Top News

မိန်ဗလာတောင် ဂျပန်ခေတ် စစ်လက်ကျန်ပစ္စည်း (သို့မဟုတ်) ရတနာသိုက်တူးဖော်မှု ပွင့်လင်းမြင်သာမှုရှိပါစေ
24htopnews | December 12, 2024 11:12 AM CST

 

“ဒီဂျပန်ရတနာသိုက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်လေ့လာမိသလောက် “ယမာရှိတာ Treasure” ဆိုတာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရတနာသိုက် ၁၀ ခုထဲမှာ သူက အကြီးဆုံးလို့ ပြောတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘုရင်ရဲ့ ညီကိုယ်တိုင်က သူ ဦးဆောင်ပြီး လုပ်ခဲ့တယ်။ စစ်ပြန်ဆုတ်တဲ့အခါမှ ဗိုလ်ချုပ်ယမာရှိတာကို လွှဲပေးခဲ့တယ်။ ဗိုလ်ချုပ်ယမာရှိတာက စစ်နိုင်နိုင်ငံတွေကနေ သိမ်းလို့ရသမျှ ရတနာတွေကို စစ်ဆုတ်ရင်းနဲ့ ယူပြန်သွားတယ်။ သူဘယ်မှာ သိမ်းထားခဲ့လဲဆိုတာကတော့ ဖိလစ်ပိုင်ကလည်း သူ့မှာရှိတယ် ပြောတယ်။ ထိုင်းကလည်း သူ့မှာရှိတယ် ပြောတယ်။ မြန်မာကလည်း သံဖြူဇရပ်က မိန်ဗလာတောင်မှာ ရှိတယ်ပြောတယ်ပေါ့နော်။ အခုလက်ရှိတူးနေကြတဲ့သူတွေ၊ ဒေသခံတွေကတော့ ဒီမိန်ဗလာတောင်မှာ မြှုပ်ထားတယ်ဆိုတာကို ယုံကြည်ကြတယ်။ ရှေးလူတွေရဲ့ပြောစကားတွေအရ ကျွန်တော်ကိုယ်တိုင်လည်း ကြားဖူးတယ်ဆိုတော့ ဒီနေရာမှာ ရတနာသိုက်ရှိတယ်ပေါ့။ အကယ်၍တူးဖော်လို့ ရတနာသိုက် တွေ့ခဲ့မယ်ဆိုရင်လည်း ပြည်နယ် ဘဏ္ဍာငွေရမှာပေါ့”

ဒါကသံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မိန်ဗလာတောင် (ဒေသအခေါ် ဂျပန်တောင်) မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တွေ မြှုပ်နှံသွားတယ်ဆိုတဲ့ စစ်လက်ကျန်ပစ္စည်းတွေ၊ ဒါမှမဟုတ်၊ အဖိုးတန်ရတနာတွေ မြှုပ်နှံသွားတယ်ဆိုတာနဲ့ ပတ်သက်လို့ သံဖြူဇရပ်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုမင်းလတ်က ပြောတာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၂၈၈ ဇယား (၅) အရဆိုရင် ရတနာသိုက်တူးတယ်ဆိုရင် ပြည်နယ်နှင့် တိုင်းဒေသကြီးက စီမံခန့်ခွဲတယ်ပေါ့။ ဒါမှမဟုတ် စစ်ကျန်ပစ္စည်း တူးတယ်ဆိုရင်လည်း စစ်လက်နက်နဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေရှိတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်က စီမံခန့်ခွဲလိမ့်မယ်ပေါ့။ ပြတိုင် လုပ်မယ်ဆိုရင်လည်း သူနဲ့သက်ဆိုင်တဲ့ ခေါင်းစဉ်အောက်မှာလုပ်ရမှာပေါ့။ အခုကျတော့ ဘာလုပ်နေမှန်းမသိဘူး။ ဘယ်လိုလုပ်နေမှန်းလည်းမသိဘူး။ ဆိုတော့ ဒီဘက်ခေတ်မှာဒါမျိုးက လုံးဝမဖြစ်သင့်ဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ပိုင်ခွင့်ချထားလဲ ဆိုတာလည်းဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အခါကျတော့ ဒေသခံတွေအနေနဲ့က နားလည်ရခက်တာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရတနာသိုက်တူးတယ်ပဲထားတော့။ ဒါဆိုရင် ဇယား (၅) အရ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေထဲဝင်မယ်ဆိုရင်တော့ ဘာမှပြောစရာမရှိဘူး။ သေသေချာချာလုပ်ပါ။ တိတိကျကျလုပ်ပါ။ ဒါဆိုရင် လက်ခံလို့ရပါတယ်” လို့ ကိုမင်းလတ်က ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေက စစ်လက်နက်ပစ္စည်းတွေ၊ အဖိုးတန်ရတနာတွေ မြှုပ်နှံသွားတယ်ဆိုတဲ့ မိန်ဗလာတောင်မှာ မကြာခဏ လာရောက်တူးဖော်မှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

“ဒီမိန်ဘလာတောင်က ကျွန်တော်တို့ အဘိုးလက်ထက်တုန်းက ပြောခဲ့တာက သူကိုယ်တိုင် ဒီမှာဂျပန်ခေတ်တုန်းက လက်သမား လုပ်ခဲ့ဖူးတယ်။ ဂျပန်တွေကတောင်ထဲမှာ လိုဏ်ဂူတွေဘာတွေ လုပ်ခဲ့တာလည်း ရှိတယ်။ ဒါပေမဲ့ အဘိုးတို့က ဂူအစအဆုံးဝင်ခွင့်မရဘူး။ ဂျပန်တွေကဂူတွေထဲမှာ ပစ္စည်းတွေ ဘာတွေထားခဲ့လောက်မယ်ဆိုပြီးတော့ အဘိုးက ပြောခဲ့ဖူးပါတယ်။ နောက်ပြီး မိုင်းတွေ၊ ဗုံးတွေလည်းရှိတယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့်လည်း ဒီနေရာမှာ ခြံတွေလုပ်တော့ သတိထားပြီး သွားလာကြဖို့ အဘိုးက ပြောဖူးတယ်။ ဗုံးတွေဘာတွေပေါက်မှာ စိုးရိမ်လို့ပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၁၅ လောက်ကလည်း ဒီနေရာမှာ လာတူးဖူးတဲ့လူတွေ ရှိတယ်။ ဒီလိုမျိုးစက်ယန္တရားတွေနဲ့တော့ မဟုတ်ဘူး။ ရေတွင်းလိုအပေါက်ကြီးတွေ ပေ ၂၀ လောက် တူးသွားကြတယ်။ အဲဒီအပေါက်တွေက ဒီမိန်ဗလာတောင် တောင်ထိပ်နားမှာ ရှိပါတယ်” လို့ မိန်ဗလာတောင်အနီးမှာ နေထိုင်သူ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမောင်ညိုက ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာတော့ မိန်ဗလာတောင်နဲ့ ပတ်သက်ပြီးတော့ Royal Eagle Myanmar Development Group Co,Ltd ကို ပဏာမ စူးစမ်းလေ့လာခွင့်ပေးခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။

သို့ပေမဲ့ မိန်ဗလာတောင်အတွင်းရှိ ဂူများအတွင်း ဒုတိယကမ္ဘာစစ်အတွင်းက မြှုပ်နှံထားသော ဂျပန်စခန်းပစ္စည်းများသည် ရတနာသိုက်ဟူသည့် စကားရပ်တွင် အကျုံးဝင်မည်ဟု သုံးသပ်ရရှိကြောင်း၊ တည်ဆဲ ရတနာသိုက် အက်ဥပဒေနှင့် သက်ဆိုင်မည်ဖြစ်၍ ယင်းဥပဒေနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်သင့်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ လျှောက်ထားသင့်ကြောင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ (၁၃.၆.၂၀၁၇) ရက်စွဲပါစာဖြင့် အကြောင်းကြားလာခြင်းနှင့် ပတ်သက်၍ (၂၉. ၆.၂၀၁၈) ရက်တွင် ကျင်းပသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၅/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် (၂၆) အရ Royal Eagle Myanmar Development Group Co,Ltd ကို ခွင့်ပြုခဲ့သည့် Feasibility Study (ကနဦးစူးစမ်းလေ့လာခွင့်) ကို ပိတ်သိမ်းရန်၊ မြေပြင်တွင် ဆောင်ရွက်ထားရှိမှုများအား မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန် အကြောင်းကြားပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က Royal Eagle Myanmar Development Group Co,Ltd သို့ (၆.၇.၂၀၁၈) ရက်စွဲပါ အကြောင်းကြားစာအရ သိရပါတယ်။

ဒါပေမဲ့လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းပိုင်းမှာ မိန်ဗလာတောင်ခြေမှာ Royal Eagle Myanmar Development Group Co,Ltd ကပဲ တူးဖော်မှုတွေ ပြန်လည်လုပ်ဆောင်နေကြောင်း ဒေသခံများရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

ထိုကိစ္စနဲ့ပတ်သက်လို့ လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ ့) မှာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

မေးခွန်းမေးမြန်းရခြင်းနဲ့ ပတ်သက်လို့ ဒေါက်တာအောင်နိုင်ဦးက “မိန်ဗလာတောင်မှာ ရတနာသိုက် တူးဖော်သလိုလို၊ ဂျပန်ခေတ် ရှေးဟောင်းပစ္စည်းတွေ တူးဖော်သလိုလိုနဲ့ တူးဖော်နေတာတစ်ကြိမ်၊ နှစ်ကြိမ် မကတော့ဘူး။ အခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလထဲမှာလည်း ထပ်တူးကြပြန်တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြန်တယ်။ အဲဒီလိုသတင်း ထွက်ပေါ်လာပြန်တဲ့ အပေါ်မှာဒေသခံ ပြည်သူတွေရော၊ နိုင်ငံရေးကိုလေ့လာစောင့်ကြည့် လေ့လာတဲ့အဖွဲ့အစည်းတွေကြားထဲမှာ ဝေဖန်သုံးသပ်မှုတွေ အများကြီး ထွက်ပေါ်လာတယ်။ ဘယ်သူကတူးခိုင်းတာလဲ။ ဘယ်သူက ခွင့်ပြုတာလဲ။ ဘယ်လိုပုံစံမျိုးနဲ့ သဘောတူညီမှု ရယူထားကြလဲဆိုတာကို တော်တော်လေးကို စိတ်ဝင်စားနေကြတယ်။ နောက်ပြီးတော့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်မေးမြန်းတဲ့အခါမှာလည်း တိကျရေရာပြတ်သားတဲ့ အဖြေတစ်ခု မရဘူး။ အဲဒီအပေါ်မှာလည်း အစိုးရအဖွဲ့က တိကျပြတ်သားတဲ့ ချပြမှုတွေမရှိဘူး။ ဒါ့ကြောင့် မိန်ဗလာတောင်နဲ့ ပတ်သက်တဲ့ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာအုပ်စု နယ်မြေအတွင်းရှိ မိန်ဗလာတောင်ခြေ မြေနေရာတွင် ယခုနှစ်ဆန်းပိုင်းက Royal Eagle Myanmar Development Group Co,Ltd က ဘက်ဟိုးငါးစီး၊ ဘူဒိုဇာ တစ်စီးတို့ဖြင့် တူးဖော်နေကြသည်ဟု သိရကြောင်း၊ အဆိုပါ မိန်ဗလာတောင် တူးဖော်မှုလုပ်ငန်းခွင်တွင် ဆည်/ မြောင်းဦးစီးဌာနက ဒုတိယအင်ဂျင်နီယာအဆင့်ရှိ ဝန်ထမ်းတစ်ဦးကို လုပ်ငန်း ကြီးကြပ်ရန် တာဝန်ပေးထားသည်ဟုလည်း သိရှိရကြောင်း ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်အစည်းအဝေးအတွင်း မေးခွန်းမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် မိန်ဗလာတောင် မြေတူးဖော်မှုလုပ်ငန်း၌ စိုက်ထူးထားရှိသည့် ဆိုင်းဘုတ်မှာ “ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ဌာနချုပ်အဆောက်အအုံ မြေနေရာအား စစ်သမိုင်းပြတိုက် ဖော်ဆောင်မှု ရှေ့ပြေးစီမံကိန်း” အနေဖြင့် ဖော်ပြစိုက်ထူထားခဲ့သော်လည်း ၂၀၁၈ ခုနှစ် မတ်တွင် “မွန်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ဒုတိယကမ္ဘာစစ်လက်ကျန်ပစ္စည်း ပဏာမ စူးစမ်းလေ့လာရေးအဖွဲ့ Royal Eagle Myanmar Development Group Co,Ltd ဟု ထပ်မံပြောင်းလဲ စိုက်ထူခဲ့ကြောင်း၊ ထိုစဉ်ကလည်း ဒေသခံပြည်သူများ၊ မြို့ခံပြည်သူများအကြား နားမလည်နိုင်အောင် ဆိုင်းဘုတ် အမျိုးမျိုးရေးသား ဖော်ပြခဲ့သည်ကိုတွေ့ရကြောင်း ဒေါက်တာအောင်နိုင်ဦးက မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မတ် ၆ ရက်က သံဃာတော်များ မိန်ဗလာတောင် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ခြင်း အစီအစဉ်တစ်ခုတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းဌေးလည်း ပါဝင်ခဲ့သည်ကိုသိရကြောင်း၊ ယခုနှစ် ဆန်းပိုင်းတွင် ထပ်မံတူးဖော်နေသည့် ကိစ္စကို အစိုးရအဖွဲ့ကဖြစ်စေ၊ သက်ဆိုင်ရာဌာနတစ်ခုခုကဖြစ်စေ၊ ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်ခြင်းနှင့် ချပြခြင်းမရှိသေးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၉ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင် အဆိုပါ မိန်ဗလာတောင် မြေတူးဖော်နေသည့် လုပ်ငန်းခွင်နေရာသို့ သွားရောက်ခဲ့သည်ကိုလည်း သိရကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မိန်ဗလာတောင် တူးဖော်မှုကိစ္စနှင့် စပ်လျဉ်းပြီး မည်သို့သောဥပဒေပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများဖြင့် မည်ကဲ့သို့ခွင့်ပြုချက်ဖြင့် စီစဉ်ဆောင်ရွက်စေခဲ့သည်ကို ရှင်းလင်းဖြေကြားပေးပါရန် မေးခွန်း မေးမြန်းရခြင်းဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာအုပ်စုအတွင်းရှိ မိန်ဗလာတောင်၌ ဇန်နဝါရီလဆန်းပိုင်းက မြေတူးဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုလင်းလင်းခိုင်)

ဒေါက်တာအောင်နိုင်ဦး မေးမြန်းခဲ့တဲ့ မိန်ဗလာတောင် မြေတူးဖော်နေမှုဖြစ်စဉ်နဲ့ ပတ်သက်သောမေးခွန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က “Royal Eagle Myanmar Development Group Co,Ltd က သံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာအုပ်စုအတွင်းရှိ မိန်ဗလာတောင်အတွင်းရှိ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့မြှုပ်နှံထားခဲ့သည်ဆိုသည့် ဂျပန်စစ်စခန်းရှိ ပစ္စည်းများ ပျက်စီးမှုမှ ကာကွယ်နိုင်ရန်နှင့် တရားမဝင်တူးဖော်မှုများ တားဆီးနိုင်ရေး၊ နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးစေရေးရည်ရွယ်၍ တူးဖော်ခွင့်ပြုပါရန် တင်ပြချက်အပေါ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီးရုံး၏ (၉.၃.၂၀၁၈) ရက်စွဲပါ စာဖြင့်စပ်လျဉ်း၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကုမ္ပဏီတို့ တွေ့ဆုံညှိနှိုင်းခြင်းမပြုလုပ်မီ ကုမ္ပဏီအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် လုံခြုံရေးကိစ္စဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားချက်၊ မြေကို လက်ရှိပိုင်ဆိုင်သူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းပိုင်ဆိုင်ကြောင်း အထောက်အထားနှင့် တူးဖော်ရန် သဘောတူကြောင်း ထောက်ခံချက်၊ တူးဖော်မည့်မြေနေရာ၏ မှတ်တမ်းဓာတ်ပုံများ၊ မြေစာရင်းမြေပုံ၊ သတင်းအချက်အလက်များ၊ မြေပြင်မြေပုံများ၊ ရန်ပုံငွေ သို့မဟုတ် ထောက်ပံ့ငွေပမာဏ၊ ဘဏ်စာရင်း အထောက်အထားများတင်ပြရန် တင်ပြစာနှင့် ပတ်သက်ပြီး (၁၈.၄.၂၀၁၈) ရက်တွင် ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁၄) အရမွန်ပြည်နယ် အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် လုံခြုံရေးကိစ္စ ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်းနှင့် ပဏာမလေ့လာဆောင်ရွက်ခွင့်ပြုကြောင်း (၂၄.၄.၂၀၈) ရက်စွဲပါစာဖြင့် သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားခဲ့သည်။ (၂၇.၄.၂၀၁၈) ရက်တွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ထံကိုလည်း တင်ပြခဲ့ပါကြောင်း”  ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်အတွင်းရှိ ဒုတိယကမ္ဘာစစ်အတွင်းက မြှုပ်နှံထားသော ဂျပန်စစ်စခန်းမှ ပစ္စည်းများသည် ရတနာသိုက်ဟူသော စကားရပ်တွင်အကျုံးဝင်သည်ဟု သုံးသပ်ရရှိကြောင်း၊ တည်ဆဲ ရတနာသိုက်ဥပဒေနှင့် သက်ဆိုင်သည့်အတွက် ယင်းဥပဒေနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်သင့်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြလျှောက်ထားသင့်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး (၂၉.၆.၂၀၁၈) ရက်တွင် ကျင်းပခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် (၂၆) အရ Royal Eagle Myanmar Development Group Co,Ltd အား ခွင့်ပြုခဲ့သည့် ကနဦးစူးစမ်းလေ့လာခြင်း ပိတ်သိမ်းရန်၊ မြေပြင်တွင် ဆောင်ရွက်ထားမှုကို မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန် ကုမ္ပဏီထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ဦးမင်းကျော်လွင်က ပြောကြားခဲ့ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်၍ ၂၀၁၉  ခုနှစ် ပွင့်လင်းရာသီ ရောက်သည့်အချိန်အထိ ရှေးဟောင်းပစ္စည်းများ ပေါ်ပေါက်လာခြင်းမရှိသည့်အတွက် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှန်ကန်သောရလဒ်တစ်ခု ရရှိစေရန် ဆောင်ရွက်သင့်သည်ဟု ယူဆသောကြောင့် မိန်ဗလာတောင်ရှိ ဂူများအတွင်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်စခန်းအဖြစ် အသုံးပြုခဲ့ရာ ယင်းနေရာ၌ ဂျပန်စစ်စခန်းပစ္စည်း လက်ကျန်များ ရှာဖွေဖော်ထုတ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် (၉.၁.၂၀၂၀) ရက်တွင် ပြုလုပ်သော မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) အရ ဂျပန်ခေတ် စစ်လက်ကျန်ပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ထိန်းသိမ်းစောင့်ကြည့်ရေး ကော်မတီကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးမှ ဒုတိယ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်မှ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဦးမင်းကျော်လွင်က ပြောကြားခဲ့ပါတယ်။

ထိုအဖွဲ့အနေဖြင့် ပဏာမစူးစမ်းလေ့လာဆောင်ရွက်ခဲ့သည့် ရလဒ်များအပေါ် ပြည်ထောင်စုအစိုးရနှင့် ဆက်လက်ဆောင်ရွက်ရန်ရှိပါက ပြည်ထောင်စအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ လမ်းညွန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရန် မသင့်တော်ပါကအပြီးတိုင် ပိတ်သိမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဦးမင်းကျော်လွင်က ဒေါက်တာအောင်နိုင်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီဖြစ်စဉ်မှာ မရိုးသားဘူးဆိုတာက ဒီကိစ္စကို အစ၊ အလယ်၊ အဆုံးမှာ ဘယ်ဌာနက ဦးဆောင်ပြီးလုပ်တယ်။ ဘယ်ဌာနက တာဝန်ယူတယ်။ ပြည်ထောင်စုဆိုရင်လည်း ပြည်ထောင်စု၊ ပြည်နယ်ဆိုရင်လည်း ပြည်နယ်ပေါ့။ ပြည်နယ်က ပြည်ထောင်စုရဲ့လမ်းညွန်ချက်နဲ့ လုပ်တယ်ဆိုရင်လည်း ပီပြင်ဖို့လိုတယ်။ အခုဟာက ဆိုင်းဘုတ်ပြောင်းနေတာလည်း ပြဿနာတစ်ခု၊ နောက်ပြီးတော့ ခဏနေပိတ်သွားလိုက်၊ ခဏနေပြန်ထတူးလိုက် လုပ်နေတာလည်းမရိုးသားမှုလို့ ပြောလို့ရတယ်။ ဒီဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ဝန်ကြီးက လွှတ်တော်မှာဖြေသွားတာနဲ့က လုံးလည်ချာလည်လိုက်နေတဲ့ပုံစံ ဖြစ်နေတယ်။ သေချာတာတစ်ခုကတော့ မရိုးသားမှုတွေ ရှိနေတာကတော့ ကျွန်တော် ခံစားရတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက ပြည်နယ်လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့ပါတယ်။

ထို့ပြင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကလည်း “ မိန်ဗလာတောင်မှာဂျပန်ခေတ် စစ်လက်ကျန်ပစ္စည်း တူးဖော်နေတာနဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော်ကို မေးကြည့်တော့ သူတို့မသိဘူး။ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေကို မေးလည်းမသိဘူး။ ဒါက ဘယ်လိုပြောမလဲ အစိုးရတစ်ရပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်” လို့ ပြောပါတယ်။

“ဒါကိုဘယ်လိုနည်းနဲ့ တူးနေကြတာလဲ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့လား။ ဒါဆိုပြဿနာမရှိဘူး။ ဘယ်လိုနည်းနဲ့ တူးနေကြတာလဲသိချင်လို ့စာနဲ့တရားဝင် ပြည်နယ်အစိုးရအဖွဲ့ကို ပေးပို့ထားတယ်။ တရားဝင်စာနဲ့ ပြန်ဖြေပေးပါပေါ့။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ကျတော့ လိုအပ်ရင် ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းမေးမြန်းသွားမှာပါ” လို့ ဦးဉာဏ်ဟိန်းက ဆက်ပြောပါတယ်။

မိန်ဗလာတောင်အတွင်းမှာ ရှိနေတယ်ဆိုတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ပစ္စည်းတွေလို့ဘဲ ပြောပြော၊ ဂျပန်ရတနာသိုက်လို့ဘဲ ဆိုဆို၊ ရှာဖွေတူးဖော်မှုတွေဆောင်ရွက်မယ်ဆိုရင်ဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီဆောင်ရွက်ဖို့၊ ပြည်နယ်အစိုးရအဖွဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာဌာန ဆိုင်ရာတွေသော်လည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီတွေသော်လည်းကောင်း ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနဲ့ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။


READ NEXT
Cancel OK