Top News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့လို ဖြစ်လိုပါက ဗင်နီစီယပ်စ်အနေဖြင့် ၎င်း၏စိတ်ထားကို ပြုပြင်ရန်လိုအပ်ကြောင်း ခီဒီရာ မှတ်ချက်ပြု
24htopnews | December 12, 2024 7:12 PM CST

ရီးယဲလ်ကွင်းလယ်ကစားသမားဟောင်း ခီဒီရာက ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အနေဖြင့် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့လို ကြီးကျယ်ခမ်းနားသည့် ကစားသမားဖြစ်လိုပါက ၎င်း၏ စိတ်ထားကို ပြုပြင်ရန်လိုအပ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

အသက် (၂၄) နှစ်အရွယ် ဗင်နီစီယပ်စ်သည် မော်ဒန်ဘောလုံးလောကတွင် အကောင်းဆုံးတိုက်စစ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရထားသူဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၃ -၂၄ ရာသီ ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများကို ရယူခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သည်။

ထို့ ကြောင့် ဗင်နီစီယပ်စ်သည် ၂၀၂၄ Ballon d'Or ဆုကို ရရှိရန် ထိပ်ဆုံးမှ ရေပန်းစားခဲ့ပြီး အဆိုပါဆုကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ ရရှိခဲ့သဖြင့် အငြင်းပွားစရာ ဖြစ်ခဲ့သည်။

ဗင်နီစီယပ်စ်သည် ကွင်းအတွင်းတွင် မကြာခဏဆိုသလို ခံစားချက်ကို ထုတ်ပြတတ်သူဖြစ်သည်။

ဗင်နီစီယပ်စ်သည် ပွဲအတွင်း ပြိုင်ဘက်ကစားသမားများကို မလေးမစား ဆက်ဆံတတ်သလို၊ တစ်ခါတစ်ရံ ဒိုင်လူကြီးများကိုလည်း မလေးမစားဆက်ဆံလေ့ရှိသူဖြစ်သည်။

ထို့ကြောင့် ရီးယဲလ်ဂန္ထဝင် မီယာတိုဗစ်က ဗင်နီစီယပ်စ်အား ၎င်း၏အပြုအမူများကို ထိန်းသိမ်းရန် ဝေဖန်ခဲ့ဖူးသည်။

ယခုအခါ ရီးယဲလ်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ခီဒီရာကပါ ဗင်နီစီယပ်စ်အနေဖြင့် ကြီးကျယ်ခမ်းနားသည့် ကစားသမားဖြစ်လိုပါက စိတ်ထားကို ပြုပြင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ခီဒီရာက ''ဗင်နီစီယပ်စ်က ပွဲအဖြေကို ပြောင်းလဲနိုင်သူပါ။ ရီးယဲလ်အသင်း ရုန်းကန်နေရချိန်မှာ ဗင်နီစီယပ်စ်က အဖြေရှာပေးနိုင်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုပြောရမယ်ဆိုရင် သူ့ရဲ့စိတ်ထားပါ။ ဗင်နီစီယပ်စ်ကို ကြည့်ရတာ တစ်ခါတလေ အရမ်းဒေါသထွက်နေသလိုပါပဲ။ စီရော်နယ်လ်ဒိုလည်း ငယ်ငယ်တုန်းက အဲဒီအတိုင်းပါပဲ။ ဒါပေမဲ့ သူက အလျင်အမြန်ပဲ အဲဒီစိတ်ထားကို ပြောင်းလဲခဲ့တယ်။ ဗင်နီစီယပ်စ်အနေနဲ့ မက်ဆီ၊ စီရော်နယ်လ်ဒို၊ ဇီဒန်း၊ ဇာဗီတို့လို ဖြစ်ချင်ရင် ပြိုင်ဘက်တွေနဲ့ ဒိုင်လူကြီးတွေကို လေးစားမှုထားဖို့ လိုပါတယ်။ သူ့ အနေနဲ့ အဲဒါကို ပြောင်းလဲရပါမယ်။ ဒါပေမဲ့ ဘောလုံးစွမ်းဆောင်မှုတစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ အခုအချိန်မှာ ဗင်နီစီယပ်စ်က နံပါတ် (၁) ပါ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK