Top News

အင်ဒိုနီးရှားနှင့်ပွဲအပြီးတွင် ပရိသတ်များအား ရိုင်းပျစွာဆက်ဆံမိခဲ့သည့်အတွက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပြန်လည်တောင်းပန်
24htopnews | December 12, 2024 1:12 AM CST

 

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်သည် ဒီဇင်ဘာ ၉ရက်က Asean Cup ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲ အဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်သည့် ပွဲအပြီးတွင် အထူးတန်းပွဲကြည့်စင်ပေါ်မှ ပရိသတ်များအား ရိုင်းပျစွာဆက်ဆံမိခဲ့သည့် အတွက် ပြန်လည်တောင်းပန်ကြောင်း ၎င်း၏လူမှုကွန်ရက်တွင် Post တင်ပြောကြားခဲ့သည်။

မြန်မာ-အင်ဒိုနီးရှားပွဲကို လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်အချို့သည် မောင်မောင်လွင်၏ ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်းမရှိခြင်းကြောင့် အော်ဟစ်ခဲ့ရာ ပွဲအပြီးတွင် မောင်မောင်လွင်က ရိုင်းပျသည့် အပြုအမူများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦး ဇော်ဇော်အပါအဝင် မြန်မာ့လက်ရွေးစင် အသင်း နည်းပြအဖွဲ့နှင့် ကစားဖော်များက ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရသည်။ မောင်မောင်လွင် သည် အသင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် အပြင် ယခုကဲ့သို့ ပရိသတ်များကို ရိုင်းပျစွာတုံ့ပြန်ခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၎င်းကိုအရေးယူပေးရန် တောင်းဆိုမှုများလည်း ပြုလုပ်လျက်ရှိသည်။ 

မောင်မောင်လွင်က "မင်္ဂလာပါ။ ကျွန်တော် မောင်မောင်လွင်ပါ။ မနေ့က (၉-၁၂-၂၀၂၄) Indonesia-Myanmar ပွဲအပြီး ပွဲကြည့်စင်ရှေ့တွင် ကျွန်တော်တို့အသင်း အပေါ်နဲ့ ကျွန်တော့်အပေါ်မှာ ကောင်းစေချင်တဲ့စိတ်နဲ့ ပြောဆိုခြင်းများအား ကျွန်တော်ရဲ့ တစ်ခဏ စိတ်ခံစားချက်ကြောင့် ကျွန်တော်တို့ပွဲကို တကူးတကအချိန်ပေးကာ လာရောက်အားပေးတဲ့ ပရိသတ်များအပေါ် ရိုင်းပျစွာ ဆက်ခံမိခဲ့သည်မှာ ကျွန်တော် မှားကြောင်း မနေ့ကနှင့် ဒီနေ့တစ်နေ့လုံး သေချာစဉ်းစားခဲ့မိပြီး ကျွန်တော်ရဲ့ ဘောလုံးချစ် ပရိသတ်များအပေါ် အားနာစိတ် အမှန်တကယ် ရင်ထဲမှ ဖြစ်ခဲ့မိပါသည်။ ကျွန်တော်တို့ ပွဲစဉ်တစ်လျှောက်လုံး အားစိုက်ပြီး ကြိုးစားခဲ့သမျှ Result ထွက်လာချိန်တွင် မျှော်လင့်ထားသလောက် အဆင်မပြေခဲ့တဲ့အတွက် အသင်းခေါင်းဆောင်တစ်ယောက် အနေနဲ့ အသင်းအပေါ်အားနာစိတ်၊ ပွဲကြည့် ညီကိုများအပေါ် တာဝန်မကျေဘူးလို့ ခံစားရတဲ့ ခံပြင်းစိတ်များကြောင့် ကျွန်တော်ရဲ့စိတ်တွေ တစ်ခဏရိုင်းပျသွားခဲ့ရသည်ကို ကျွန်တော် လွန်စွာအားနာမိပါသည်။ နောက်နောင် ကျွန်တော့်ဘက်က အခုလို ရိုင်းပျမှုမျိုး မရှိအောင် ကြိုးစားထိန်းသိမ်းပြီး လက်ကျန် ပွဲစဉ်များကို အားမာန်အပြည့် ဆက်လက် ကစားဖို့လည်း Ready ဖြစ်နေပြီမို့ ကျွန်တော့် အပေါ်မှာ ထားရှိတဲ့ စိတ်ဆိုးဒေါသဖြစ်မှုများအတွက် ကျွန်တော် အနူးအညွတ်တောင်းပန်အပ်ပါသည်။ (စာကြွင်း) ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်အသင်းသည် မနေ့ညက ပွဲအပြီးမှစတင်ကာ ယနေ့နေ့လယ်အထိ အဝေးကွင်းအတွက် ခရီးသွားနေရခြင်းကာလတွင် ကျွန်တော် လိုင်း မတက်နိုင်ခဲ့ပါခင်ဗျာ၊ ကျွန်တော် Facebook Account တွင်ရှိသည့် ကျွန်တော်ရဲ့ Admin များ cmt Reply ပြန်ရာတွင် အမှားအယွင်းများစွာရှိသည့်အတွက် ကျွန်တော့်ဘက်မှ Account admin များ အစား ထပ်မံတောင်းပန်အပ်ပါတယ်ခင်ဗျာ"ဟု Post တင်ထားခြင်းဖြစ်သည်။ 

မောင်မောင်လွင်သည် မြန်မာ့လက်ရွေးစင်အသင်း အသင်းခေါင်းဆောင်အဖြစ် ၂၀၂၁ ခုနှစ်တွင် စတင်တာဝန်ပေးအပ်ခြင်း ခံရပြီး အသင်းခေါင်းဆောင်အဖြစ် တတိယအကြိမ် ကစားခွင့်ရသည့် Asean Cup ပြိုင်ပွဲလည်းဖြစ်သည်။ မောင်မောင်လွင်သည် မြန်မာ ယူ-၁၉ အသင်းမှ ထွက်ပေါ်လာသည့်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအထိ ပုံမှန်ပွဲထွက်ခွင့်မရသော်လည်း ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဓိက ကစားသမားအဖြစ် ပါဝင်ကစား ခွင့်ရရှိခဲ့သည်။


READ NEXT
Cancel OK