Top News

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ပြင်းထန်လေထုညစ်ညမ်းမှုအခြေအနေနှင့် ကြုံတွေ့နေရ
24htopnews | December 13, 2024 3:12 PM CST

တရုတ်နိုင်ငံမြောက်ပိုင်းတစ်ဝန်းတွင်  အညိုရောင်မီးခိုးငွေ့များ ဖုံးလွှမ်းနေသောကြောင့် လူပေါင်းသန်းချီသည် အောက်တိုဘာ ၃၁ ရက်တွင် ပြင်းထန်လေထုညစ်ညမ်းမှုသတိ ပေးချက်အောက်ရောက်ရှိနေပြီး အာဏာပိုင် များက ပြင်ပလှုပ်ရှားမှုများကို လျှော့ချရန်တိုက်တွန်းခဲ့သည်။

လူပေါင်း သန်း ၁၀၀ ကျော်နေထိုင်သော တရုတ်နိုင်ငံမြောက်ပိုင်း ပေကျင်း-တီအန် ကျင်း-ဟီဘေးဒေသတစ်ဝန်းရှိ နေရာအများအပြားတွင် လပေါင်းများစွာအတွင်း အဆိုးရွားဆုံး လေထုညစ်ညမ်းမှုအချို့ကို ကြုံတွေ့ခံစားနေရသည်။

ပေကျင်းမြို့တော်တွင် အာဏာပိုင်များက အောက်တိုဘာ ၃၀ ရက်တွင် နိုင်ငံ၏ဒုတိယအမြင့်ဆုံး လေထုညစ်ညမ်းမှုသတိပေးချက်ဖြစ်သည့် လိမ္မော်ရောင်သတိပေးချက်ကို ထုတ်ပြန်ထားသည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်က မီးခိုးမြူတွေ ပိုများလာပါတယ်။ ဒါတွေက တကယ်သက်ရောက်မှုရှိနေတယ်”ဟု အသက် ၂၇ နှစ်အရွယ် ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် ဖူဒါလင်က ဆိုသည်။

“မီးခိုးတွေက အရမ်းပိတ်မှောင်နေတဲ့အတွက် ကျွန်တော် အပြင်ဘက်မှာ ပုံမှန်အတိုင်းအပြေးလေ့ကျင့်ခန်း မလုပ်နိုင်တော့ဘဲ အိမ်ထဲမှာပဲ နေရတော့မယ်”ဟု ပေကျင်းမြို့လယ် ခေါင်တွင်နေထိုင်သည့် ဖူဒါလင်က ဆိုသည်။

ပေကျင်းတွင်နေထိုင်သည့် နောက်ထပ်ဒေသခံတစ်ဦးဖြစ်သူ ရှူဂန်းယင်းက လေထုညစ်ညမ်းမှုကြောင့် ၎င်း၏ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများ ရပ်တန့်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ လိုအပ်တယ်ဆိုရင်အပြင်ထွက်နေရတာပါပဲ။ ပြင်ပလေ့ကျင့်ခန်းလုပ်တာတွေကိုပဲ ရှောင်ရတာပေါ့”ဟု ၎င်းက ဆိုသည်။

လူဦးရေသိပ်သည်းသည့် ဟီဘေးပြည်နယ်ရှိ နေရာအများအပြားတွင် အာဏာပိုင်များက ၎င်း၏ အမြင့်ဆုံးအနီရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။

လေထုအရည်အသွေးစောင့်ကြည့်ရေးကုမ္ပဏီ IQAir ၏ စာရင်း၌ ပေကျင်းသည် ကမ္ဘာပေါ်တွင် ငါးခုမြောက် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်သည်ဟု အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြထားသည်။

အာဏာပိုင်များက ဒေသခံများကို ပြင်ပသွားလာမှုများနှင့် ပြင်ပတွင်အားသွန်ခွန်စိုက်ပြုလုပ်ရသည့် လေ့ကျင့်ခန်းများကို မလုပ်ဆောင်ရန် တိုက်တွန်းထားသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

လမ်းမများတွင် ဆောက်လုပ်ရေးနှင့် မော်တော်ယာဉ်သွားလာမှုအရေအတွက်ကိုလည်း ကန့်သတ်ခဲ့သည်။

ဟီဘေးပြည်နယ်၏ နေရာအများအပြားတွင် မီးခိုးမြူအခြေအနေသည် အမြင်အာရုံကို မီတာ ၅၀ အောက်အကွာအထိ လျှော့ချခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပေကျင်းမြို့တော်တောင်ပိုင်း တီအန်ကျင်းမြို့အနီးတစ်ဝိုက်တွင် မိုးလေဝသဗျူရိုက နေအိမ်ပြင်ပထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် မဖြစ်မနေထွက်ရမည်ဆိုလျှင် နှာခေါင်းစည်းများတပ်ဆင်ကြရန် အကြံပြုထားသည်။

တရုတ်သည် အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့သည့်အချိန်ကတည်းက ပေကျင်းမြို့တော်၏ လေထုအရည်အသွေးသည် တိုးတက်ကောင်းမွန်ခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စံနှုန်းများအောက် များစွာလျော့ကျနေသေးသည်ဟု သိရသည်။

Ref: AFP


READ NEXT
Cancel OK