Top News

ရန်ကုန်-လွိုင်ကော် လေကြောင်း ခရီးစတင်ပြေးဆွဲခဲ့ပြီး လွိုင်ကော်တွင် Hotel Quarantine နေရာများ အဆင်သင့် မဖြစ်သေးသောကြောင့် အခက်အခဲအချို့ ရှိနေ
24htopnews | December 12, 2024 10:12 AM CST

ပြည်တွင်းလေကြောင်းလိုင်း ရန်ကုန်-လွိုင်ကော် ခရီးစဉ်ကို စတင်ပြေးဆွဲရာတွင် ရန်ကုန်မှ လိုက်ပါလာမည့် ခရီးသည်များအတွက် လွိုင်ကော်ရောက်ပါက Hotel Quarantine ဝင်ရန် အဆင်သင့် မဖြစ်သောကြောင့် Quarantine Centre တွင် ခေတ္တပို့ဆောင် ထားရသဖြင့် အခက်အခဲအချို့ ရှိနေကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့က သိရသည်။

Myanmar National Airline စတင်ပြေးဆွဲသည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် လွိုင်ကော်မှ ခရီးသည် ၆ ဦးထွက်ခွာ၍ ရန်ကုန်မှ ခရီးသည် ၃ ဦး ဆိုက်ရောက်လာကြောင်း သိရသည်။

“သူတို့အတွက်ကတော့ Hotel Quarantine ကတော့ ဒီနေ့ နေ့လည်မှသွားပြီး ပြင်ရမှာပေါ့။ သူတို့ရန်ကုန်ကပဲ လာလာ မန္တလေးကပဲလာလာ ဘယ်ကလာလာ ကျန်းမာရေး Negative ထောက်ခံချက်ပါလည်း ကျွန်တော်တို့ ကယားပြည်နယ် လာရင်တော့ သတ်မှတ်ထားတဲ့ Quarantine ရန်ကုန်ပြန် ဆိုရင်လည်း Hotel Quarantine မနေချင်ဘူးဆိုရင် ပညာရေးကောလိပ် ရန်ကုန်ဆောင်မှာပဲ ၁၄ ရက်နေရမယ်” ဟု လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီး ဦးနန်းဝင်းဦးက ပြောကြားသည်။

Hotel Quarantine အတွက် Loikaw Princess Motel တွင်လျာထားပြီး တစ်ရက်လျှင် ကျပ်ငွေ ၅၀၀၀၀ အကြမ်းဖျင်း သတ်မှတ်ထားကြောင်း၊ ငွေကြေးမတတ်နိုင်သူများမှာ Quarantine Centre သို့ ဝင်ရောက်နိုင်ကြောင်း မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန ဦးစီးမှုး ဒေါက်တာထွန်းနေဝင်းက ပြောကြားသည်။

ထို့ပြင် မြန်မာ့အမျိုးသားလေကြောင်း ဦးစီးဌာနမှ COVID-19 ကာလအပြီး လေကြောင်းစတင် ပြေးဆွဲရာတွင် တာဝန်ယူရသည်မှာ ခက်ခဲမှုမရှိကြောင်း၊ ခရီးသည်များအဖို့ Hotel Quarantine ဝင်ရမည့် ငွေကြေးမှာ များပြားနေသဖြင့် လျော့ပေးစေလိုကြောင်းလည်း သိရသည်။

“Hotel Quarantine က ၇ ရက်ဆိုတော့ မနေ့က အစည်းအဝေးလုပ်တော့ တစ်ရက် ၅၀၀၀၀ ဆိုတော့ သုံးသိန်းခွဲလောက် ဖြစ်သွားပြီး။ Test တွေဘာတွေ စစ်ရဦးမှာကိုး။ ဒါလေးအခက်အခဲရှိတယ်။ ခရီးသည် တစ်ယောက် အနေနဲ့ကတော့ ဒီလောက်ကြီး မစီးနိုင်ဘူး။ ခရီးသည်က လေယာဉ်မစီးတော့ဘူး။ Cost တွေ အရမ်းကုန်သွားလိမ့်မယ်။ ကျွန်တော်တို့ဘက်က အခက်အခဲ မရှိဘူး။ အားလုံးအဆင်သင့် လုပ်ထားပြီးသားဗျ” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းမှ တာဝန်ခံ ဦးအောင်မြင့်က ပြောကြားသည်။

 “တခြားမြို့တွေ ခရိုင်တွေ တာဝန်ရှိသူတွေ ကြိုတင်ပြင်ဆင် ထားတာလေးတွေကြည့်ပြီး ကယားပြည်နယ် ပြင်ဆင်ထားတာ အားနည်းတာတွေကို ပြောချင်ပါတယ်ခင်ဗျ။ လောလောဆယ်တော့ ကျွန်တော်တို့ကို စည်းဝေးတစ်ခါမှ ခေါ်မတွေ့သေးပါဘူး။ တခြားပြည်နယ်တိုင်းမှာဆိုရင် လေကြောင်းမှာဆိုရင် လွိုင်ကော်မှာဆိုရင် MNA ရယ် ကျွန်တော်တို့ Kanbawza ရယ်ပေါ့နော်။ နောက်လေဆိပ် လုံခြုံရေးတွေရှိမယ်။ Custom တွေရှိမယ်။ နောက်ပြီးတော့ CA တို့ရှိမယ်။ အားလုံးပေါ့ ဒီလေကြောင်းမှာ တာဝန်ထမ်းဆောင် နေကြတဲ့ ဝန်ထမ်းအသီးသီး ခေါ်ပြီးတော့မှ ရှေ့ဆက် covid ကာလမှာ လေယာဉ်ဆင်းရင် ဘယ်လိုအကောင်းဆုံး ဖြစ်နိုင်လဲ။ Quarantine ခရီးသည်တွေ Quarantine ဘယ်မှာထားမလဲ။ နောက်ကျန်းမာရေးတွေကို ဘယ်လိုစစ်ဆေးမယ်။ လေဆိပ်ဝန်ထမ်းတွေကို Test တွေကို ဘယ်လိုဝေပေးမလဲ ဆိုတာပေါ့။ လောလောဆယ်တော့ ဒီနေ့ဆိုရင် MNA လေကြောင်းလိုင်း ဆင်းတော့မယ်ဗျ။ ဆင်းတော့မယ့်ချိန်မှာ ကယားပြည်နယ် တာဝန်ရှိသူတွေက ကြိုတင်ပြင်ဆင်မှု အားနည်းနေသေးတယ်လို့ မြင်တယ်ဗျ။ ဒါလည်းကျွန်တော်က လွိုင်ကော်သား တစ်ယောက်အနေနဲ့ ပြောပြပေးတာပါ။ ဖြစ်စေချင်တာပေါ့လေ။ တစ်ရက်ကို ၅၀၀၀၀ လောက်တော့ သတ်မှတ်တယ် ကြားတယ်ဗျ။ ဒါကစားစာရိတ်တွေ ပါမလား မသိဘူး။ သို့ပေမယ့် ခရီးသည်တစ်ယောက်က လေယာဉ်စီးလာပြီဆိုမှ ၆၄၀၀၀ ကုန်မယ် Quarantine က ၇ ရက်နေရမယ် ၃ သိန်းခွဲဆိုရင် ခရီးသည် တစ်ယောက်အနေနဲ့တော့ ဒါကအကြမ်းဖျင်း သိရတာပါ။ အတိအကျလည်း မသိရဘူး။ အဲ့လိုကြားသိရတဲ့ အတွက်ကြောင့် ၃ သိန်းခွဲနဲ့ဆို ခရီးသည် လာရောက်ဖို့ အားနည်းသွားတာပေါ့ဗျာ” ဟု KBZ Airways တာဝန်ခံ ဦးနောင်ရိုးက ပြောဆိုသည်။

ယနေ့လိုက်ပါ ထွက်ခွာသော ခရီးသည်များမှာ COVID-19 ကာလအတွင်း လွိုင်ကော်တွင် ပိတ်မိနေသည့် ပုဂ္ဂလိက ဝန်ထမ်းများဖြစ်ကြပြီး လေကြောင်းလိုင်း ဖွင့်လိုက်သည့်အတွက် ခရီးသွားလာရေး အဆင်ပြေကြကြောင်း ခရီးသွားများထံက သိရသည်။


READ NEXT
Cancel OK