံးဘီးတွေပါ ဖြတ်လို့ရပေမဲ့ အခုတော့ ဆိုင်ကယ်တွေတောင် ဖြတ်မောင်းလို့ အဆင်မပြေဘူး။ ဆင်းပြီးတွန်းရတယ်။ ကျွန်တော်တို့ ရွာဘက်ကနေ နောင်ပိုအောင်ရွာဘက်ကို သွားလို့ရတာလည်း အဲဒီတံတားကို ဖြတ်ရတဲ့လမ်း တစ်လမ်းပဲရှိတယ်။ တခြားလမ်းလွှဲလည်း မရှိဘူး။ ဒီဘက်ကရွာတွေ အကုန်လုံးကလည်း စျေးရောင်းစျေးဝယ်ကအစ ကျန်းမာရေး၊ ပညာရေး အကုန်လုံး နောင်ပိုအောင်ရွာကိုပဲ အားထားနေရတော့ နောင်ပိုအောင်ဘက် သွားတဲ့အခါတိုင်း အဲဒီတံတားကိုပဲ မသုံးမဖြစ် ဆက်ပြီးသုံးနေရတာ။ မိုးမကျခင် ပြန်မပြင် နိုင်ရင်တော့ ပိုဆိုးသွားလိမ့်မယ်” ဟု ဆပ်ကယား ရွာသားတစ်ဦးက ပြောကြားသည်။
နမ်ထိုင်ကွန်း ချောင်းကူးတံတားအား သံမဏိ ကြိုးတံတားအဖြစ် အသစ်ပြန်လည် ဆောက်လုပ်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြထားကြောင်း ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်၏ ပြောကြားချက်အရ သိရသည်။
“တံတားအသစ် ပြန်ဆောက်ပေးဖို့ လွှတ်တော်မှာ တင်ပြတော့ နတလ ညွှန်မှူးကိုယ်တိုင် မနေ့က သွားကြည့်တယ်လို့ သိရတယ်။ သွားကြည့်တော့ ပြဿနာက တံတားအဟောင်းက စောင်းစောင်းကြီး ဖြစ်နေတာလေ။ ချောင်းရဲ့ ကမ်းနှစ်ဖက်ကို ထောင့်မှန်ကျကျ တည့်တည့်ဆောက်ရမှာလေ။ အဲဒီတော့ အသစ်ပြန်ဆောက်ရင် လမ်းကြောင်းက ပြောင်းသွား၊ နေရာပြောင်းသွားပြီး လယ်ကွက်ထဲ ရောက်သွားမှာ။ ဒီတော့ အဲဒီလယ်ကွက်ပိုင်ရှင် လယ်သမားတွေနဲ့ ညှိလို့ရမှပဲ ပြန်ဆောက်လို့ရမယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုတော့ လယ်သမားတွေနဲ့ ညှိခိုင်းထားတယ်။ ညှိတာအဆင်ပြေရင် ချက်ချင်းဆောက်လို့ရတယ်။ ညှိတာအဆင်မပြေရင်တော့ ကြာဦးမှာ” ဟု ဦးကျော်ဌေးလွင်က ပြောကြားသည်။
နမ်ထိုင်ကွန်း ချောင်းကူးတံတားသည် ဆပ်ကယား ကျေးရွာအုပ်စုနှင့် အော်သော်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ သွားလာအသုံးပြုနေကြသော တံတားဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
