Top News

■ ဆာမတ်ဘတ်စ်ဘီနှင့် ဖာဂူဆန်တို့၏နောက် ပထမဆုံးဥရောပပြိုင်ပွဲနှစ်ပွဲဆက် အနိုင်ရရှိသည့် တတိယမြောက်မန်ယူနည်းပြအဖြစ် အာမိုရင်မ် မှတ်တမ်းဝင်     
24htopnews | December 13, 2024 4:12 PM CST

မန်ယူအသင်း၏နည်းပြ အာမိုရင်မ်သည် ဂန္ထဝင်နည်းပြများဖြစ်သော ဆာမတ်ဘတ်စ်ဘီနှင့် ဖာဂူဆန်တို့၏နောက် ပထမဆုံးဥရောပပြိုင်ပွဲနှစ်ပွဲဆက် အနိုင်ရရှိသည့် တတိယမြောက်မန်ယူနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရ သည်။

    

အာမိုရင်မ်သည် မန်ယူအသင်းကို နိုဝင်ဘာ(၁၁)တွင် စတင်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်၌ ပြိုင်ပွဲစုံ(၆)ပွဲ ကိုင်တွယ်ထားပြီးဖြစ်သည်။ 

၎င်းအနေဖြင့် အဆိုပါ(၆)ပွဲတွင် (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံးခဲ့သောကြောင့် ပရိသတ်များ မျှော်လင့်ထားသလောက် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့သော်လည်း ထူးခြားသည့် စံချိန်မှတ်တမ်းတစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

အာမိုရင်မ်သည် ယူရိုပါလိဂ်ပွဲစဉ်နှစ်ပွဲတွင် ဘိုဒယ်ဂလင့်အသင်းကို (၃-၂)ဂိုး၊ ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းကို (၂-၁)ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် မန်ယူနည်းပြဘဝပွဲဦးထွက်တွင် ပထမဆုံးဥရောပပြိုင်ပွဲနှစ်ပွဲဆက် အနိုင်ရရှိသည့် တတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ယခုကဲ့သို့ နှစ်ပွဲဆက်အနိုင်ရရှိခဲ့သည့်အတွက် ရှုံးထွက်(၁၆)သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိရန် ပိုမိုအခြေအနေကောင်းသွားခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်းသည် လက်ကျန်နှစ်ပွဲတွင် ရိန်းဂျားစ်အသင်းနှင့် အိမ်ကွင်း၊ စတူအာဘူခါရက်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

    

ဗစ်တိုးရီးယားပယ်လ်ဇန်နှင့်ပွဲတွင် မန်ယူအသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကို ရပ်ရှ်ဖို့ဒ်နေရာ လူစားဝင်ကစားသည့် ဟွိုင်လန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ရပ်ရှ်ဖို့ဒ်အနေဖြင့် ဖိအားများနှင့် ပိုမိုရင်ဆိုင်ခဲ့ရသည်။ 

မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်၏ ခြေစွမ်းကို အားရကျေနပ်ခြင်းမရှိတော့သည့်အတွက် ရောင်းထုတ်ရန် စီစဉ်နေပြီဖြစ်ရာ ကမ်းလှမ်းမှု များကို လက်ခံစဉ်းစားသွားမည်ဖြစ်ပြီး ပေါင်သန်း(၄၀)ဝန်းကျင်ရရှိပါက ရောင်းထုတ်ရန် စျေးနှုန်းသတ်မှတ်ထားပြီဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။


READ NEXT
Cancel OK