Top News

ရန်ကုန်မြို့တွင် တစ်လခန့်ကြာ ရောက်ရှိပြီးနောက် အောင်မင်္ဂလာ အဝေးပြေး ကားကွင်း၌ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ အမျိုးသမီး ကိုးဦးအား တိုင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက စစ်ဆေးဆောင်ရွက်နေ
24htopnews | December 12, 2024 10:12 AM CST

ရန်ကုန်မြို့တွင် တစ်လခန့်ကြာ ရောက်ရှိပြီးနောက် အောင်မင်္ဂလာ အဝေးပြေး ကားကွင်း၌ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီအမျိုးသမီး ကိုးဦးအား တိုင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ဘင်္ဂါလီအမျိုးသမီး ကိုးဦးမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်ဘက်မှ လာရောက်သူများဖြစ်ကြောင်း၊ စစ်ဆေးချက်အရ ၎င်းဘင်္ဂါလီ အမျိုးသမီးများ ထွက်လာသည်မှာ နှစ်လကျော်ပြီဖြစ်ပြီး မလေးရှားသို့ ပို့ရန်အတွက် ပွဲစားက တစ်ဦးလျှင် ကျပ် ၇၅ သိန်းဖြင့် ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောကြားသည်။

“မိတာဟုတ်ပါတယ်။ ကိုးဦးမိတာပါ။ တိုင်းလဝကရုံးက ဆက်လက်စစ်ဆေး ဆောင်ရွက်နေပါတယ်။  သူတို့လာတာက ဘူးသီးတောင်၊ မောင်တောဘက်ကနေ လာကြတာ။ စစ်ဆေးချက်အရတော့ သူတို့ကလည်း စကားသိပ်ပြီး လည်လည်ဝယ်ဝယ် မပြောတတ်ဘူး။ စစ်ဆေးချက်အရတော့ သူတို့လာတာ နှစ်လကျော်သွားပြီ။ သူတို့ကလည်း လမ်းမှာ ပွဲစားကနေ မလေးရှားကို ပို့မယ်ဆိုပြီး တစ်ယောက်ကို ၇၅ သိန်းနဲ့ ခေါ်လာခဲ့တယ်။ ၇၅ သိန်းပေးရင် မလေးရှားကို ရောက်မယ်ဆိုပြီး အဆင့်ဆင့် သယ်လာခဲ့တာ” ဟု ဦးဇော်လင်းက ပြောကြားသည်။

ယင်းဘင်္ဂါလီ အမျိုးသမီးကိုးဦး ရန်ကုန်မြို့ရှိ ရခိုင်လူမျိုးတစ်ဦး၏ နေအိမ်၌ ရောက်နေသည်မှာ တစ်လခန့်ရှိပြီ ဖြစ်ကြောင်း၊ ယင်းနောက် ၎င်းဘင်္ဂါလီ အမျိုးသမီး ကိုးဦးကို အောင်မင်္ဂလာကားကွင်းရှိ ဂိတ် (၂) နှင့် ဂိတ် (၃) ကြားတွင် ပွဲစားများက လာရောက်ထားသွားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒါပေမဲ့ သူတို့ပြောပြတာက လမ်းမှာ သယ်လာတာ။ ဘယ်မြို့၊ ဘယ်မြို့ ဆိုတာလည်း သူတို့ဘာမှမသိဘူး။ ဥပမာ အမည်မသိ လူတွေက သူတို့ကို ခေါ်လာတယ်။ အမည်မသိနေရာမှာ ဘယ်နှညအိပ်ရတယ်။ အခုဒီကို ရောက်ဖို့အတွက်ကို နှစ်လရှိသွားပြီ လာခဲ့ကြတာ။ ရန်ကုန်မှာ ရောက်နေတာက ရက် ၂၀ ကျော် တစ်လလောက်ရှိပြီ။ ရန်ကုန်က ရခိုင်တစ်ယောက်အိမ်မှာ ရောက်နေတယ် ပြောတယ်။ အဲဒီအိမ်ကနေ အခု ဖမ်းမိတဲ့ရက် ရောက်တော့ အောင်မင်္ဂလာ ကားကွင်းကို လာချသွားတာ။ ဂိတ် (၂) နဲ့ ဂိတ် (၃) ကြားမှာ လာချသွားတာ။ ဒါမျိုးဖြစ်စဉ်ကလည်း မကြာမကြာဖြစ်တယ်။ ပွဲစားတွေက ပိုက်ဆံတောင်းလာခဲ့ပြီး နောက်ဆုံးတော့ ဒီအတိုင်း ပစ်ချသွားတာ။ အဲဒီလိုပဲ လောလောဆယ် သိရသေးတယ်။ ပွဲစားတွေက အဆင့်ဆင့် ခေါ်လာခဲ့ကြတာ။ အောင်မင်္ဂလာကားကွင်းမှာ လာပစ်ခံထားရတာ” ဟု ၎င်းက ပြောကြားသည်။

ထိုသို့ဖမ်းဆီးရမိသည့် ဘင်္ဂါလီအမျိုးသမီး ကိုးဦးအနက် အများစုမှာ အသက် ၁၆၊ ၁၇ အရွယ် မိန်းကလေးများ ဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းလူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၏ ပြောကြားချက်အရ သိရသည်။

 


READ NEXT
Cancel OK