Top News

အင်းစိန်မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ယာဉ်ကို YBS ယာဉ်က နောက်က ဝင်တိုက်ရာမှ ယာဉ်ခြောက်စီး ဆင့်တိုက်မိပြီး ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရ
24htopnews | December 13, 2024 5:12 PM CST

အင်းစိန်မြို့နယ်တွင် YBS ယာဉ်တစ်စီးက ယာဉ်ထိန်းရဲတပ်ဖွဲ့ယာဉ် တစ်စီးကို နောက်ကဝင်တိုက်ရာမှ ယာဉ်ခြောက်စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မေ ၁၄ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ မေ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အင်းစိန်မြို့နယ် အင်းစိန်လမ်းမကြီးအတိုင်း ဘီအိုစီဘက်မှ သမိုင်လမ်းဆုံဘက်သို့ မောင်းနှင်လာသည့် YBS ၂၁ ယာဉ်တစ်စီးသည် ဘီအိုစီမှတ်တိုင် အရောက်တွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရေးအဖွဲ့ (ရန်ကုန်) ရဲတပ်ကြပ်ကြီး ယဉ်ထွေး (၄၃နှစ်) မောင်းနှင်သည့် ရဲတပ်ဖွဲ့ပိုင် Town Ace ယာဉ်ကို နောက်မှ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ အနောက်မှ ဝင်တိုက်ခံရသည့် အရှိန်ကြောင့် ရဲတပ်ဖွဲ့ပိုင်ယာဉ်မှာ ၎င်းရှေ့မှ မောင်းနှင်နေကြသည့် လှိုင်မြို့နယ်နေ ယာဉ်မောင်းကို.... ၏ Caldina ယာဉ်တစ်စီး၊ ပြင်ဦးလွင်မြို့နေ ကို.... မောင်းနှင်သည့် Caldina ယာဉ်တစ်စီး၊ အခြား Caldina ယာဉ်တစ်စီးနှင့် Rosa ယာဉ်တစ်စီးတို့ကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် ယာဉ်ထိန်းရဲယာဉ်ပေါ်ပါ ရဲအုပ်တစ်ဦး၏ ညာလက်၊ ပေါင်တို့တွင် ဖူးရောင်ဒဏ်ရာများ၊ ရဲတပ်ကြပ်ကြီးယဉ်ထွေး အပါအဝင် ရဲတပ်ဖွဲ့ဝင်ငါးဦးမှာ နောက်စေ့၊ ညာဘက်နံဘေးတို့တွင် နာကျင်ဒဏ်ရာများ ရရှိကာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်မှ YBS ယာဉ်မောင်းဖြစ်သည့် နေမင်းခိုင်ဆိုသူကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

 


READ NEXT
Cancel OK