မြိတ်ကျွန်းစုအတွင်း လုပ်ကိုင်နေသည့် ပုလဲမွေးမြူရေး လုပ်ငန်းများအနေဖြင့် ဒေသခံ တိုင်းရင်းသားများ၏ ရေချို လိုအပ်ချက်၊ အသက်မွေးဝမ်းကျောင်းမှုကို နားလည်ပေးရန် လိုအပ်သလို ခရီးသွား လုပ်ငန်းများနှင့် သဟဇာတဖြစ်ရန် အရေးကြီးကြောင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောကြား ခဲ့သည်။ မြိတ်ကျွန်းစုအတွင်း ပုလဲမွေးမြူ ထုတ်လုပ်ခြင်းကို လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီတချို့မှာ ဒေသခံများမှ ကျွန်းပေါ်သို့ ရေချို လာရောက်ခပ်ယူခြင်းကို တားမြစ်နေခြင်း၊ ကျွန်းများအနီးမှ ဖြတ်သန်း သွားလာသည့် တံငါသည်လှေငယ်များကို ဖမ်းဆီးကာ ငါးဖမ်းပိုက်များ မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒီဇင်ဘာ ၆ ရက်က ကျွန်းစုမြို့နယ်တွင် ပြုလုပ်သည့် အဏ္ဏဝါ ပုလဲကုမ္ပဏီ၏ ပတ်ဝန်းကျင်နှင့် လူမှုအကျိုး သက်ရောက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်မအနေနဲ့ ပြောရရင် အခု ဒုံးညောင်းမှိုင်းမှာ ဖြစ်နေတာတွေရှိတယ်။ ပုလဲမွေးမြူရေးနှင့် ပတ်သက်ပြီး ဆလုံလူမျိုး တွေက ကျွန်းတွေမှာ ရေချို ဝင်ခပ်လို့ မရတော့ဘူးဆိုပြီး ကျွန်းတွေက ပြန်လာရင် ကျွန်မတို့ကို တင်ပြကြတယ်။ အရင်တုန်းက မိဘမျိုးရိုး အစဉ်အဆက် ကျွန်းတွေမှာ ပငိုလေးတွေ လိုက်ခွာကြတယ်။ အခုတော့ ပငိုလေးတွေလည်း ခွာယူခွင့် မရတော့ဘူး လို့ပြောကြပါတယ်။ နှစ်ခုစလုံးကလည်း ကောင်းကျိုးတွေ ရှိနေတော့ ခက်နေတယ်။ ခရီးသွား လုပ်ငန်းအနေနဲ့ ကျွန်မတို့ရွာမှာ စီးပွားရေး လုပ်ငန်းတွေကို မျှမျှတတ ရှိစေချင်တယ်။ ဒုံးညောင်းမှိုင်းက ဆလုံတိုင်းရင်းသားတွေ အနေနဲ့လည်း ပုလဲလုပ်ငန်းတွေ ရှိနေတဲ့ ကျွန်းတွေမှာ ပငိုတွေကို ထုခွာပေးစေချင်တယ်။ ရေသယံဇာတတွေလည်း နည်းလာတယ်။ အခုဆိုရင် စီးပွားရေးတွေလည်း ဆုတ်ယုတ်လာနေတယ်” ဟု ဒုံးညောင်မှိုင်းကျေးရွာမှ မအေးလှိုင်(ခ)မဝင်းဒါလီလှိုင်က ပြောကြားသည်။ ပုလဲမွေးမြူ ထုတ်လုပ်ရာတွင် စည်းကမ်းတင်းကျပ်မှုများ ရှိသော်လည်း ဒေသခံ ဆလုံတိုင်းရင်းသားများ၏ ရေချို လိုအပ်မှုနှင့် တံငါသည်လေးများမှ ဝမ်းစာ ရှာဖွေမှုများကို သိရှိနားလည်ထားရန် လိုအပ်မည် ဖြစ်ကြောင်း တက်ရောက် လာသူများက ပြောကြားသည်။
“ကျွန်တော်တို့ ပိုက်မျှောတဲ့အခါ သူတို့ ဧရိယာအတွင်းကို ရောက်သွားရင် ရေလုပ်သားတွေကို ဘယ်လိုမျိုး အရေးယူတယ်ဆိုတာ သိချင်ပါတယ်။ ရေလုပ်သားတချို့ကလည်း မသိဘဲဝင်မိမှာပဲ။ အဲဒီအခက်အခဲကို သိစေချင်ပါတယ်။ တံငါသည်တွေကို သူတို့ နေရာနားကနေ မသွားရဘူး သူတို့ သတ်မှတ်ထားတဲ့ နေရာကနေ မောင်းထုတ်တာမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ ခရီးသွားလုပ်ငန်းကို ပိုပြီး လုပ်စေချင်တယ်။ ဒါမှလည်း ဒေသခံတွေနဲ့ နိုင်ငံတော်အတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်ပါတယ်” ဟု ကျေးလက် သစ်တောအသုံး ပြုသူများ အသင်းဥက္ကဋ္ဌ ဘင်းချောင်းကျေးရွာမှ ဦးမျိုးမင်းက ပြောကြားသည်။ ဒေသခံများကြားတွင် အမြင် အမျိုးမျိုးရှိခဲ့သော်လည်း အများစုမှာ ရေလုပ်သားများ အခက်အခဲ မရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားသည်။
“ရေလုပ်သားတွေကို မထိခိုက်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ သူတို့ လုပ်နိုင်တဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ ဒေသခံတွေလည်း ဒီအလုပ်ကို မလုပ်နိုင် ပါဘူး။ ကျွန်တော်တို့အမြင်နဲ့ ပြောရင် ထိခိုက်မှုနစ်နာမှု မရှိရင် ကန့်ကွက်စရာ မရှိဘူး။ ထိခိုက် နစ်နာမှုတွေ ရှိလာရင် တစ်မျိုးပေါ့။ ပုလဲကုမ္ပဏီက ပြောထားတဲ့ ပုံစံအရဆိုရင် ကျွန်းရဲ့အတွင်းပိုင်းမှာ နေရာယူထားတော့ သိပ်ပြောစရာမရှိပါဘူး။ သူတို့အနေနဲ့ လူသိရှင်ကြား အများကိုပွင့်လင်း မြင်သာစွာ လုပ်သွားတဲ့အတွက် လက်ခံပါတယ်။ ကျွန်တော် လက်ခံသလို တခြားသူတွေ လက်ခံချင်မှလည်း လက်ခံပါလိမ့်မယ်။ တံငါသည်တွေနဲ့ လွတ်လွတ်ကင်းကင်း လုပ်ထားတော့ ပြောစရာမရှိပါဘူး” ဟု ကျွန်းစုမြို့နယ် အမှတ် (၃) ရပ်ကွက်မှ ဦးအုန်းသွင်က ပြောကြားသည်။
တံငါသည်များနှင့် ဆလုံတိုင်းရင်းသားတချို့မှာ မုတ်ကောင် လိုင်တန်းများထဲသို့ ဝင်ရောက်ကာ မုတ်ကောင်များ ခွာယူသွားခြင်း၊ ပုလဲများ ထုတ်ယူသွားခြင်းများ ရှိသည့်အတွက် လုံခြုံရေးအရ လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ တံငါသည်လှေများကို ဖမ်းဆီးကာ ပိုက်များကို မီးရှို့ခြင်း၊ ရေချို ခပ်ယူခွင့် မရှိသည့် အနေအထားများကို ကြားသိထားရကြောင်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး သစ်တောနှင့် သယံဇာတ ဝန်ကြီး ဦးမြင့်မောင်နှင့် ဆွေးနွေးထားပြီးဖြစ်ကာ ရေချိုခပ်သည့် ဧရိယာများ သတ်မှတ်ပေးရန် ကိစ္စကို လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု သိရှိထားရကြောင်း မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
