Top News

မိတ္ထီလာမြို့ ပြည်သာယာ မြောက်ရပ်ကွက် Lockdown နယ်မြေမှ လူ ၄၈ ဦးကို Test Kit ဖြင့် စစ်ဆေးရာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူရှစ်ဦးတွင် COVID-19 ပိုးတွေ့ရှိ
24htopnews | December 12, 2024 10:12 AM CST

ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက် (ဃ) နယ်မြေမှ လူငါးဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ ရပြီးနောက် အဆိုပါ နယ်မြေမှ အိမ်ခြေ (၄၃) အိမ်၊ လူဦးရေ ၂၃၀ ကျော်အား Lockdown ချထားခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင် အဆိုပါနယ်မြေမှ တစ်အိမ်တစ်ယောက်နှုန်းဖြင့် လူဦးရေ ၄၈ ဦးအား Test Kit ဖြင့်ပထမအကြိမ် စစ်ဆေးခဲ့ရာ လေးနှစ်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ယောက်ျားလေးသုံးဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း လူရှစ်ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ရကြောင်း သိရသည်။

“အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဌာနက ဒီနယ်မြေမှာ လေးဦးတွေ့ပြီးတာနဲ့ ဒီနယ်မြေကို Lockdown ချမယ်လို့ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့အသင်းက လူငယ်တွေ Lockdown ချတဲ့နေ့ကစပြီး လာအကူအညီ ပေးနေတယ်။ အဲဒီနယ်မြေထဲမှာရှိတဲ့လူတွေ လိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ နောက်ပြီးတော့ အခြားသူတို့ လိုအပ်တဲ့ ဝယ်စရာရှိတာတွေ ဝယ်ပေးတာတွေ လုပ်ပေးတယ်။ ဒီနေ့ Test Kit နဲ့စစ်မယ် ဆိုတော့လည်း လိုက်လူစုပေး၊ ဆော်သြပေး အဲဒီလို ကူညီဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က ကလောနမ့်ပန်တက်မှာ COVID-19 ပိုးတွေ့ ကားသမားရဲ့ ထိစပ်ဒီနယ်မြေက သုံးယောက်မှာ ပိုးတွေ့တယ်။ အဲဒီပိုးတွေ့ လူနာတွေရဲ့ ထိစပ်တွေထဲက နှစ်ယောက်မှာ COVID-19 ပိုးရှိတာ ဒီဇင်ဘာ ၁၅ ရက်က ထပ်စစ်ဆေး တွေ့ရှိတာ။ အဲဒါနဲ့ ကျန်းမာရေးအဖွဲ့တွေက ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ တစ်အိမ် တစ်ယောက်နှုန်းနဲ့ ပိုးစစ်နေတယ်။ အဲဒီလိုပိုးစစ်တာမှာ လေးနှစ်သား ကလေးငယ် တစ်ယောက် အပါအဝင် ယောက်ျားလေးသုံးဦး၊ အမျိုးသမီးငါးဦးမှာ COVID-19 ပိုးတွေ့လို့ မိတ္ထီလာဆေးရုံကို ကျွန်တော်တို့ လူမှုရေးအသင်း ကားတွေနဲ့ ပို့လိုက်ရတယ်” ဟု မိတ္ထီလာမြို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသူရလွင်ဦးက ဒီဇင်ဘာ ၁၆ ရက်က ပြောကြားသည်။

အောက်တိုဘာလအတွင်းက မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၈)တွင် ရာအိမ်မှူး အပါအဝင် လူ ၁၀ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ရသဖြင့် အောင်ဇေယျာရပ်ကွက် နယ်မြေ (၈) အတွင်းရှိ အိမ်ခြေ ၈၀၊ လူဦးရေ ၃၄၀ ကျော်ကို Lockdown ချထားခဲ့ရပြီး နယ်မြေ (၈) အနီးအနားရှိ ပုလဲစျေးအားလည်း ခေတ္တပိတ်သိမ်းထားခဲ့ကာ တစ်အိမ်တစ်ယောက်နှုန်းဖြင့် လူ ၇၄ ဦးအား Test Kit ဖြင့်စစ်ဆေးခဲ့ရာ အသက် (၃၉ နှစ်) အရွယ် အမျိုးသမီး တစ်ဦးတွင် COVID-19 ပိုးစစ်ဆေး တွေ့ရှိခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်တွင် အောင်ဇေယျာနယ်မြေအား Lockdown ချထားမှုကို ဖြေလျှော့ပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ မိတ္ထီလာမြို့ အောင်ဇေယျာနယ်မြေ (၈) Lockdown ဖြေလျှော့ပြီး ရက်ပိုင်းအကြာတွင် မိတ္ထီလာမြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးသော ရေဝေကျေးရွာအုပ်စု ထန်းတောကျေးရွာမှ မန္တလေးပြန် အမျိုးသားတစ်ဦးမှ အစပြုကာ COVID-19 အတည်ပြုလူနာ ၁၆ ဦး တွေ့ရှိခဲ့ရသောကြောင့် ထန်းတောကျေးရွာမှ အိမ်ခြေ ၇၅ အိမ်၊ လူဦးရေ ၄၀၀ ကျော်အား Lockdown ချထားခဲ့ရပြီး တစ်အိမ်တစ်ယောက်နှုန်းဖြင့် လူ ၇၃ ဦးအား ပိုးရှိမရှိ နှစ်ကြိမ်စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိ အဖြေရရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၂ ရက်တွင် ထန်းတောကျေးရွာအား Lockdown ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်က မိတ္တီလာမြို့ အောင်ဇေယျာရပ်ကွက် Quarantine Centre နှင့်ရေဝေကျေးရွာ Quarantine Centre တို့မှ လူလေးဦး COVID-19 ပိုးစတင်တွေ့ရှိခဲ့ရပြီးနောက် လက်ရှိအချိန် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းထိ မိတ္ထီလာမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ရဟန်းသာမဏေများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း COVID-19 အတည်ပြုလူနာ ၁၈၉ ဦး တက်ရောက်ကုသခဲ့ရပြီး ရောဂါသက်သာ ပျောက်ကင်းသဖြင့် ၁၇၁ ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ကာ ရောဂါအခံကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်းနှင့် ဆေးရုံတက်ရောက် ကုသနေရဆဲ အမျိုးသား ၁၁ ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၁၇ ဦးရှိကြောင်း မိတ္ထီလာမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။

 


READ NEXT
Cancel OK