Top News

COVID-19 ပိုးတွေ့လူနာ တစ်သိန်းကျော်အနက် ၈၀၀၀၀ ကျော် ပြန်လည်သက်သာ ကောင်းမွန်ပြီး လက်ရှိ ကုသရေးဌာနများတွင် လူနာ ၁၉၀၀၀ ကျော် ဆေးကုသမှု ခံယူနေ
24htopnews | December 12, 2024 10:12 AM CST

COVID-19 ပိုးတွေ့လူနာ တစ်သိန်းကျော်အနက် ၈၀၀၀၀ ကျော် ပြန်လည်သက်သာ ကောင်းမွန်ပြီး လက်ရှိ ကုသရေးဌာနများတွင် လူနာ ၁၉၀၀၀ ကျော် ဆေးကုသမှု ခံယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ တစ်သိန်းကျော်လာပြီ ဖြစ်ပြီး ရောဂါဖြစ်ပွားနှုန်း လူတစ်သန်းတွင် ၁၈၂၃ ဦး၊ သေဆုံးနှုန်း လူတစ်သန်းတွင် ၃၉ ဦးနှုန်း ရှိနေကြောင်း နှင့် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၄၅၆၈၆၆ ဦးရှိပြီး စောင့်ကြည့်လူနာ ၁၅၅၈၁ ဦး၊ ပိုးတွေ့လူနာ ၁၀၉၅၄၂ ဦး၊ ပိုးတွေ့သေဆုံးသူ ၂၂၉၂ ဦး နှင့် ပြန်လည်သက်သာ ကောင်းမွန်သူ ၈၈၁၃၁ ဦးရှိပြီ ဖြစ်သည်။

လူဦးရေ အချိုးအစားနှင့် မတွက်ချက်ဘဲ ကိန်းဂဏန်း အနည်းအများနှင့် ဆန်းစစ်ပါက မြန်မာနိုင်ငံတွင် COVID-19 ကြောင့် လူနာသေဆုံးမှုမှာ ၂၀၀၀ နီးပါးရှိ၍ ကမ္ဘာ့နိုင်ငံ၊ နယ်မြေ စုစုပေါင်း ၂၃၀ အနက် ၅၇ နိုင်ငံမြောက် ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် COVID-19 ဖြစ်ပွားမှုသည် ၁၆၄၅ ဦးရှိပြီး ကမ္ဘာ့နိုင်ငံ နယ်မြေစုစုပေါင်း ၂၃၀ အနက် ၁၄၃ နိုင်ငံမြောက် ဖြစ်ကြောင်း၊ လူဦးရေ တစ်သန်းလျှင် COVID-19 လူနာသေဆုံးမှုမှာ ၃၅ ဦး ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ နယ်မြေစုစုပေါင်း ၂၃၀ အနက် ၁၃၂ နိုင်ငံမြောက်ဖြစ်ကြောင်း နှင့် လူဦးရေအချိုးအစားနှင့် မတွက်ချက်ဘဲ ကိန်းဂဏန်း အနည်းအများနှင့် ဆန်းစစ်ပါက COVID-19 လူနာ သေဆုံးမှုမှာ ၁၉၁၈ ဦးရှိပြီး ကမ္ဘာ့နိုင်ငံ နယ်မြေစုစုပေါင်း ၂၃၀ အနက် ၅၇ နိုင်ငံမြောက် ဖြစ်ကြောင်း ဖော်ပြထားသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၇၃ သန်းကျော်နှင့် သေဆုံးသူ တစ်သန်းခွဲကျော်အထိ တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံစာရင်းတွင် အမေရိကန်နိုင်ငံက ပိုးတွေ့လူနာ ၁၆၀၀၀ ၀၀၀ ကျော်၊ သေဆုံးမှု ၂ ဒသမ ၀ ရာခိုင်နှုန်းဖြင့် ပထမနေရာ၌ ရှိနေပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာမူ ပိုးတွေ့လူနာ ၉၈၀၀၀၀၀ ကျော်၊ သေဆုံးမှု ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရှိနေကြောင်း သိရသည်။

ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေခြင်းကို ကာကွယ် ဟန့်တားရန်အတွက် နိုင်ငံများက COVID-19 ကာကွယ်ဆေးများကို အသုံးပြုခွင့်ပေးရန် အရှိန်မြင့်နေကြစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွက် ရိုးရှင်းသောအဖြေ မဟုတ်ကြောင်း နှင့် ကပ်ဘေးအကျပ်အတည်း မပြီးဆုံးသေးကြောင်း သတိပေးခဲ့သည်။

အမေရိကန်တွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် နှစ်ရက်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် WHO အဖွဲ့၏ သတိပေးချက် ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ အမေရိကန်ဗဟိုဌာနက ဒီဇင်ဘာ ၄ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ နှာခေါင်းစည်း တပ်ဆင်ရေးကို အကြံပြုခဲ့ပြီး အမေရိကန် ရွေးကောက်ခံသမ္မတ ဘိုင်ဒင်က ဗိုင်းရပ်စ်ကူး စက်မှုအန္တရာယ် လျော့ပါးစေရန်အတွက် ဇန်နဝါရီတွင် ကျင်းပမည့် သမ္မတရာထူး အပ်နှင်းပွဲ အခမ်းအနားကို အကျဉ်းချုံး ကျင်းပသွားမည်ဟု ပြောကြားခဲ့သည်။

ကာကွယ်ဆေး စမ်းသပ်မှုများတွင် ထိရောက်မှုရှိကြောင်း ပြသခဲ့သည့် COVID-19 ကာကွယ်ဆေးများကို အသုံးပြုခွင့်ပေးရန်နှင့် ဖြန့်ဝေရန်အတွက် နိုင်ငံအများအပြားက ပြင်ဆင်နေကြစဉ် WHO က ကာကွယ်ဆေး ထိုးနှံခြင်းများသည် ကပ်ဘေးကို အဆုံးသတ်စေလိမ့်မည် ဟူသော ယူဆချက်သည် လွဲမှားသော ထင်မြင်ယူဆချက် ဖြစ်ကြောင်း ပြောကြားလျက် COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်၍ အားရကျေနပ်မှု ဖြစ်နေကြခြင်းကို သတိပေးခဲ့သည်။


READ NEXT
Cancel OK