Top News

ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ ငါးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
24htopnews | December 12, 2024 2:12 PM CST

ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ အမျိုးသား (၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ နိုဝင်ဘာ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများအကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား(၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

လူမှုကွန်ယက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည် တောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြပါရှိမှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရရှိသောအချက်အလက်များကိုအခြေခံကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် အမြန်လမ်းမကြီး(Zero)မိုင် တိုးဂိတ်၌ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်း ဒေသကြီးသို့ ပြေးဆွဲနေသည့် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်ပေါ်မှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေး လိမ်လည်မှုကျူးလွန်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်စံကျေးရွာနေ သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (တောင်)ရပ်ကွက်နေ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ) လင်းမြတ်စံ(ခ)ကိုလင်း တို့ နှစ်ဦးနှင့် မသင်္ကာတရားခံများဖြစ်ကြသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(တောင်) ရပ်ကွက်နေ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်နေ စိုးသီဟ(ခ)ဖြိုးသီဟဇော်တို့ (၅)ဦးအား လက်ကိုင်ဖုန်းမျိုးစုံ ခြောက်လုံး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၅)ခု၊ KBZ Bank MPU ကတ် တစ်ခု၊ AYA Bank MPU ကတ် တစ်ခု၊ YOMA Bank MPU ကတ် တစ်ခု၊ ငွေ နှစ်သိန်းရှစ်သောင်းကျပ်၊ စိန်လက်စွပ် တစ်ကွင်း၊ ရွှေဖြင့်ပြုလုပ်ထားသည့် ပီရှူးလက်ပတ် တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁)ထိပ်ရှိ အဆောင်တွင် ငှားရမ်းနေထိုင်ခဲ့ပြီး အောင်မင်္ဂလာအဝေးပြေးကားဝင်း၌ ခရီးသည်ကြိုသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း၊ ထို့နောက် ခင်မင်ရင်းနှီးသူ ဦးဟိန်းခန့်နှင့် ပူးပေါင်း၍ နတ်ကနားစီးအလုပ်လုပ်ကိုင်နေစဉ် အဆောင်မှ Jasmine Palace Hotel သို့ ပြောင်းရွှေ့ကာ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ)လင်းမြတ်စံ(ခ)ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုး၊ စိုးသီဟ(ခ)ဖြိုးသီဟဇော် တို့နှင့်အတူနေထိုင်ပြီး ကောက်ယူရရှိထားသည့် အောင်ထိုက်နှင့် နှင်းမောင်မောင်လွင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်များအား ပြုပြင်အသုံးပြု၍ KBZ Pay နှင့် Wave Pay အကောင့်များဖွင့်လှစ်ကာ ဖုန်းအမှတ် ၀၉ ၅ နှင့်စသည့် ဖုန်းနံပါတ်များအား ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လိမ်လည်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ၎င်း၏လက်ကိုင်ဖုန်းအမှတ် ၀၉ ၄၄၇၈၃၆၉၇၈ ဖြင့် လိုက်လံဆက်သွယ်၍ တစ်ဖက်ဖုန်းလက်ခံဖြေကြားသူ၏ သူငယ်ချင်းအဖြစ် အယောင်ဆောင်ပြီး ၎င်းမှာ ကားတိုက်ခံရ၍ ဆေးရုံရောက်နေကြောင်း အရေးပေါ်ခွဲစိတ်ခန်းဝင်ရမည်ဖြစ်၍ ငွေလိုနေသဖြင့် ငွေလွှဲပေးရန်စသည့်ဖြင့် ယုံကြည်အောင်လိမ်လည်ပြောဆိုကာရရှိသည့် ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ စက်တင်ဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ငွေကျပ်(၅၀)သိန်း၊ ဦးတင်အောင်အဖြစ် အယောင်ဆောင်၍ ငွေကျပ်(၅၀)သိန်း၊ ဦးမိုးရွှေအဖြစ်အယောင်ဆောင်၍ ငွေကျပ်(၅၀)သိန်းနှင့် အမည်မမှတ်မိအဖြစ်အယောင်ဆောင်၍ ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ အောက်တိုဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ပထမအကြိမ်ငွေကျပ် (၃၀)သိန်း၊ ဒုတိယအကြိမ် ငွေကျပ်(၂၀)သိန်းတို့အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း ဦးသောင်းဌေးအဖြစ်အယောင်ဆောင်၍ ငွေကျပ်(၇၇)သိန်းနှင့် အမည် မမှတ်မိအဖြစ် (ဗိုလ်ချုပ်ဇင်ယော်အဖြစ်)အယောင်ဆောင်၍ ငွေကျပ်(၂၅)သိန်းတို့အားလည်းကောင်း၊ စုစုပေါင်း ကျပ်(၃၁၆)သိန်းအား မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် လိမ်လည်ပြောဆို၍ ၎င်းတို့အသုံးပြုလျက်ရှိသည့် အောင်ထိုက်နှင့် စိုးသူဝင်း အမည်ဖြင့် ဖွင့်လှစ် ထားသည့် KBZ Pay၊ နှင်းမောင်မောင်လွင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် Wave Pay အကောင့် များသို့ လွှဲပြောင်းလက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေး လိမ်လည်မှုများအား သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင် က ဦးဆောင်၍ မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် အယောင်ဆောင်ပြောဆို လိမ်လည်ခဲ့ခြင်းဖြစ်ပြီး စိုးရာဇာဟိန်း(ခ)အောင်ထိုက် (ခ)လင်းမြတ်စံ(ခ)ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ(ခ)ဖြိုးသီဟဇော်တို့ လေးဦးမှ အယောင်ဆောင်ဆက်သွယ်၍ လိမ်လည်ရမည့် ဖုန်းနံပါတ်များအား ရှာဖွေစုဆောင်းပေးခြင်း၊ အယောင်ဆောင်ဆက်သွယ်၍ရရှိလာသည့် ငွေကြေးများအားလက်ခံထုတ်ယူရာတွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြခြင်းနှင့် လက်ခံရရှိသည့်ငွေကြေးများအား ၎င်းတို့(၅)ဦးမှ ခွဲဝေသုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါကဲ့သို့ ဖုန်းဖြင့်ဆက်သွယ်၍ အယောင်ဆောင်ပြောဆိုကာ ငွေကြေးများအကြိမ်ကြိကြိမ် လိမ်လည်ရယူခဲ့သူ သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်ပါ ငါးဦးအား စမ်းချောင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၄၇၁/၄၁၉/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK