Top News

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သိန္နီ၊ မိုးကုတ်နှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိလာကြောင်း သိရ
24htopnews | December 13, 2024 3:12 PM CST

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သိန္နီ၊ မိုးကုတ်နှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိလာကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၁ ရက်အထိ ငါးရက်အတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော် ရှိလာခြင်းလည်းဖြစ်သည်။

လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်း ၁၃ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၆၄၅၅ ဦး၊ ကွတ်ခိုင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်၊ ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၄၄၆ ဦး၊ သိန္နီမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်၊ မိုးကုတ်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၅၀ နှင့်  မူဆယ်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂၀ ရှိပြီး စုစုပေါင်းစစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်ရှိကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

ထို့ပြင် မန်တုံမြို့နယ် မိုင်းဘော်တွင် ဒေသခံ ၁၀၀ ကျော်နှင့် ကွတ်ခိုင်မြို့နယ် မုံးကိုးနှင့် မုံးစီးအကြားတွင် ဒေသခံ ၃၀၀ ကျော် ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ငါးရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ကလေးငယ်ငါးဦး အပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

လက်တလောအခြေအနေတွင် စစ်ဘေးရှောင်များအတွက် အစားအသောက်၊ ဆေးဝါးများ၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်နှင့် အဝတ်အစားများအပြင် အမျိုးသမီးနှင့်ကလေးသူငယ်များ၏ အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK