Top News

ထုတ်လုပ်သည့် ကုမ္ပဏီများက COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက လျော်ကြေးမပေးရရေး သဘောတူညီချက်ကို တောင်းဆိုထား
24htopnews | December 12, 2024 10:12 AM CST

ထုတ်လုပ်သည့် ကုမ္ပဏီများက COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက လျော်ကြေးမပေးရရေး သဘောတူညီချက် (Indemnity agreement) ကို တောင်းဆိုထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ဆေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့မှ ပါမောက္ခ ဒေါက်တာစောဝင်းက ပြောကြားသည်။

“ခါတိုင်းက ကာကွယ်ဆေးတွေဆို ပထမ တိရစ္ဆာန်မှာစမ်းရတယ်။ နှစ်နှစ်လောက် ကြာတယ်။ ပြီးရင် လူမှာစမ်းတယ်။ Phase I, Phase II, Phase III။ အဲဒီကမှ တစ်ခါ ထုတ်လုပ်မယ်။ ဖြန့်ချိမယ်ဆိုတော့ အားလုံး ၁၀ နှစ်လောက်အထိ ကြာနိုင်တယ်။ ဒါပေမဲ့ COVID-19 ဖြစ်ပွားတဲ့ အခါမှာတော့ ကျွန်တော်တို့က ကာကွယ်ဆေး ရရှိဖို့သည် အင်မတန် အရေးကြီးတယ်ဆိုတဲ့ အတွက်ကြောင့် ဒီအဆင့်တွေကို တော်တော်များများ အရှိန်တိုးမြှင့် ဆောင်ရွက်ခဲ့တယ်။ အဆင့်တွေအားလုံးကို တစ်နှစ်အတွင်းမှာ ပြီးအောင် လုပ်နေပါတယ်။ ဖြန့်ချိပြီးရင်လည်း ဒီကာကွယ်ဆေးတွေက ဘာအန္တရာယ်ရှိသလဲ ဆိုတာကို ကျွန်တော်တို့က ဆက်လက် လေ့လာရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကာကွယ်ဆေးသမိုင်းမှာ ဒါက ပထမဆုံး အကြိမ်ဖြစ်တယ်။ ဒါက အကျိုးရှိသလို အန္တရာယ်လည်း ရှိနိုင်တယ်။ ဘာအန္တရာယ် ရှိသလဲဆိုတာ သိပ်မပြောနိုင်ဘူး။ အများစုကတော့ သိပ်ပြီးအန္တရာယ်ဖြစ်စရာ အကြောင်း မရှိပါဘူး။ ဒီကာကွယ်ဆေးတွေ ယူမယ်ဆိုရင်တောင် ကျွန်တော်တို့က Indemnity agreement ဆိုတာကို လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ နောက်ပိုင်း ဒီကာကွယ်ဆေးကြောင့် ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် ကာကွယ်ဆေး ကုမ္ပဏီကို လျော်ကြေး မတောင်းပါဘူး ဆိုတာပါ” ဟု ပါမောက္ခ ဒေါက်တာစောဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံက COVID-19 ကာကွယ်ဆေး ရရှိရေးအတွက် ရန်ပုံငွေ ထည့်ဝင်ထားပြီးဖြစ်ရာ COVAX Facility အဖွဲ့က ဆေးရလျှင်ရချင်း နိုင်ငံ့လူဦးရေ သုံးရာခိုင်နှုန်းစာကို ဆေးထုတ်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

“ကာကွယ်ဆေးတွေက အင်မတန် မြန်ဆန်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ရတဲ့အတွက်ကြောင့် အရင်ကနဲ့ မတူပါဘူး။ risk က ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရှိနိုင်ခြေကတော့ တော်တော်နည်းပါတယ်။ ဒါပေမဲ့လည်း ကုမ္ပဏီတွေ အနေနဲ့ကလည်း သူတို့ဘက်ကနေ Cover ယူထားတယ်။ ကျွန်တော်တို့တွေက ဒီကာကွယ်ဆေးတွေ ယူမယ်ဆိုရင် Indemnity agreement ဆိုတာ ဒါကြောင့် တစ်ခုခုဖြစ်ခဲ့ရင် လျော်ကြေးမတောင်းဘူးဆိုတဲ့ လက်မှတ်ကတော့ ထိုးရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေး ရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးပြီး ချက်ချင်းနှင့် အချိန်အတန်ကြာမှ ဖြစ်ပွားသော နောက်ဆက်တွဲဖြစ်ရပ်များ နည်းပါးခြင်း၊ အာနိသင်စွမ်းရည် ထက်မြက်ပြီး ရောဂါကာကွယ်နိုင်သည့် ကာလကြာရှည်ခြင်း၊ ကာကွယ်ဆေး ထိုးနှံရမည့် အကြိမ်ရေနည်းခြင်း၊ နိုင်ငံကျန်းမာရေးစနစ် အရင်းအမြစ်နှင့် ကိုက်ညီခြင်း၊ လိုအပ်သည့် ပမာဏကို စောစီးစွာ ရရှိနိုင်ခြင်း အစရှိသည့် အချက်များအပေါ် မူတည်ကာ စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး စီမံချက်အတွက်  COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ကာကွယ်ဆေး ရရှိထိုးနှံနိုင်ရေးအတွက် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ ပညာရှင်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ နိုင်ငံတကာ COVID-19 ကာကွယ်ဆေး သုတေသန စမ်းသပ်မှု သတင်းများကို တရားဝင် လမ်းကြောင်းများမှ မျက်ခြေမပြတ် စုံစမ်းခြင်း၊ Gavi၊ The Vaccine Alliance အဖွဲ့နှင့် ချိတ်ဆက်ကာ COVAX Facility မှတစ်ဆင့် ကာကွယ်ဆေး ရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ COVID-19 ကာကွယ်ဆေး ထိုးနှံရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ အသင့်ဖြစ်မှု အခြေအနေများကို အချိန်နှင့် တပြေးညီ အသေးစိတ် ဆန်းစစ်ထားရှိခြင်း၊ COVAX Facility မှ Gavi၊ The Vaccine Alliance ၏ ပံ့ပိုးမှုအပြင် ထပ်မံဝယ်ယူရရှိနိုင်မှု၊ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်လျက် ရှိခြင်းနှင့် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း စသည်တို့ကို ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 


READ NEXT
Cancel OK