Top News

နေလှန်းဆား ချက်လုပ်သည့် ရာသီချိန်သို့ ရောက်ရှိလာသော်လည်း ဆားကြမ်းစျေးနှုန်း ကျဆင်းခြင်း၊ SME ချေးငွေများ အချိန်မီမရရှိခြင်းနှင့် ကိုဗစ်ရောဂါ ဂယက်ကြောင့် ဆားတောင်သူ ရာခိုင်နှုန်း ၄၀ ခန့် လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိ
24htopnews | December 12, 2024 10:12 AM CST

နေလှန်းဆား ချက်လုပ်သည့် ရာသီချိန်သို့ ရောက်ရှိလာသော်လည်း ဆားကြမ်းစျေးနှုန်းများမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်များအောက် ကျဆင်းနေခြင်း၊ SME ချေးငွေများ အချိန်မီမရရှိခြင်းနှင့် ကိုဗစ်ရောဂါကပ်ဆိုး ဂယက်ကြောင့် ဆားကြမ်းများ ရောင်းချရမည့် စျေးကွက်ပျောက်ဆုံး နေခြင်းများကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဆားတောင်သူ ၄၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းများ စတင်လည်ပတ်ခြင်း မရှိဘဲ ရပ်ဆိုင်းထားရကြောင်း သတင်းရရှိသည်။

ဆားကြမ်းစျေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၅ ကျပ်နှုန်းအောက်သို့ ရောက်ရှိနေပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ကျဆင်းနေကြောင်း၊ ကိုဗစ်ကာလ ချေးငွေများ အပါအဝင် SME ချေးငွေများကို တင်လျှောက်ထားသော်လည်း အချိန်မီရရှိခဲ့ကြခြင်း မရှိကြကြောင်း၊ ထို့ပြင် ဆားကြမ်းအသုံးပြုသည့် လုပ်ငန်းအများစုမှာ ကိုဗစ်ရောဂါ ကပ်ဆိုးကြောင့် လုပ်ငန်းများ ရပ်တန့်နေသဖြင့် ဆားကြမ်းများ ရောင်းချရန် စျေးကွက်ပျောက်ဆုံး နေသောကြောင့် ဆားတောင်သူ ၄၀ ရာခိုင်နှုန်းခန့်မှာ ယခုနှစ် ဆားရာသီတွင် နေလှန်းဆား ချက်လုပ်ခြင်းကို ရပ်တန့်ထားကြကြောင်း သိရသည်။

“စျေးက အောက်စျေးကိုကျသွားပြီ ၄၀ ကျော်ကျော် ၄၅ ပတ်ချာလည်လောက်ပဲ ရှိတော့တယ်။ အခုစျေးနဲ့ စတဲ့သူလည်း စနေကြတယ်။ နားတဲ့သူလည်း နားနေကြတယ်။ ငွေကြေး နိုင်နင်းတဲ့သူကျတော့ ပြန်စနေကြတာပေါ့။ ငွေကြေးမနိုင်တဲ့ သူကျတော့ ရပ်ပေါ့။ ထုတ်ဖို့မှ မနိုင်တာ။ လုပ်သားကတော့ အနီး ပတ်ဝန်းကျင်က လုပ်သားတွေဆိုတော့ ပြဿနာတော့ မရှိဘူးပေါ့။ အဝေးက မရှိဘူးလေ၊ အလုပ်သမားက ပြဿနာတော့ သိပ်မရှိဘူး။ SME ကလည်း အစ်ကိုတို့ဆိုရင် ကျနေပြီ။ ကျနေတာကြာပြီ။ အခုထိ ထုတ်လို့မရသေးဘူး။ လုပ်ငန်းတွေကတော့ လုပ်နေကြပြီ။ သူကကြန့်ကြာမှုက များနေတယ်။ ငွေထုတ်ပေးဖို့ ကျလာတာ နှစ်လလောက်ရှိပြီ။ အခုထိ မရတဲ့သူက မရကြသေးဘူး။ အစ်ကိုကတော့ ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ လုပ်ငန်းစနေရတာပေါ့။ မိရိုးဖလာ အလုပ်ကလည်း ဒါပဲရှိတော့ ဒီဟာမှ လုပ်မစားရင် ဒီ့ပြင်ဟာလည်း မရှိကြတော့။ နောက်ပြီး ကိုယ့်ကိုမှီခိုနေတဲ့ လုပ်သားကလည်း လေးငါးဆယ်လောက်ရှိတော့ ထိန်းကျောင်းပြီးတော့ လုပ်ပေးနေရတယ်။ အခုဆို မလုပ်ဖြစ်တဲ့သူက ၄၀ ရာခိုင်နှုန်းလောက် ရှိနေတယ်။ ဖိုတစ်ရာမှာ ၄၀ လောက်ကတော့ ထုတ်ဖြစ်မှာ မဟုတ်ဘူး။ ထုတ်လည်း စွမ်းအားပြည့် မထွက်ဘူး။ ဖြစ်သလိုပဲ လုပ်ကြတော့မှာပေါ့။ အင်တိုက်အားတိုက်တော့ လုပ်ဖြစ်ကြမှာ မဟုတ်ဘူး။ နောက်ကျမှုတွေကလည်း ငွေကြေးမပြည့်မစုံ စျေးတွေကလည်းကျဆိုတော့ ကုန်ထွက်ရှိမှုကလည်း နောက်ကျမယ်။ ပုံမှန်ဆို ၁ လပိုင်းလောက်ဆို ထွက်တာက အခုဆို ၂ လပိုင်းလောက်မှ ထွက်ဖို့များတယ်။ ကွင်းပြည့်တွေက ၂ လပိုင်းကုန်လောက်မှ ကွင်းကြီးတွေ စုံကြတယ်။ ဆားကြမ်းစျေးကလည်း အရမ်းကျနေတော့ ထွက်လာပြီးရင်တောင် ရောင်းလို့ဝယ်လို့ မရမှာကို ကြောက်နေရတယ်။ ထုတ်ပြီးမှ ရောင်းလို့မရရင် ပိုဆိုးမယ်လေ။ ဒီလုပ်ငန်းတွေ ပျက်ကုန်ရင်လည်း မဖြစ်ဘူးလေ။ ဒီလုပ်ငန်းကို မှီခိုနေရသူက နှစ်သိန်းလောက် ရှိနေတာကို၊ လုပ်ငန်းတွေ ရပ်ဆိုင်းနေတော့ ဆားကြမ်းသုံးစွဲမှုကလည်း မရှိတော့ အကုန်ခက်ကုန်တာပေါ့” ဟု လပွတ္တာမြို့ရှိ ဆားတောင်သူ ဦးသိန်းဇော်ဦးက ပြောကြားသည်။

နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်းတွင် ဆားကြမ်းစျေးနှုန်းများ နှစ်စဉ်နီးပါး ကျဆင်းမှုကြောင့် ဆားတောင်သူ အများစုမှာ လုပ်ငန်းများ ရပ်တန့်ထားခဲ့ပြီး ဆားကွင်းအချို့မှာ ပုစွန်ကန်များအဖြစ် အသွင်ပြောင်းလဲ မွေးမြူခြင်းများကို လုပ်ဆောင်ခဲ့ကြပြီး ဆားတောင်သူများ အကျိုးအမြတ် ပြန်လည်ရရှိခဲ့သည့် ဆားရာသီမှာ နှစ်နှစ်ခန့်သာ ရှိသေးကြောင်း ဆားဖိုသူကြီးများထံမှ သိရသည်။

 


READ NEXT
Cancel OK