Top News

စစ်ကိုင်း၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ညအပူချိန်များ လျော့နည်းနိုင်
24htopnews | December 13, 2024 3:12 PM CST

စစ်ကိုင်း၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ညအပူချိန်များ လျော့နည်းနိုင်ကြောင်း နိုဝင်ဘာ ၁ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေခြင်းကြောင့် နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် သုံးပေမှ ခြောက်ပေခန့်ရှိနိုင်ကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက နေပြည်တော်တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင်  နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

ညအပူချိန်များမှာ ချင်းပြည်နယ်တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ငါးဒီဂရီစင်တီဂရိတ်၊ တွန်းဇံမြို့နှင့် တီးတိန်မြို့တို့တွင် ၁၁ ဒီဂရီစင်တီဂရိတ်စီနှင့် မိုင်းယန်းမြို့တွင် ၁၂ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဟင်္သာတမြို့တွင် ၁ ဒသမ ၂၆ လက်မ၊ လယ်ဝေးမြို့တွင် ၁ ဒသမ ၀၂ လက်မ၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)တွင် သုည ဒသမ ၉၈ လက်မ၊ ဟဲဟိုးမြို့တွင် သုည ဒသမ ၉၅ လက်မ၊ သံတွဲမြို့တွင် သုည ဒသမ ၇၁ လက်မနှင့် ပြင်ဦးလွင်မြို့နှင့် မြန်အောင်မြို့တို့တွင် သုည ဒသမ ၄၇ လက်မစီတို့ဖြစ်ကြကြောင်း သိရသည်။


READ NEXT
Cancel OK