Top News

တရုတ် ICBC ဘဏ်(ရန်ကုန်ဘဏ်ခွဲ)က  မြန််မာ နိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ယွမ်ငွေပေးချေမှုစနစ်(CIPS) စတင် လုပ်ဆောင်
24htopnews | December 13, 2024 3:12 PM CST

တရုတ် ICBC ဘဏ်(ရန်ကုန်ဘဏ်ခွဲ)က မြန််မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ယွမ်ငွေပေးချေမှုစနစ်(CIPS)စတင်လုပ် ဆောင်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုစနစ် (CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး ICBC ရန်ကုန်ဘဏ်ခွဲ အမှုဆောင်အရာရှိချုပ် (CEO) Mr Liu Ming၊ CITIC Group (Myanmar) Co.,Ltd မန်နေးဂျင်းဒါရိုက်တာ Mr. Liang Chuanxin ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ် အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်နှင့် မြန်မာနိုင်ငံဘဏ္ဍာရေးလောက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သံအမတ်ကြီး Mr. Chen Hai က  ၂၀၂၁ ခုနှစ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့် နယ်စပ်ကုန်သွယ်ရေးကို စာရင်းရှင်းလင်းသည့်စနစ် စတင်ထူထောင်ပြီးနောက် CIPS စနစ်ကို မြန်မာနိုင်ငံ၌ စတင်အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့်ပူးပေါင်းဆောင်ရွက်မှုတွင် ရရှိသည့် နောက်တစ်ခုအရေးပါတိုးတက်မှုဖြစ်ကာ ယွမ်ငွေကို မြန်မာနိုင်ငံ၌အသုံးပြုခြင်းကို ပိုမိုတိုးတက်မှုအား ကိုယ်စားပြုနေကြောင်း၊ နှစ်နိုင်ငံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရေးနှင့် တရုတ်-မြန်မာကုန်သွယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အကျိုးရှိကြောင်း၊ တရုတ်-မြန်မာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကလည်း အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်၏ သဘောတူညီချက်ရလဒ်များကို အတူတကွကြိုးပမ်းဖော်ဆောင်ကာ CIPS ဘဏ္ဍာရေးဝန်ဆောင်မှုကို ကောင်းမွန်စွာအသုံးပြု၍ ငွေကြေးဆိုင်ရာ ပေါင်းစပ်ပါဝင်မှုကိုမြှင့်တင်ပြီး နှစ်နိုင်ငံစီးပွားရေး အပြန်အလှန်အကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်သွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် CIPS စနစ်အား မြန်မာနိုင်ငံ၌ စတင်အသုံးပြုခြင်းကို အလွန်အလေးထားကြောင်း၊ ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ်ပါဝင်ခြင်းသည် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများက မိမိနိုင်ငံ၌ပင် CIPS တစ်ကမ္ဘာလုံးစာရင်းရှင်းလင်းမှုကွန်ရက်အား တိုက်ရိုက်အဆင်ပြေထိရောက်စွာ ပါဝင်နိုင်ခြင်းကို ဆိုလိုနေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနိုင်ငံဖြစ်ကြောင်း၊ CIPS စနစ်နှင့်ချိတ်ဆက်ခြင်းသည် မြန်မာ-တရုတ် နှစ်ဖက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်၍ သက်ဆိုင်ရာဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း မြန်မာ-တရုတ်ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်နက်ရှိုင်းရှိုင်း လက်တွေ့ကျကျဆောင်ရွက်ရန် ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာလုပ်ငန်းနယ်ပယ်မှကိုယ်စားလှယ်များက CIPS စနစ်အား မြန်မာနိုင်ငံတွင်စတင် အသုံးပြုခြင်းအခွင့်အလမ်းဖြင့် တရုတ်-မြန်မာဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်ဝင်ရောက်သွားရန် မျှော်လင့်ကြောင်း ပြောကြားကြသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်နှင့် အောင်မြင်စွာချိတ်ဆက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး CIPS တိုက်ရိုက်ဘဏ်အဖွဲ့ဝင်အနေဖြင့် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။


READ NEXT
Cancel OK