Top News

သထုံမြို့တွင် နှစ်လကြာ ဖူးမြော်ခွင့်ပိတ်ထားသည့် ရွှေစာရံ စေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ ပြန်လည်ဖူးမြော်ခွင့်ပြုမည်
24htopnews | December 12, 2024 10:12 AM CST

နှစ်လကြာ ဖူးမြော်ခွင့်ပိတ်ထားသည့် မွန်ပြည်နယ် သထုံမြို့ရှိ ရွှေစာရံ စေတီတော်မြတ်ကြီးအား ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီ ပြန်လည် ဖူးမြော်ခွင့်ပြုသွားမည် ဖြစ်ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“ရွှေစာရံစေတီတော် သြဝါဒစရိယ ဆရာတော်ကြီးတွေ ရှိပါတယ်။ အဲဒီမှာ မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးက စေတီတော်ကြီးကို ပြန်ဖွင့်လို့ရပြီ ဆိုပြီးတော့ ဒီနေ ့မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ မိန့်ကြားတော်မူလာတယ်။ ဆရာတော်ကြီးက ဘာကိုအခြေခံပြီး ပြောလဲဆိုတော့ သထုံမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က ဆရာတော်ကြီးထံကို စေတီတော်ကြီးကို ပြန်လည်ဖွင့်လှစ်လို့ရပြီ ဆိုတဲ့အကြောင်းကို လျှောက်ထား အကြောင်းကြားလာတယ်။ ဆရာတော်ကြီးက ကျွန်တော်တို့ ဂေါပကအဖွဲ့ကို ထပ်ဆင့်မိန့်ကြားလာတယ်။ ကျွန်တော်တို့ ဂေါပကအဖွဲ့ကတော့ သြဝါဒါစရိယ ဆရာတော်ကြီးများ မိန့်ကြားချက်အတိုင်း လိုက်ပြီးတော့ ဆောင်ရွက်ရတဲ့အတွက် စေတီတော်ကြီးကို ပြန်လည်ဖွင့်လှစ်လို့ရပြီ ဆိုတာကို မနက် ၉ နာရီ ၁၅ မိနစ်မှာ သိရတယ်။ ကျွန်တော်တို့က စေတီတော်ကြီးကို မနက် ၉ နာရီ ၄၅ မိနစ်ကစပြီးတော့ ပြန်လည်ဖွင့်လှစ် ပေးခဲ့ပါတယ်” ဟု ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ခွန်သိန်းရွှေက ပြောကြားသည်။

စေတီတော်ကြီး၏ ပရိဝုဏ်ကြီးတွင် မုခ်ဝ ခုနစ်ခုရှိကြောင်း၊ လက်ရှိတွင် မုခ်ဝနှစ်ခုကိုပဲ ဝင်ပေါက် ထွက်ပေါက် အနေဖြင့် ဖွင့်လှစ်ပေးထားကြောင်း၊ စေတီတော်ကြီး၏ အဝင်မုခ်ဝတွင်လည်း ကျန်းမာရေးဌာန၏ အကြံပြုချက်များအတိုင်း လက်ဆေးသည့်နေရာနှင့် Hand Gel စီစဉ်ပေးထားကြောင်း၊ Mask မပါလာသူ များကိုလည်း Mask များဝေငှပေးသွားရန် စီစဉ်ပေးထားကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာလေး နေကြရန်၊ ဘုရားဝတ်ပြုသည့် အခါတွင် တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေရန် နှိုးဆော်ပေးနေကြောင်း ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ခွန်သိန်းရွှေက ဆိုသည်။

“စေတီတော်ကြီးကို မတ်လကစပြီးတော့ တစ်ကြိမ် ဘုရားဖူးခွင့် ပိတ်ဖူးပါတယ်။ ကာလအားဖြင့် တစ်လလောက် ကြာသွားပါတယ်။ အဓိကက သထုံမြို့ပေါ်အတွင်းမှာ COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေအပေါ် မူတည်ပြီးတော့ ရောဂါဖြစ်ပွားမှု များလာရင် ပြန်ပိတ်တယ်။ ရောဂါဖြစ်ပွားမှု နည်းရင်တော့ အချိန်ပိုင်းလေး ပြန်ဖွင့်ပေးတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လလောက်က စပြီးတော့ ရောဂါဖြစ်ပွားမှု များလာတဲ့အတွက်ကို စေတီတော်ကြီးကို ဖူးမြော်ခွင့် ပြန်လည်ပိတ်ခဲ့ပါတယ်။ ဒါကလည်း သြဝါဒ ဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်အတိုင်းပဲ ဆောင်ရွက်ခဲ့တာပါ။ အခုလည်းပဲ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အတိုင်းပဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိ စေတီတော်ကြီးကို ဘုရားဖူးများ ဖူးမြော်နိုင်စေရန် အတွက်ကို နေ့စဉ် မနက် ၆ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ခွန်သိန်းရွှေက ဆက်လက် ပြောကြားသည်။

စေတီပုထိုးများနှင့် ပတ်သက်သည့် ညွှန်ကြားချက်များအရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ညှိနှိုင်းဆောင်ရွက် ပေးထားကြောင်း သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲဒီအပြင်ကို သထုံမြို့နယ်အတွင်းရှိ စျေးများပြန်လည် ဖွင့်လှစ်ပေးနိုင်ရေးနဲ့ ပတ်သက်ပြီးတော့ စည်ပင်သာယာရေးအဖွဲ့က မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ကုသရေး ကော်မတီကို တင်ပြလာတာရှိတယ်။ အဲဒီလိုတင်ပြလာတဲ့ အပေါ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ စျေးတွေကို ဖွင့်လှစ်ပြီးတော့၊ ကြီးကြပ်ဆောင်ရွက်ဖို့ ညှိနှိုင်းဆောင်ရွက် ပေးပါတယ်။ စျေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဖြစ်စဉ်တွေကိုလည်း ပြန်လည်တင်ပြပေးဖို ့ညွှန်ကြားထားပါတယ်။ စျေးတွေကိုတော့ ဒီဇင်ဘာ ၁၅ ရက်က စပြီးတော့ ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ မွန်ပြည်နယ်အတွင်း COVID-19 Positive လူနာ ၁၂၀၀ ကျော်ရှိခဲ့ပြီး သထုံမြို့နယ် အတွင်းမှ COVID-19 လူနာ ၃၈၃ ဦးရှိခဲ့ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 


READ NEXT
Cancel OK