Top News

၂၀၂၀ အလွန်မှာ တစ်ပါတီတည်းလား၊ ညွန့်ပေါင်းလား
24htopnews | December 12, 2024 11:12 AM CST

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်ပင်မလိုတော့ချိန်တွင် စကားရပ်တစ်ခု ရေပန်းစားလာသည်ကို တွေ့ရမည်ဖြစ်ပြီး ယင်းက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေး ဖြစ်သည်။

ယခုအချိန်မှာ ယင်းစကားရပ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခြင်းသည် တစ်ပါတီတည်းက အစိုးရအဖြစ်အုပ်ချုပ်ခဲ့သည့် အတွေ့အကြုံများက အဓိကကျသည်ဟု ဆိုနိုင်သည်။

၁၉၉၀ ရွေးကောက်ပွဲကတည်းက တိုင်းရင်းသားပါတီများနှင့် ရင်းနှီးသည့် ထိတွေ့ဆက်ဆံမှုရှိသော NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီးနောက်  တိုင်းရင်းသားပါတီများ မျှော်လင့်ချက်အချို့ ထားရှိခဲ့ကြသည်။

သို့သော် NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တန်းတူရည်တူ ထိတွေ့ဆက်ဆံမှု၊  တိုင်းရင်းသားဒေသများ၌ ဒေသခံလူထု လိုလားသည့်ဆောင်ရွက်ချက်များ ရေရေရာရာမရှိခဲ့ဟု  ဝေဖန်ကြသည်။

ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင်သည့် တိုင်းရင်းသားပါတီကို ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်မပြုမှု၊ ကန့်ကွက်မှု အများအပြားကြားမှ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုများနှင့် တံတားအမည် အတင်းအကျပ်ပြောင်းလဲခဲ့သည့် ဖြစ်စဉ်များက ထင်ရှားသည်။

တစ်ဖန် ယခုနှစ်အတွင်း ကျင်းပဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ချက်များတွင်လည်း မိတ်ဖက်မလိုဆိုသည့် မူဝါဒကို ဆက်လက်ဆုပ်ကိုင်ကာ ပါတီကြီးအသွင်သဏ္ဌာန် ပြသလျက်ရှိသည့်အပေါ် တိုင်းရင်းသားပါတီများ စိတ်ပျက်လျက်ရှိသည်။

အဆိုပါ အခြေအနေများကြောင့် တစ်ပါတီတည်း ဆက်လက်အာဏာရနိုင်သည့် အခြေအနေကို တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များ ဆန့်ကျင်လာကြပြီး ညွန့်ပေါင်း အစိုးရဖွဲ့စည်းနိုင်ရေး ဦးတည်လျက်ရှိကြသည်။

 

တိုင်းရင်းသားပါတီများ၏ ညွန့်ပေါင်းအိပ်မက်

တိုင်းရင်းသားပါတီ ၁၂ ပါတီဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) က ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာနိုင်ခြေအတွက် အဖွဲ့ ဝင်ပါတီများ ကြိုတင်ပြင်ဆင်လျက်ရှိသည်။

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိသည်ဟု သတင်းထွက်သော ရွေးကောက်ပွဲသည် လအတန်ကြာ ဝေးသေးသောကြောင့် ရွေးကောက်ပွဲအလွန်တွင် ဖြစ်ပေါ်လာမည့် အစိုးရကို အတိအကျမှန်းဆနိုင်ခြင်း မရှိသေးသော်လည်း ယခင်ရွေးကောက်ပွဲလို ပါတီတစ်ခုတည်းက အနိုင်ရသွားမည်ကို စိုးရိမ်မှုရှိသည်ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

“ပါတီကြီးတစ်ခုတည်းကပဲ Landslide နိုင်သွားတယ်ဆိုရင် ကျွန်တော်တို့အားလုံး မျှော်မှန်းတဲ့   ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်ပါတယ်ခင်ဗျ။ ဒါလက်ရှိအနေအထားကို ကြည့်ပြီးတော့မှ သုံးသပ်တာပါ” ဟု ၎င်းက ဆိုသည်။

NLD ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရစဉ် ကတိကဝတ်ဖြစ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် လွှတ်တော်သက်တမ်း နောက်ဆုံးနှစ်တွင်မှ ဥပဒေမူကြမ်းနှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် မဲဆွယ်ကတိဖြစ်၍ ရွေးကောက်ပွဲ ကတိကဝတ်ကို  အကောင်အထည်ဖော်သည်ဟု ထင်မှတ်ရသော်ငြား မည်သို့မည်ပုံ ပြင်ဆင်သည်ဆိုသည်က အငြင်းပွားစရာအဖြစ် ရှိနေပြန်သည်။

ပြည်ထောင်စုလွှတ်တော်ရှိ ပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ အချိုးကျပါဝင်သော်လည်း ကိုယ်စားလှယ်ဦးရေ အများစုပါဝင်သည့် ပါတီက ပြုပြင်လိုသည့် အချက်များသာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတွင် ပါဝင်လာသည်ဟူ၍ ဝေဖန်ကြခြင်း ဖြစ်သည်။

အထူးသဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ခန့်အပ်ခွင့်ပေးမထားသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ထားခြင်း မရှိမှုက NLD ပါတီအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောင်ရွက်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်စေသည်ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်လွှတ်တော်ကို NLD ပါတီ မလွှမ်းမိုးနိုင်ခဲ့သော်လည်း ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပါ ပြဋ္ဌာန်းချက်များကြောင့် အာဏာရပါတီက ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးကို စိတ်ကြိုက်ရွေးချယ် ခန့်အပ်နိုင်ခဲ့သည်။

တိုင်းရင်းသား မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် NBF ကလည်း ၂၀၁၅ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်လာသည့် အစိုးရလက်ထက် တိုင်းရင်းသားပါတီများ ပါဝင်ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍ နည်းပါးခဲ့သည်ဟု ဆိုသည်။

အဆိုပါ အခြေအနေထပ်မံပေါ်ပေါက်ပါက  တိုင်းပြည်အနေဖြင့် အခက်အခဲအကျပ် အတည်းများမှ လွတ်မြောက်မည်ဟု မယူဆသည့်အတွက် တိုင်းရင်းသားပါတီများ ပါဝင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေး ဦးတည်ဆောင်ရွက်ရမည်ဟု ၂၀၁၉ ခုနှစ် စက်တင်ဘာကုန်က ရန်ကုန်မြို့တွင် ကျင်းပသည့် အဖွဲ့ဝင်ပါတီများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

“ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်မယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာ၊ တိုင်းရင်းသားတန်းတူရေး ပြဿနာ၊ အခြားစီးပွားရေး အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်မယ်လို့ယူဆတယ်” ဟု NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။

 

တိုင်းရင်းသားပါတီတွေပဲလား

မကြာသေးမီကလည်း နိုင်ငံရေးပါတီ ကိုးခုနှင့် နိုင်ငံရေးအင်အားစုများ စုစည်း၍ ညီညွတ်သောနိုင်ငံရေး ပါတီများ မဟာမိတ်အဖွဲ့ (UPPA) ကို ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့၏ ရည်ရွယ်ချက်တွင် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးသည် အချက်တစ်ချက်အနေနှင့် ပါဝင်သည်။

“ကျွန်တော်တို့ မဟာမိတ်အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာ ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်ရေးဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်တော့် အယူအဆအရပြောရရင် တစ်ပါတီစနစ်ပဲ ပြောပြော၊  အာဏာရှင်စနစ်လို့ပဲ သုံးသုံး အဲဒီလိုစနစ်ကနေ ဒီမိုကရေစီ ကူးပြောင်းတဲ့ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ အရေးကြီးတဲ့ အခြေအနေတစ်ရပ်ကို ကျော်ဖြတ်ပြီးမှ တည်ငြိမ်တဲ့ ဒီမိုကရေစီ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို သွားနိုင်မယ်လို့မြင်တဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါက အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ် ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ပါ” ဟု UPPA အဖွဲ့တွင် ပါဝင်သည့် မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမား ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်လက်ထက်က ရွေးကောက်ပွဲ အနိုင်ရမရသည့် နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် ရွေးကောက်ပွဲ အနိုင်မရသည့် နိုင်ငံရေးပါတီများမှာ အကန့်အသတ်များ ကြုံတွေ့ခဲ့ရသည်။

NLD အစိုးရ ဦးဆောင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) တွင် ရွေးကောက်ပွဲအနိုင်မရသည့် ပါတီများအတွက် ကိုယ်စားလှယ်နေရာ ငါးနေရာသာ သတ်မှတ်ပေး၍   ပါတီအများစုက ကျေနပ်ခြင်း မရှိခဲ့ကြပေ။

အင်အားကြီးတိုင်းရင်းသားပါတီဖြစ်သည့် SNLD ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပသည့် ပြည်သူ့ပါတီ၏ အခမ်းအနားတစ်ခုတွင် “လက်ရှိ နိုင်ငံရေး အခင်းအကျင်းက ထူးထူးဆန်းဆန်း အနိုင်မရတဲ့ပါတီတွေဆိုရင် ချောင်ထိုးခံရတယ်။ အနိုင်မရတဲ့ နိုင်ငံရေးပါတီတွေ အများကြီးရှိတယ်။ အဲဒါတွေအကုန်လုံးက ဒီနေ့ဆို လူရာမသွင်းခံရဘူး။ အဲဒီပါတီတွေ ဘာဖြစ်နေလဲဆိုတော့ လွတ်လပ်ရေးနေ့ ပွဲတက်ဖို့လောက်၊ ပြည်ထောင်စုနေ့ ပွဲတက်ဖို့လောက်၊ ညစာစားပွဲ တက်ဖို့လောက် ဒီလောက်ပဲ အခွင့်အရေးရှိကြတယ်။ ကျန်တာတော့ ဘာမှမလုပ်နိုင်ဘူး”ဟု ပြောကြားမှုက နိုင်ငံရေးပါတီများ ဂရုပြုစရာဖြစ်စေသည်။

တိုင်းပြည်၏ စိန်ခေါ်ချက်နှင့် အခက်အခဲ အကျပ်အတည်းများကို တစ်ဦးတစ်ယောက်ကောင်း၊  တစ်ဖွဲ့ကောင်းဖြင့် ဖြေရှင်းခြင်းထက် အင်အားစုအသီးသီး လူပုဂ္ဂိုလ်အသီးသီး ပါဝင်ဆောင်ရွက်နိုင်သည့် အစိုးရတစ်ရပ်ပေါ်ပေါက်ရန် လိုအပ်သည်ဟု ထောက်ပြသူများလည်း ရှိသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက အချို့သောပါတီများ၏ ယူဆချက်နှင့် အနည်းငယ်ကွဲလွဲသည်ဟုဆိုနိုင်ပြီး ၎င်းတို့ပါတီက ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် အမျိုးသား ညီညွတ်ရေးအစိုးရပေါ်ပေါက်ရေး ဦးတည်သည်။

“ဘယ်သူတွေ ဘယ်လိုနိုင်နိုင်ဖွဲ့လိုက်တဲ့ အစိုးရ ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ပေးနိုင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖြစ်ဖို့လိုတယ်” ဟု ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

၎င်းတို့ဆိုလိုသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် ညွန့်ပေါင်းအစိုးရကို ခေါ်ဆိုခြင်းမဟုတ်ဘဲ အမျိုးသားရေးမဟာဗျူဟာ ပီပီပြင်ပြင်ရှိသည့် အစိုးရကို ဆိုလိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ညွန့်ပေါင်းအစိုးရသည် အစိုးရဖွဲ့ရေး ဦးတည်ချက်ဖြင့် အပေးအယူဆန်ဆန် ညှိနှိုင်းဆောင်ရွက်သည့် သဘောဆန်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရသည် ဦးဆောင်ခွင့်ရသူက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးသည့် သဘောဆန်ကြောင်း ဦးရဲနိုင်အောင်က ဆိုသည်။

“ တစ်ပါတီတည်း နိုင်သော်ငြား၊ နှစ်ပါတီတည်း နိုင်သော်ငြား မနိုင်တဲ့ပါတီက တိုင်းပြည်အတွက် သင့်လျော်တဲ့ ပညာရှင်ရှိရင် ခန့်ပြီးတော့ တိုင်းပြည်အတွက် အကောင်းဆုံးပုဂ္ဂိုလ်တွေ စုစည်းတာသည် အမျိုးသားညီညွတ်ရေး အစိုးရ။ ဒါသည် အပေးအယူနဲ့ မဆိုင်တော့ဘူး” ဟု ၎င်းက ပြောကြားသည်။

အတိုက်အခံ အင်အားကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားရေးမူဝါဒကို ဆုပ်ကိုင်ထားပြီး ၎င်းတို့၏ မူဝါဒ တူညီသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲမရှိဟု ဆိုသည်။

“ကျွန်တော်တို့က ဂုဏ်သိက္ခာရှိတဲ့ အနိုင်တစ်ခုရရှိမယ်လို့ မျှော်မှန်းထားပါတယ်” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

 

အာဏာရပါတီ၏ သဘောထား

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညွန့်ပေါင်းအစိုးရ မလိုလားဟု အတိအလင်း ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။

ဇန်နဝါရီအတွင်းပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်လည်း ရွေးကောက်ပွဲဝင်ရာတွင် မည်သည့် ပါတီနှင့်မှ ကိုယ်စားလှယ်နေရာ အပေးအယူ မပြုလုပ်ရေးအပါအဝင် မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ရန် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားပါတီနှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တိုင်းတွင် NLD ပါတီနှင့် ယှဉ်ပြိုင်ရမည်က သေချာသလောက်ရှိသည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေးအတွက် အားကောင်းသည့် အစိုးရတစ်ရပ် ကာလတစ်ခုအထိ တည်ရှိရန်လိုအပ်ကြောင်း NLD က အကြောင်းပြချက်ပေးသည်။

အဆိုပါ အကြောင်းအရာများက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့်   ဗဟိုကော်မတီအစည်းအဝေး သဘာပတိမိန့်ခွန်းပါ အကြောင်းအရာဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီ   တစ်နှစ်ကျော်အလိုတွင် ပါတီဝင်များကို တပ်လှန့်မှုလည်းဖြစ်သည်။

အုပ်ချုပ်ရေးကဏ္ဍဖြစ်သည့် အစိုးရအဖွဲ့နှင့် ဥပဒေပြုရေးကဏ္ဍဖြစ်သည့် အစိုးရအဖွဲ့တို့တွင် NLD ပါတီဝင် ကိုယ်စားလှယ်များ တက်ညီလက်ညီ ကြိုးပမ်းအားထုတ်လျက်ရှိပြီး ထိုက်သင့်သည့်တိုးတက်မှုများလည်း ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းက ယခုကဲ့သို့  တိုင်းပြည်ထူထောင်ရေး အစပြုကာလတွင် NLD ကဲ့သို့ တောင့်တင်းခိုင်မာသည့်အဖွဲ့ တစ်ခဲနက် အနိုင်ရ၍ဖြစ်သည်ဟု အခမ်းအနားသဘာပတိ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင်ထွဋ်ဦးက ပြောကြားသည်။

“ဒီလိုမဟုတ်ဘဲ ညွန့်ပေါင်းပုံစံ အနေအထားသာ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့အခြေအနေဟာ ရှေ့မတိုးနိုင် နောက်မဆုတ်သာ ဖြစ်နိုင်တာကို သတိပြုကြဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

 

ညွန့်ပေါင်းလား၊ တစ်ပါတီတည်းလား

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ်များ စုစည်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၆၆၄ ဦးရှိသော်လည်း ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သည် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရှိရာ ရွေးကောက်ခံကိုယ်စားလှယ် ၄၉၈ နေရာအတွက် ရွေးကောက်ပွဲများ ကျင်းပရသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၆၄ ဦးရှိသည်ဖြစ်ရာ သမ္မတ (သို့မဟုတ်) ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ခိုင်လုံမဲသည် ကိုယ်စားလှယ် ၃၃၃ နေရာ ဖြစ်သည်။

တိုက်ပွဲဖြစ်စဉ်နှင့် အခြားအကြောင်းအရာများကြောင့် မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေ နည်းပါးသော်လည်း အစိုးရ လွတ်လွတ်လပ်လပ်ဖွဲ့စည်းလိုသည့် ပါတီအနေဖြင့် မဲဆန္ဒနယ် ၃၀၀ အထက် အနိုင်ရရန်လိုအပ်ပြီး ၃၀၀ အောက်သာ ရခဲ့လျှင် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်မည်မဟုတ်ဘဲ ညွန့်ပေါင်းအစိုးရ (တစ်နည်း) အခြားသောပါတီများ၏ အကူအညီ လိုအပ်မည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက ကိုယ်စားလှယ် ၃၈၀ ကျော် ရွေးကောက်ခံရပြီး အစိုးရဖွဲ့နိုင်ရေး လိုအပ်သည့် ကိုယ်စားလှယ်ဦးရေထက် ၄၀ ကျော် ပိုမိုရွေးကောက်ခံရကာ   ရာခိုင်နှုန်းအားဖြင့် ၅၈ ရာခိုင်နှုန်း ရှိသည်။

တိုင်းရင်းသားပါတီများက ကိုးရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးပါတီက ခြောက်ရာခိုင်နှုန်းနှင့် တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိသည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ လွဲ၍ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ကယား စသည့် ပြည်နယ်များတွင် နေရာအများစု အနိုင်ရခဲ့သည်။

ယခုအခါ NLD ပါတီအနိုင်ရ အားကောင်းသည့် တိုင်းရင်းသားပြည်နယ် ငါးခုရှိ တိုင်းရင်းသားပါတီများက ပေါင်းစည်းပြီး ဒေသခံလူထု၏ မဲရရှိရေး ပိုမိုအားထုတ်လျက်ရှိရာ ၂၀၂၀  ပြည့်နှစ်တွင် ယင်းပြည်နယ်ငါးခု၌ NLD ပါတီ အနိုင်ရနိုင်ခြေ ရှိ၊ မရှိမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

မူလကတည်းက အားမကောင်းသည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိရေးထက် အနိုင်ရနိုင်သမျှ အနိုင်ရရှိရေးကိုသာ  ဦးတည်ကြိုးပမ်းရမည့် အလားအလာရှိသည်။

သို့သော် အနီးစပ်ဆုံးဖြစ်သည့် ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကို ယေဘုယျစဉ်းစားမည်ဆိုလျှင် တိုင်းရင်းသားဒေသအချို့တွင် NLD ပါတီ ပိုမိုရုန်းကန်ရနိုင်သည်။ အကြောင်းက ၂၀၁၅ ရွေးကောက်ပွဲက အနိုင်ရပြီးမဲဆန္ဒနယ်များ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကြောင့်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့သည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်ကို ရှုံးနိမ့်မှုက တံတားအမည်နှင့် ဆက်စပ်မှုရှိပြီး ချင်းပြည်နယ် မတူပီ မဲဆန္ဒနယ်မြေကို ရှုံးနိမ့်မှုက ချင်းပါတီများ ပေါင်းစည်းလိုက်ခြင်းကြောင့်ဟု အများစုက သုံးသပ်ကြသည်။

NLD ပါတီအနေဖြင့် ဗမာအများစုနေထိုင်ရာ တိုင်းဒေသကြီးများတွင် ဆက်လက် အနိုင်ရနိုင်ခြေရှိသော်လည်း တိုင်းရင်းသားအများစုရှိရာ ပြည်နယ်များတွင် ယခင်ရွေးကောက်ပွဲလို အောင်နိုင်ခြေအလားအလာ  နည်းပါးသည်ဟု နိုင်ငံရေးအကဲခတ်အချို့က မှတ်ချက်ပြုသည်။

အစိုးရသက်တမ်းအတွင်း တိုင်းရင်းသားဒေသအချို့၌ လုပ်နည်းလုပ်ဟန် အမှားများနှင့် ပြည်နယ်အချို့မှ  တိုင်းရင်းသားပါတီများ ပေါင်းစည်းလိုက်ကြခြင်းက NLD ပါတီ၏ အပြတ်အသတ်အနိုင်ရရေး ဦးတည်ချက်ကို အနှောင့်အယှက်ပေးနိုင်သည်ဟု ရှုမြင်ကြခြင်းဖြစ်သည်။

NLD ပါတီ အစိုးရသက်တမ်းအတွင်း တိုင်းရင်းသားများအပေါ် ပြုမူဆက်ဆံပုံနှင့် ရွေးကောက်ပွဲအတွက် မဟာမိတ်ပြုလုပ်ရန် မရှိဆိုသည့် သဘောထားနှစ်ရပ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရလဒ်မျိုး ထပ်မံ ရနိုင်ခြေနည်းပါးသည်ဟု  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထင်မြင်ချက် ပေးသည်။

“တကယ်လို့ ၅၀ (ရာခိုင်နှုန်း) အောက် ဖြစ်တယ်ဆိုရင်တော့ ညွန့်ပေါင်းအစိုးရ ဖွဲ့ရမှာပေါ့။ ၅၀ ကျော်ရင်တော့ NLD အနေနဲ့ သီးသန့် အစိုးရထူထောင်နိုင်တဲ့ အခြေအနေရှိမယ် ထင်ပါတယ်။ အခုရှိနေတဲ့ နိုင်ငံရေး ပါတီတွေရဲ့ အနေအထားနဲ့ NLD ရဲ့ အနေအထားကို ကြည့်လိုက်တဲ့အခါမှာ NLD ဟာ ၂၀၂၀ မှာ ၂၀၁၅ လို Landslide မနိုင်နိုင်ဘူးလို့ ယူဆပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောကြားသည်။

လက်ရှိတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၉ ပါတီရှိပြီး ရွေးကောက်ပွဲကာလတွင် ပါတီ ၁၀၀ ကျော်နိုင်သည်ဟု ခန့်မှန်းကြသည်။

ဥပဒေအရ တည်ဆဲနိုင်ငံရေးပါတီ ၁၀၀ ကျော်စလုံး အနည်းဆုံး မဲဆန္ဒနယ်သုံးနေရာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ မဲကွဲနိုင်သည့် အခြေအနေကိုလည်း လျစ်လျူရှု၍ မရပေ။

ပါတီများပြားခြင်းထက် အုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲအတွေ့အကြုံ၊ နိုင်ငံရေးပုံရိပ် အခိုင်အမာရှိနှင့် ပြီးသူများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်လာမည့် အခြေအနေက ၂၀၁၅  အထွေထွေရွေးကောက်ပွဲနှင့် အဓိက ကွဲပြားခြားနားချက် ဖြစ်သည်။

ပြည်နယ်အခြေပြုပါတီများဖြစ်သည့် ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကယားပါတီများသည် တစ်ပါတီတည်းအဖြစ် ပေါင်းစည်းလိုက်ခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲထက်အနိုင်ရ မဲဆန္ဒနယ် ပိုများလာနိုင်ပြီး ပြည်မတွင်လည်း ပြည်ခိုင်ဖြိုးပါတီ၊ သူရဦးရွှေမန်းနှင့် ဦးကိုကိုကြီးတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လှောင်အိမ်ထဲမှ ဒေါင်းအကောင်ရေ ၁၀၀ ခန့် လျော့ကျနိုင်ခြေရှိသည်ဟု ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ဧရာဝတီသတင်းဌာနတွင် ရေးသားသည့် ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ရသည်။

ထိုအခြေအနေရောက်ရှိလျှင် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရမည်ဖြစ်ပြီး မည်သို့ဖွဲ့စည်းမည်ဆိုသည် မေးခွန်းအတွက် NLD+ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရက အလားအလာအများဆုံးဟု အထက်ပါဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

ဖြစ်နိုင်ခြေ ဒုတိယအချက်မှာ တပ်မတော်+ တိုင်းရင်းသားပါတီများ+ ဗမာပါတီများ ညွန့်ပေါင်းအစိုးရဖြစ်ပြီး ဖြစ်နိုင်ခြေ တတိယအချက်မှာ NLD+ ဗမာပါတီများ ညွန့်ပေါင်းအစိုးရဖြစ်သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။

တစ်ဖက်တွင်လည်း တိုင်းရင်းသားပါတီများအနေဖြင့် ပေါင်းစည်းရုံသက်သက်၊ NLD ပါတီ၏  အားနည်းချက်များကို ထောက်ပြရုံ သက်သက်ဖြင့်မပြီးဘဲ ဗျူဟာကျကျ ပြင်ဆင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။

“ပြည်မပါတီကြီးများနှင့် ညွန့်ပေါင်း အစိုးရဖွဲ့စည်းရေး ညှိနှိုင်းသည့်အခါတွင် နိုင်ငံရေး ရာထူးတာဝန်သက်သက်အတွက် ညှိနှိုင်းခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသား အခွင့်အရေးနှင့် မူဝါဒကို အခြေခံညှိနှိုင်းမည်ဆိုသည့် ရပ်တည်ချက်မျိုးကို သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ကြိုတင်တင်ပြနိုင်ရန် လိုအပ်ပါသည်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

အစိုးရ သက်တမ်းအတွင်း ဆောင်ရွက်ချက်များကြောင့် လူထု၏ အားမလို အားမရမှုအချို့နှင့် ရင်ဆိုင်ရလျက်ရှိသည့် NLD ပါတီကို သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊  ဦးကိုကိုကြီး ဦးဆောင်လာမည့် ပြည်သူ့ပါတီ၊ အရည်အချင်းနှင့် လူထုလက်ခံမှု တစ်စုံတစ်ရာ ရရှိပြီးဖြစ်သည့် ဒေါက်တာသက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ တည်ထောင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့က အကဲစမ်းကြမည်ဖြစ်သည်။

ထို့ကြောင့် NLD ပါတီအနေဖြင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲကလို တိုင်းဒေသကြီး မဲဆန္ဒနယ်မြေများတွင် ပြည်ခိုင်ဖြိုး တစ်ပါတီတည်းနှင့် အဓိကယှဉ်ပြိုင်ရမည် မဟုတ်တော့ဘဲ ပြိုင်ဘက်ကောင်းများ အသီးသီး ပေါ်ပေါက်လာသည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားဒေသအချို့၌ လူထုထောက်ခံမှု ကျဆင်းခြင်းကို ရွေးကောက်ပွဲမတိုင်မီ   ပြင်ဆင်နိုင်မည်လားဆိုသည့် မေးခွန်းကိုလည်း NLD ပါတီ ဖြေဆိုရမည်ဖြစ်ပြီး အထက်ပါ အခြေအနေနှစ်ရပ်ကို အကောင်းဆုံး ကျော်လွှားနိုင်မှသာ ၎င်းတို့ မလိုလားသည့် ညွန့်ပေါင်းအစိုးရကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။                                           

 

 


READ NEXT
Cancel OK