Top News

မြိတ်မြို့တွင် ရဲသတင်းပေးဆိုသူ နှစ်ဦးက အမှုသည်၏ အဒေါ်ဖြစ်သူထံ ငွေကြေးတောင်းခံသည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားထား
24htopnews | December 12, 2024 10:12 AM CST

မြိတ်မြို့တွင် ရဲသတင်းပေးဆိုသူ နှစ်ဦးက အမှုသည်၏ အဒေါ်ဖြစ်သူထံမှ ငွေကြေးတောင်းခံသည့်အတွက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိတ်မြို့ ရေပုန်းနယ်မြေအတွင်း ရေပုန်းရပ်ကွက် အဏ္ဏဝါလမ်းတွင် နေထိုင်သော စိုးလင်းကျော် (ခ) စိုးပေဆိုသူ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေသည့် သတင်းအရ မူးယစ်တပ်ဖွဲ့စု (၃၅) မှ ရဲအုပ်စောထင်လင်း ဦးဆောင်သောအဖွဲ့က ဒီဇင်ဘာ ၁၀ ရက်က သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နေအိမ်တွင် သက်သေများနှင့်အတူ ရှာဖွေရာ WY စိတ်ကြွဆေးပြား ၈၇ ပြားနှင့်အတူ သက်သေခံ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့ဝင်များက စိုးလင်းကျော်နှင့် ဇနီးဖြစ်သူ ဒေါ်သင်္ကြန်မွှေးတို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ခေါ်ဆောင်သွားပြီး စိုးလင်းကျော်အား မြိတ်မြို့မရဲစခန်းက မယ(ပ) ၃၀၄/၂၀၂၀ မူးစိတ်ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မူးယစ်သတင်းပေး နှစ်ဦးဖြစ်သည့် ဦးလှအောင်နှင့် ဦးစိန်သန်းဆိုသူ နှစ်ဦးမှာ ဒေါ်သင်္ကြန်မွှေး၏ အဒေါ်ဖြစ်သူ ဒေါ်နှင်းဝေထံမှ ငွေကျပ်နှစ်သိန်းပေးရန် တောင်းခံလာသည့်အတွက် သွားရောက် ပေးဆောင်ခဲ့ရပြီး ယခုကဲ့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်မကိုယ်တိုင် သွားရောက်ပေးခဲ့တာပါ။ ငွေတောင်းခံတဲ့သူနှစ်ဦးက ဦးစိန်သန်းနဲ့ ဦးလှအောင်တို့ဖြစ်တယ်။ ငါတို့ကို ဒီငွေလာပေးမှ အဆင်ပြေမယ်။ မဟုတ်ရင် မျက်နှာပျက်စရာတွေ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ပိုက်ဆံလာပေးလို့ပြောလို့ ကျွန်မက သွားပေးခဲ့တာပါ။ သူတို့ဒီမှာ လုပ်ပေးလို့ ဗိုလ်ကြီးတို့ကို ပေးရကမ်းရမယ်လို့ ပြောပါတယ်။ ငွေနှစ်သိန်း လိုချင်တယ်လို့ပြောတယ်။ ကျွန်မက ပိုက်ဆံ လိုက်ချေးရဦးမယ်။ ခဏစောင့်ပါလားလို့ ပြောတာ သူတို့က မြန်မြန်လုပ်ပါ။ ဒီမှာချိန်းထားတာ လွဲကုန်မယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်မက ငွေချေးပြီး သွားပေးခဲ့ရတယ်။ တကယ်လို့ ငွေနှစ်သိန်းမပေးရင် လင်မယားနှစ်ယောက်ကို ဖမ်းထားရာကနေ မယားကို လွှတ်ပေးထားတဲ့အတွက် မယားဖြစ်သူကို အချိန်မရွေး ပြန်ဖမ်းလို့ရတယ်လို့ ပြောပါတယ်။ ကျွန်မတို့အနေနဲ့ တရားမျှတမှု ဖြစ်စေချင်တယ်။ နောက်ထပ် ဒီလိုမျိုး ကျွန်မတို့လို ငွေကြေးမတတ်နိုင်တဲ့ သူတွေကို လိုက်လုပ်နေမှာစိုးလို့ တိုင်လိုက်ရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်နှင်းဝေက ဆိုသည်။

ဒေါ်နှင်းဝေအနေဖြင့် ရဲသတင်းပေး နှစ်ဦးက မတရား ငွေတောင်းခံသည်ဟု ယူဆပြီး မကျေနပ်သည့်အတွက် ခရိုင်ရဲမှူးထံ ဒီဇင်ဘာ ၁၃ ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ခရိုင်ရဲရုံးမှ ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လာခြင်း မရှိသေးကြောင်း သိရသည်။

ဒေါ်နှင်းဝေအနေဖြင့် သက်သေဓာတ်ပုံများ၊ ဗီဒီယိုများ ရရှိထားပြီး အဆိုပါဖြစ်စဉ်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ထွေ/အုပ်နှင့်ရပ် ကျေးအုပ်ချုပ်ရေးမှူးများထံ မိတ္တူပေးပို့ တိုင်ကြားထားကြောင်း သိရသည်။

 


READ NEXT
Cancel OK