Top News

တနိုင်းမြို့တွင် ဆင်တစ်ကောင်က မုန်ယိုပြီး လိုက်လံနင်းသတ်သဖြင့် အမျိုးသမီးလေးဦး သေဆုံး
24htopnews | December 11, 2024 6:12 PM CST

ကချင်ပြည်နယ် တနိုင်းမြို့တွင် ဒီဇင်ဘာ ၈ ရက် နံနက်၌ ဆင်တစ်ကောင်က မုန်ယိုပြီး လိုက်လံနင်းသတ်သဖြင့် အမျိုးသမီးလေးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မုန်ယိုနေသည့် ဆင်မှာ တရုံကျေးရွာဘက်မှ ဒေသခံတစ်ဦး ပိုင်ဆိုင်သည့် ဆင်ဖြစ်ပြီး လယ်တဲစောင့်နေသည့် အဖွားဦးတစ်ဦးကို နင်းသတ်ခဲ့ပြီးနောက် တနိုင်းမြို့ ဒူကောင်းရပ်ကွက်သို့ ဝင်ရောက်ကာ လူများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လယ်တဲက အဖွားတစ်ဦးကို နင်းသတ်တယ်။ ဒူကောင်ရပ်ကွက်က ဓမ္မဆရာမအပါအဝင် ဆယ်ဦးလောက် တိုက်ခိုက်ခံရတယ်။ သုံးဦးက ပွဲချင်းပြီးလို့ သိရတယ်။ ကျန်တစ်ယောက်က ဆေးရုံးမှာ သေတာ။ အမျိုးသမီးတွေချည်းပဲ။ ခြေ၊ လက်ကျိုးတာ၊ ထိခိုက်တာတွေလည်း ဆေးရုံမှာပဲ” ဟု ဆိုသည်။

ယင်းမုန်ယိုနေသည့်ဆင်အား အန္တရာယ်ရှိကြောင်း ဒီဇင်ဘာ ၉ ရက်က မြို့ထဲတွင် ကားဖြင့် လိုက်လံသတိပေးခဲ့ကြောင်း သိရသည်။

၂၀၁၇ စာရင်းအရ တနိုင်းဒေသတွင် အိမ်မွေးဆင်ကောင်ရေ ၁၆၂ ကောင်ကို မှတ်ပုံတင်လုပ်ထားကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ပုဂ္ဂလိကဆင်ပေါင်း ၈၉၈ ကောင်မှတ်ပုံတင်ထားပြီး မြန်မာသစ်လုပ်ငန်းပိုင် ဆင်ပေါင်း ၉၇ ကောင်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မုန်ယိုဆင်တိုက်ခိုက်မှုကြောင့် ၂၀၁၄ ခုနှစ်တွင် ဖားကန့်ဒေသတွင် ၄ ဦး၊ ၂၀၁၉ ခုနှစ်တွင် အင်းတော်ကြီးဒေသ၊ ညောင်ပင်ရွာအနီးတွင် သုံးဦး သေဆုံးခဲ့ပြီး ကျေးရွာအချို့က လူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တနိုင်ဒေသသည် ဟူးကောင်းချိုင့်ဝှမ်းတွင်းရှိနေပြီး ဆင်ပေါသည့် ဒေသဖြစ်သည်။ ဆင်ကိုပုဂ္ဂလိကပိုင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြကြောင်း သိရသည်။


READ NEXT
Cancel OK