Top News

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ သမဝါယမပိုင်ဆိုင်သည့် သာမိုင်းခမ်း ဟော်ကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်
24htopnews | December 13, 2024 3:12 PM CST

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် တည်ရှိသော သမဝါယမ ပိုင်သော သာမိုင်းခမ်း ဟော် ကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြို့နယ် သမဝါယမ အသင်းစု (လီမိတက်) ၏ အသင်းပိုင် နှစ် (၃၀) မြေငှားဂရမ် ရှိ အောင်ပန်းမြို့၊ လက်မပင် ရပ်ကွက်၊ ဆရာစံလမ်း နှင့် ဆရာခေါင် လမ်းထောင့် ဦးပိုင် အမှတ်(၂) ၊ မြေကွက်၊ အမှတ်(၆) ၊ မြေဧရိယာ ၀ ဒဿမ ၆၀၆ ဧက အနက် မှ မြေဧရိယာ ၀ ဒဿမ ၄၃၉ ဧက နှင့် ၎င်း မြေပေါ်ရှိ သွပ်မိုး ၊ သစ်ကာ၊ သစ်ခင်း၊ ပျဉ်ထောင် ၂ ထပ် အိမ်ဟော် အဆောက်အအုံ (၅၂ ပေ ၊ ၅၂ ပေ၊ ၁၉ ပေ) သွပ်မိုး ၊ အုပ်ကာ၊ အင်္ဂတေခင်း ၊ နံကပ် တစ်ထပ် ဂိုထောင် အဆောက်အအုံ (၁၀၀ ပေ၊ ၃၆ ပေ၊ ၁၂ ပေ) ၊ သွပ်မိုး၊ အုတ်ကာ၊ အထပ်သားခင်း၊ နံကပ် ၂ ထပ် အသင်းစုရုံး အဆောက်အအုံ (၆၀ ပေ ၊ ၆၀ ပေ ၊ ၂၀ ပေ) သွပ်မိုး၊ အုပ်ကာ၊ အင်္ဂတေခင်း၊ နံကပ် တစ်ထပ် ဝန်ထမ်း အဆောက်အအုံ (၄၀ ပေ ၊ ၂၀ ပေ ၊ ၁၂ ပေ) အပါအဝင် အကျိုးခံစားခွင့် အရပ်ရပ် ကို အိတ်ပိတ်လေလံ စနစ် ဖြင့် ရောင်းချမည် ဖြစ်ကြောင်း မြို့နယ်သမဝါယမ အသင်းစု လီမိတက်၊ အောင်ပန်းမြို့ မှ လေလံလျှောက်လွှာ ခေါ်ယူထားခြင်း ဖြစ်သည်။

လေလံလျှောက်လွှာကို အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး၊ လေလံလျှောက်လွှာရောင်းချမည့်နေရာမှာ ဆရာစံလမ်း၊ လက်မပင် ရပ်ကွက် ၊ အောင်ပန်းမြို့တွင် ဖြစ်ကြောင်း လေလံတင် ထုခွဲရောင်းချရေးအဖွဲ့ထံမှ သိရသည်။

    အဆိုပါ သာမိုင်းခမ်း ဟော် ကို ၁၉၆၂ ခုနှစ်တွင် အသက်သာဆုံးနှုန်းထားဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သာမိုင်းခမ်း စော်ဘွား၏ မြေးတော်စပ်သူ ဦးစဝ်သာဦးက ပြောကြားသည်။

    " ၁၉၆၂ ခုနှစ် အစိုးရလက်ထက်တွင် သာမိုင်းခမ်းဟော်ကို ပြည်သူပိုင်သိမ်းမည်ဟု အတွင်းသတင်းရခဲ့ရာ တင်းနစ်ကွင်းအပါအဝင် ကျယ်ဝန်းလှသော ဟော်ခြံမြေကို အသက်သာဆုံးဈေးနှုန်းဖြင့် အောင်ပန်းလလသသသို့ ရောင်းချလွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်. . . ခြံဝန်းအား အစိတ်အပိုင်းများခွဲကာ ပြန်လည်ရောင်းချခဲ့ကြသော်လည်း ဟော်အဆောက်အဦးအား ထိန်းသိမ်းပြုပြင်စောင့်ရှောက်နိုင်မှုအားနဲခဲ့ပါသည်။ ယခု လေလံတင်မည့် အကြောင်းကြား သိရ၍ စိတ်မကောင်းခြင်းဖြစ်ရရုံမှတပါး (ဝယ်ယူပြင်ဆင်ရန် ကမ်းလှမ်းခဲ့ဘူးသော်လည်း ခေါ်ဈေးကို လိုက်နိုင်ခြင်းမရှိ၍ နောက်ဆုတ်ခဲ့ရပါသည်" ဟု ဦးစဝ်သာဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

သာမိုင်းခမ်းကျေးရွာသည် အောင်ပန်းမြို့၏ မူလအစကျေးရွာဟောင်းတစ်ခုဖြစ်ပြီး သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုး လက်ထက်တွင် အောင်ပန်းမြို့ကွက်ချပေးခဲ့သဖြင့် အောင်ပန်းမြို့ဖြစ်လာသည်ဟု စာပေမှတ်တမ်း များတွင် ဖော်ပြထားသည်။


READ NEXT
Cancel OK