Top News

လာမည့်နှစ်နွေရာသီတွင် အမျိုးသားကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရိုအမျိုးသမီးပြိုင်ပွဲ တိုက်နေမှုအပေါ် UEFA မစိုးရိမ်
24htopnews | December 12, 2024 6:12 PM CST

လာမည့်နှစ်နွေရာသီတွင် ၂၀၂၅  အမျိုးသားကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ နှင့် ၂၀၂၅ ယူရိုအမျိုးသမီးပြိုင်ပွဲ ကျင်းပချိန် တိုက်နေမှုအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) အနေဖြင့် စိုးရိမ်မှုမရှိကြောင်း UEFA အမျိုးသမီး ဘောလုံးမန်နေဂျင်းဒါရိုက်တာ နာဒင်းကက်ဆလာက ပြောကြားခဲ့သည်။

FIFA သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်(၃၂)သင်းအထိ တိုးချဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇွန်လ (၁၅)ရက်မှ ဇူလိုင်လ(၁၃)ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။

ယူရိုအမျိုးသမီးပြိုင်ပွဲကိုမူ ဆွစ်ဇာလန်က အိမ်ရှင်အဖြစ် ဇူလိုင်လ(၂)ရက်မှ (၂၇)ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲနှစ်ခုမှ ပွဲစဉ် (၅)ပွဲ သို့မဟုတ် (၆)ပွဲမှာ ကစားချိန်တူညီနေကြောင်း သိရသည်။

''အလုံးစုံတော့ ကျွန်မ အမှန်တကယ် မစိုးရိမ်ပါဘူး။ မတူညီတဲ့ နိုင်ငံနှစ်ခု၊ မတူညီတဲ့ ဒေသစံတော်ချိန်နှစ်ခုမှာ ကျင်းပကြမယ့် ပြိုင်ပွဲနှစ်ခုအကြောင်း ကျွန်မတို့ ဆွေးနွေးကြတယ်။ ရုပ်သံသဘောတူညီမှုတွေလည်း ရှိထားပြီးပါပြီ''ဟု ကက်ဆလာက ပြောကြားခဲ့သည်။

UEFA သည် ယူရိုအမျိုးသမီးပြိုင်ပွဲ လက်မှတ်အားလုံး ရောင်းကုန်ရန် ဆန္ဒရှိနေပြီး ပရိသတ်အများဆုံး ပြိုင်ပွဲဖြစ်လာရန်လည်း မျှော်လင့်လျက်ရှိသည်။

UEFA က ပရိသတ် စုစုပေါင်း (၇၀၀၀၀၀)ကျော် လာရောက်ကြည့်ရှုရန် ပစ်မှတ်ထားနေပြီး လက်မှတ်များကို ပြီးခဲ့သည့် အောက်တိုဘာလ (၁)ရက်ကတည်းက ရောင်းချခဲ့ရာ လက်ရှိအချိန်အထိ စောင်ရေ (၂၀၀၀၀၀)ကျော် ရောင်းချခဲ့ရပြီးဖြစ်သည်။

ယူရိုအမျိုးသမီးပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းမှာ အင်္ဂလန်အသင်းဖြစ်ပြီး ၂၀၂၂ ပြိုင်ပွဲတွင် ဂျာမနီကို (၂-၁)ဂိုးဖြင့် အနို်င်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK