Top News

အနံ့ပျောက်ခြင်းသည် COVID-19 ရောဂါ၏ အဖြစ်များသော လက္ခဏာဖြစ်ရာ လက်ရှိ ဆေးကုသရေးဌာနများတွင် ကုသနေသော လူနာအများစုမှာ ဆေးရုံတက်ပြီး ၁၀ ရက်အတွင်း အနံ့ခံအာရုံ ပြန်လည်ရရှိကြောင်း လေ့လာတွေ့ရှိ
24htopnews | December 12, 2024 10:12 AM CST

လတ်တလော အနံ့ပျောက်ခြင်းသည် COVID-19 ရောဂါ၏ အဖြစ်များပြီး ထူးခြားသော ရောဂါလက္ခဏာဖြစ်ရာ လက်ရှိ ဆေးကုသရေးဌာနများတွင် ကုသနေသော လူနာအများစုမှာ ဆေးရုံတက်ပြီး ၁၀ ရက် အတွင်း အနံ့ခံအာရုံ ပြန်လည်ရရှိကြောင်း လေ့လာတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

လတ်တလော အနံ့ပျောက်ခြင်းသည် COVID-19 ရောဂါ၏ အဖြစ်များပြီး ထူးခြားသော ရောဂါလက္ခဏာ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ တွေ့ရှိချက်များအရ ရောဂါကူးစက်ခံရသူများ၏ ထက်ဝက်ခန့်သည် အနံ့ခံအာရုံ ယာယီ ပျောက်ဆုံးတတ်ပြီး ရက်သတ္တပတ် အနည်းငယ် (အများအားဖြင့် နှစ်ပတ်မှ လေးပတ်အတွင်း) ပြန်လည် ကောင်းမွန်သက်သာသွားကြကြောင်း၊ အနည်းစုတွင်သာ အချိန်ကြာမြင့်စွာ အနံ့ပျောက်ခြင်း ဆက်လက် ဖြစ်ပွားကြောင်း နှင့် မြန်မာနိုင်ငံရှိ ဆေးကုသရေးဌာနများတွင် ကုသမှုခံယူနေကြသူ အများစုမှာ ဆေးရုံတက်ပြီး ၁၀ ရက်အတွင်း အန့ံခံအာရုံ အလိုအလျောက် ပြန်လည်ရရှိကြကြောင်း လေ့လာတွေ့ရှိရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

COVID-19 ရောဂါ ဖြစ်ပွားစေသော SARS-CoV-2 Virus သည် နှာခေါင်းအတွင်းရှိ အနံ့အာရုံခံဆဲလ်များကို ထောက်ပံ့သော ကလာပ်စည်းများအား ထိခိုက်ပျက်စီးစေသောကြောင့် ဖြစ်ကြောင်း၊ သို့ရာတွင် အနံ့ပျောက်ခြင်း ရောဂါလက္ခဏာသည် နာတာရှည် လေခိုရိုးရောင်သူများ၊ နှာပိတ်၊ နှာစေး၊ နှာရည်ယိုရောဂါ မကြာခဏ ဖြစ်ပွားတတ်သူများတွင်လည်း တွေ့ရှိရနိုင်ပြီး ၎င်းနာတာရှည် ရောဂါများကြောင့် အချိန်တိုအတွင်း အနံ့ခံအာရုံ ပြန်လည်ကောင်းမွန်မည် မဟုတ်ကြောင်း သိရသည်။

COVID-19 ရောဂါကြောင့် ရုတ်တရက် အနံ့ပျောက်ခြင်းကို ကုသရန် သီးသန့်ဆေးဝါး မရှိကြောင်း၊ မိမိ၏ ကိုယ်ခံအား ကောင်းစေရန် ကောင်းစွာ အိပ်စက်အနားယူခြင်း၊ အစာအာဟာရ ပြည့်စုံစွာ စားသုံးခြင်းအားဖြင့် အချိန်ကာလ အတိုင်းအတာ တစ်ခုပြီးသောအခါ အလိုအလျောက် အနံ့အရသာများ ပြန်လည် ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ဗိုက်တာမင် အားဆေးများကို သောက်သုံးလိုပါက ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်ကြောင်း နှင့် မိမိသဘောဖြင့် နှာခေါင်းအတွင်းသို့ ဆေးရည်ထည့်ခြင်း၊ စပ်ဆေးများ သောက်သုံးခြင်းတို့ကို လုံးဝရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့နှုန်း အနည်းငယ်ကျလာပြီး ရာခိုင်နှုန်း ၅၀ မှ ၆၀ ဝန်းကျင်ရှိနေရာ အနံ့မရသူ ရာခိုင်နှုန်း ၂၀ ဝန်းကျင်တွင် ရှိနေသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့လူနာ ၇၅၀၀၀ ကျော်ရှိလာပြီး ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သည့်  မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် လူနာစုစုပေါင်း ၅၀၀၀ ကျော်အထိ ရှိလာကြောင်းနှင့် ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့နှုန်း ၄၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အနံ့မရသူ ၂၂ ဒသမ ၃၄ ရာခိုင်နှုန်းရှိပြီး ဒီဇင်ဘာ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်း၌ COVID-19 ပိုးတွေ့နှုန်း အနည်းငယ် ကျလာရာ ရာခိုင်နှုန်း ၅၀ မှ ၆၀ ဝန်းကျင်၊ အနံ့မရသူ ရာခိုင်နှုန်း  ၂၀ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီး ပြည်နယ်များရှိ Stay at Home အစီအစဉ်တွင် မပါဝင်သော မြို့နယ်များအားလုံး၌ COVID-19 ဓာတ်ခွဲ စစ်ဆေးခြင်းဆိုင်ရာ လိုက်နာရမည့် အချက်များကို ထုတ်ပြန် ကြေညာထားသည်။

တိုင်းဒေသကြီး ပြည်နယ်များရှိ နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် မပါဝင်သော မြို့နယ်များအားလုံး၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ဆက်စပ်ခဲ့သူများအား သတ်မှတ်ထားသော နေရာတွင် အသွားအလာကန့်သတ် ထားရှိခြင်း ဆောင်ရွက်ရာ၌ ဓာတ်ခွဲအတည်ပြုလူနာနှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့်ရက်မှ သုံးရက်မြောက်နေ့တွင် ပထမအကြိမ် ဓာတ်ခွဲနမူနာယူ၍ COVID-19 Antigen Test  (Rapid Test Kit) ဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ပထမအကြိမ် စစ်ဆေးခြင်းသည် Negative ဖြစ်ပါက ဓာတ်ခွဲအတည်ပြုလူနာ နှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့်ရက်မှ ၁၁ ရက်မြောက်နေ့တွင် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူပြီး RT-PCR နည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ဓာတ်ခွဲစစ်ဆေးခြင်း နှစ်ကြိမ်စလုံးတွင် Negative ဖြစ်သော်လည်း သံသယ ရောဂါလက္ခဏာများ စတင်တွေ့ရှိပါက ကုသခြင်းလုပ်ငန်းအား ချက်ချင်းဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစိတ်ချစေရန်အတွက် အနီးကပ်ထိတွေ့ ဆက်စပ်ခဲ့သူဟု စတင်သတ်မှတ်သည့်ရက်မှ ၁၄ ရက်တိတိ မဖြစ်မနေ သတ်မှတ်ထားသော နေရာတွင် အသွားအလာ ကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။


READ NEXT
Cancel OK