Top News

ဘီလူးချောင်း ပြုပြင်ထိန်းသိမ်းရေးကို မည်သည့်အစိုးရဌာနကမျှ တာဝန်ယူထားခြင်း မရှိသည့်အတွက် ကော်မတီတစ်ရပ်ဖွဲ့ပြီး ပြုပြင်ထိန်းသိမ်းရန် ကယားပြည်နယ် လွှတ်တော်သို့ အဆိုတင်သွင်းမည်
24htopnews | December 12, 2024 10:12 AM CST

လောပိတ ရေအားလျှပ်စစ်စက်ရုံ သုံးရုံအတွက်သာမက လွိုင်ကော်မြို့နယ်နေ ပြည်သူများ စိုက်ပျိုးရေးနှင့် သောက်သုံးရေအဖြစ် အဓိကထား သုံးစွဲနေသည့် ဘီလူးချောင်းမှာ မည်သည့်အစိုးရဌာနကမှ ပြုပြင်ထိန်းသိမ်းရန် တာဝန်ယူထားခြင်း မရှိသည့်အတွက် ကော်မတီတစ်ရပ်ဖွဲ့ရန် လွှတ်တော်သို့ အဆိုတင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်က ကယားပြည်နယ် လွှတ်တော်ရေးရာ ခန်းမဆောင်တွင် အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကော်မတီတို့ တွေ့ဆုံရာတွင် ပြုပြင်ထိန်းသိမ်းရန်အတွက် ကော်မတီဖွဲ့ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်နယ်က ဒီဘီလူးချောင်းဟာ ဘယ်သူနဲ့မှ စစ်ခင်းစရာလည်းမလို လုစရာလည်းမလို အင်မတန်မှ တန်ဖိုးကြီးမားပါတယ်။ ဒါကြီးကို ကျွန်တော်တို့က ရေရှည်ပေါ့နော် တည်တံ့အောင် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ အစည်းအဝေး လုပ်တယ်။ ဘာတွေ တွေ့ခဲ့ရလည်းဆိုရင် ဘီလူးချောင်းကြီးကို သုံးစွဲနေတဲ့ ဌာနဆိုင်ရာတွေ ရှိတယ်။ ရေအရင်းအမြစ်တို့ ဆည်မြောင်းတို့ဆိုရင် ရေတွေကို စုပ်တယ်၊ ကျွန်တော်တို့ လယ်တွေကိုပေါ့နော် စိုက်ပျိုးရေးမှာ သုံးတယ်။ ပြီးရင် လျှပ်စစ်ဝန်ကြီးဌာန ဆိုရင်လည်း ဒီရေနဲ့ပဲ လျှပ်စစ်စွမ်းအင်တွေ ထုတ်တယ်ပေါ့။ စည်ပင်ဆိုရင်လည်း ဒီရေကိုယူတယ်။ မြို့တွင်းက စည်ပင်ရေဖြန့်ချီပြီး သုံးစွဲတယ်။ ဒီချောင်းကိုသာ သုံးသွားလိုက်တယ်၊ ဒီချောင်းကို ပြန်ထိန်းသိမ်းမယ့် ဌာနဆိုတာ ကျွန်တော်တို့ ပြည်နယ်မှာ မရှိသေးဘူး ဖြစ်နေတယ်။ အဓိကက ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများအင်းအိုင် စောင့်ရှောက်ရေးဌာန ဆိုတာရှိပါတယ်။ ဒါ နေပြည်တော်မှာပဲ ရှိတယ်။ ဒါက ကျွန်တော်တို့ ပြည်နယ်မှာ ထားရှိမယ်ဆို ပိုအဆင်ပြေမယ်။ အခုလာမယ့် လွှတ်တော်မှာ အဆိုတစ်ခုအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်” ဟု တိုင်းရင်းသားများလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် ဦးတေဇာဝင်းထွန်းက ဆိုသည်။

လောပိတ ရေအားလျှပ်စစ်စက်ရုံ ဘီလူးချောင်း အမှတ် (၃) စက်ရုံမှာလည်း ၎င်းတို့ရရှိသည့် အမြတ်ငွေ နှစ်ရာခိုင်နှုန်းအား နိုင်ငံတော်သို့ ပေးသွင်းရာ ပြည်ထောင်စုအစိုးရမှ တစ်ရာခိုင်နှုန်းနှင့် ပြည်နယ်အစိုးရမှ တစ်ရာခိုင်နှုန်း ရရှိသော်လည်း ဘီလူးချောင်းထိန်းသိမ်းရန်အတွက် အသုံးမပြုခဲ့သောကြောင့် လာမည့်နှစ်တွင် သုံးစွဲနိုင်ရန် ကော်မတီဖွဲ့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ဆွေးနွေးဖြစ်တဲ့အထဲမှာ ဘီလူးချောင်း အမှတ် (၃) ကနေပြီး CSR ဆိုတဲ့ ငွေကြေးပေါ့။ သူတို့ရဲ့အမြတ်ရဲ့  နှစ်ရာခိုင်နှုန်းကို ပြန်ပြီးလှူဒါန်းတာ ရှိတယ်။ တစ်ရာခိုင်နှုန်းကို ပြည်ထောင်စုက သုံးပြီးတော့ ကျန်တဲ့ တစ်ရာခိုင်နှုန်းကို ကျွန်တော်တို့ ပြည်နယ် အစိုးရရယ် ပြီးတော့ ဘီလူးချောင်း အမှတ် (၃) ကုမ္ပဏီကနေပြီးတော့ ဒီဟာကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ သိရတယ်။ ဒီထဲက ရာခိုင်နှုန်းအချို့ကို ဒီကော်မတီကို ထည့်မယ်။ ဒီထဲကနေ ဘီလူးချောင်း ထိန်းသိမ်းရေးကိုသုံးဖို့ ဒါလေးကို ဆုံးဖြတ်ခဲ့ကြတယ် “ဟု ဦးတေဇာဝင်းထွန်းက ပြောကြားသည်။

ဘီလူးချောင်း တစ်လျှောက်ကို ဒီဇင်ဘာ ၁၀ ရက်တွင် တိုင်းရင်းသားများ လူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကော်မတီ က ကွင်းဆင်း လေ့လာကြရာ သောက်သုံးရေအဖြစ် အသုံးပြုနေသည့် လူနေထူထပ်သော လွိုင်ကော်မြို့တစ်လျှောက်မှာ စွန့်ပစ်ရေဆိုးများ ထုတ်ခြင်း၊ အမှိုက်ပစ်ခြင်းများကြောင့် ရေညစ်ညမ်းနေသည်ကို တွေ့ရကြောင်း သိရသည်။

မိုးဗြဲရေလှောင်ကန်မှာ နှစ်ပေါင်း ၂၂ နှစ်အတွင်း ရေအမှတ် အနည်းဆုံးသို့ ရောက်နေသဖြင့် လွိုင်ကော်မြို့နယ်ရှိ  လောပိတ ရေအားလျှပ်စစ်စက်ရုံအတွက် ရေပမာဏ တွက်ချက်ပြီးမှသာ နွေစပါးစိုက်ဧကများ ရေပေးဝေရာတွင် ချိန်ဆ၍ပေးရမည် ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝေလွင်က ပြောကြားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်မှ စီးဆင်းလာသော ရေများအား ဖယ်ခုံအင်းမှတစ်ဆင့် မိုးဗြဲရေကာတာတွင်းသို့ ရေပေးသွင်းနေရခြင်းဖြစ်ပြီး မိုးဗြဲရေကာတာမှ ဘီလူးချောင်းအား ဖြတ်ဆင်း၍ လောပိတ ရေအားလျှပ်စစ်စက်ရုံများအတွက် အသုံးပြုနေရခြင်း ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK