Top News

လောင်းကစားစပွန်ဆာများကို ဗြိတိန်အစိုးရက ပြန်လည်ဆန်းစစ်နေပြီး ပိတ်ပင်မှုများရှိလာပါက ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ်၌ ဝင်ငွေထိခိုက်ဖွယ်ရှိ
24htopnews | December 13, 2024 10:12 AM CST

ဗြိတိန်အစိုးရ တာဝန်ရှိသူများသည် လောင်းကစားကုမ္ပဏီများက စပွန်ဆာပေးခြင်းကို ပြန်လည်ဆန်းစစ်သုံးသပ်လျက်ရှိနေပြီး အကယ်၍ အင်္ဂလန်ဘောလုံးလောကတွင် လောင်းကစားစပွန်ဆာများကို ပိတ်ပင်တားဆီးမှုများပြုလုပ်လာခဲ့ပါက ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများအနေဖြင့် ဝင် ငွေများစွာ ထိခိုက်နစ်နာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

ဗြိတိန်အစိုးရက ရွေးချယ်တာဝန်ပေးအပ်ထားသော ကော်မတီအဖွဲ့တစ်ဖွဲ့သည် လောင်းကစားစျေးကွက်ကြီးထွားလာခြင်းနှင့် လောင်းကစားကြောင့် ပြည်သူများဆုံးရှုံးမှုကြီးမားလာခြင်းကို ကာကွယ်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ လောင်းကစားလုပ်ငန်းများအား ယခုနှစ်စပိုင်းမှစတင်၍ ပြန်လည်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်လျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း လောင်းကစားပြုလုပ်သူများ(ထိုးသားများ)ဆုံးရှုံးခဲ့သည့် ငွေကြေးစုစုပေါင်းမှာ ပေါင်(၁၄.၄)ဘီလီယံ(ပေါင် သန်း ၁၄၄၀၀)အထိ မြင့်တက်လာခြင်းကြောင့် လက်ရှိလောင်းကစားဥပဒေများကို ပြန်လည်ပြင်ဆင်တင်းကျပ်ရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိနေသည်။

အွန်လိုင်းတွင် နည်းပညာပိုင်းအသုံးပြု၍ လောင်းကစားစျေးကွက်ကြီးထွားအောင် ပြုလုပ်ခြင်းများရှိလာသည့်အတွက် အများပြည်သူကို ကာကွယ်ပေးနိုင်မည့် လောင်းကစားဥပဒေသစ် ပေါ်ထွက်လာစေရန်အတွက် ၂၀၀၅ ခုနှစ် လောင်းကစားဥပဒေကို ပြန်လည်ပြုပြင်မွမ်းမံဖြည့်စွက်ရန် တာဝန်ရှိသူများက ဆန်းစစ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လောင်းကစားကုမ္ပဏီများက အားကစားလောကတွင် စပွန်ဆာပေးခြင်းနှင့် ကြော်ငြာခြင်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ(၈) ရက်နေ့မှစ၍ ကော်မတီတာဝန်ရှိသူများက ပြန်လည်သုံးသပ်နေပြီး အကယ်၍ တားဆီးပိတ်ပင်မှုများရှိလာပါက ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ်ကလပ်အသင်းအချို့၏ ဝင်ငွေများမှာ ထိခိုက်နစ်နာမှုများ ရှိလာမည်ဖြစ်သည်။

လက်ရှိတွင် ပရီးမီးယားလိဂ်အသင်း (၂၀)ထဲမှ (၈)သင်းမှာ ၎င်းတို့၏အကျႌရင်ဘတ်စပွန်ဆာအဖြစ် လောင်းကစားကုမ္ပဏီများနှင့် လက်တွဲထားကြသည်။

အချို့သောကလပ်အသင်းများမှာ လောင်းကစားကုမ္ပဏီများနှင့် အကျႌရင်ဘတ်စပွန်ဆာစာချုပ်များ ချုပ်ဆိုထားခြင်းမရှိသော်လည်း အကျႌလက်မောင်းစပွန်ဆာ (သို့မဟုတ်)လေ့ကျင့်ရေးဝတ်စုံစပွန်ဆာစာချုပ်များ ချုပ်ဆိုထားပြီး ကလပ်အသင်းများ၏ အိမ်ကွင်းများတွင်လည်း ကြော်ငြာဆိုင်းဘုတ်များဖြင့် လောင်းကစားကုမ္ပဏီများ၏ အမှတ်တံဆိပ်များကို ကြော်ငြာပေးလျက်ရှိနေကြသည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် လောင်းကစားကုမ္ပဏီများထံမှ တစ်နှစ်လျှင်စပွန်ဆာဝင်ငွေ စုစုပေါင်း ပေါင်သန်း (၇၀)ခန့်ရရှိနေကြောင်း သိရှိရသည်။

ထို့အတူ လိဂ်ချန်ပီယံရှစ်ကလပ်အသင်း အတော်များများမှာလည်း လောင်းကစားကုမ္ပဏီများနှင့် အကျႌရင်ဘတ်စပွန်ဆာစာချုပ်များအပါအဝင် စပွန်ဆာစာချုပ်များချုပ်ဆိုထားကြပြီး တစ်နှစ်လျှင် ဝင်ငွေပေါင် သန်း(၄၀)ခန့် ရရှိနေသည်။

လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လောင်းကစားကုမ္ပဏီများနှင့် လုံးလုံးလျားလျားအဆက်အသွယ်မရှိသည့် အသင်းဟူ၍ (၃)သင်း(ချယ်လ်ဆီး၊ လီဗာပူးလ်၊ ရှက်ဖီးယူနိုက်တက်)သာရှိပြီး လိဂ်ချန်ပီယံရှစ်၌လည်း ကလပ်အသင်း (၃)ပုံ (၂)ပုံမှာ လောင်းကစားကုမ္ပဏီများနှင့် အကျႌရင်ဘတ်စပွန်ဆာစာချုပ်များ ချုပ်ဆိုထားကြကြောင်း သိရှိရသည်။


READ NEXT
Cancel OK