Top News

မြန်မာ့ရိုးရာအတာသင်္ကြန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သတ်မှတ်ခံရခြင်းမှာ တစ်နိုင်ငံလုံး၏ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ကြောင်းသိရ
24htopnews | December 11, 2024 6:12 PM CST

မြန်မာ့ရိုးရာအတာသင်္ကြန် ယူနက်စကို၏ အမွေအနှစ်စာရင်း သတ်မှတ်ခံရခြင်းမှာ တစ်နိုင်ငံလုံး၏ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ စိမ်းလန်းစိုပြေတွင် ပြုလုပ်သည့် မြန်မာ့သင်္ကြန်ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိအောင် ဆောင်ရွက်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ဟောင်း) ဒေါ်စန္ဒာခင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူလုပ်လို့ရတယ်၊ ကိုယ်လုပ်လို့ရတယ်လို့ ထင်တာလဲ။ ဘယ်သူ့ကြောင့် ဒီအမွေအနှစ်ကို ရတယ်လို့ ထင်တာလဲ။ ကျွန်မတို့မှာ ယုံကြည်ချက်တစ်ခုရှိတယ်။ ကောင်းတဲ့အရာတွေကို တကယ့်နှလုံးသားထဲက ဆန္ဒရှိလို့ ဆန္ဒရှိလို့ဆိုပြီး အကြိမ်ကြိမ် လှိုက်လှိုက်လှဲလှဲ ဆန္ဒရှိနေရင် အကြိမ်ကြိမ် လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေရင် အားလုံးရဲ့ဆန္ဒတွေ ပြည့်လာတယ်မဟုတ်လား။ အဲ့ဒါကြောင့်မို့လို့ ဒီအမွေအနှစ်ဟာ ကမ္ဘာ့အမွေအနှစ်ရတယ်ဆိုတာ သင်္ကြန်ကို ချစ်မြတ်နိုးတဲ့ နိုင်ငံသားတွေ အားလုံးကြောင့်ရတာပါ။ ကျွန်မတို့ သင်္ကြန်ကို မြတ်နိုးတဲ့ နှလုံးသားထဲကစိတ်ဓာတ်က ကိုင်လို့လည်း မရဘူး၊ ထိလို့လည်း မရဘူး။ အဲ့ဒါစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု။ အဲဒါစိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုမှာ လှိုက်လှိုက်လှဲလှဲ နှစ်နှစ်ကာကာ ရစေချင်တဲ့စိတ်ရှိလို့ ကျွန်မတို့ ရခဲ့တာပါ” ဟု ဒေါ်စန္ဒာခင်က ပြောကြားသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ တစ်စုတစ်ဖွဲ့တည်းရဲ့ အမွေအနှစ်မဟုတ်ဘဲ နှစ်ပေါင်းထောင်ချီ တည်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရခြင်းမှာ ထိုက်တန်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါသည် တစ်စုတစ်ဖွဲ့တည်းရဲ့ အမွေအနှစ် မဟုတ်ပါဘူး။ တစ်မျိုးသားလုံးရဲ့ အမွေအနှစ်၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပွဲတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိကက Community Base ပါ။ Community ကဆန္ဒရှိမယ်။ Community ထဲမှာ အားလုံးပူးပေါင်းပါဝင်ကြမယ်ဆိုရင် ဒီလိုအမွေအနှစ်က ကမ္ဘာ့အမွေအနှစ် ဖြစ်ရမှာပါပဲ” ဟု ဒေါ်စန္ဒာခင်က ပြောကြားသည်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၂၃ ခုနှစ် မတ်လတွင် ယူနက်စကိုသို့ တင်သွင်းခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံ၌ ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယူနက်စကိုသို့ တင်သွင်းရာတွင် အစိုးရက တင်သွင်းရခြင်းမဟုတ်ဘဲ လူမှုအဖွဲ့အစည်းများက တင်သွင်းရခြင်းဖြစ်ပြီး ယူနက်စကိုက သတ်မှတ်ထားသည့်အချက်များနှင့် ကိုက်ညီသဖြင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်ဖို့တော့ အချက်တွေ အများကြီးလိုပါတယ်။ ကျွန်မတို့အမျိုးသားအဆင့်ဝင် ဖြစ်သွားတဲ့အခါမှာ ကမ္ဘာ့အဆင့်ဖြစ်ဖို့ရာအတွက် စာတွဲတွေပေါ့၊ ဒီအမွေအနှစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေပေါ့။ သူ့ရဲ့ စစ်မှန်မှုတွေ၊ သမိုင်းအစဉ်အလာတွေ ဒီအပေါ်မှာ ကျွန်မတို့ နိုင်ငံသားတွေက ဘယ်လောက်အထိ တန်ဖိုးထားသလဲ ဘယ်လိုမြတ်နိုးသလဲ၊ ဘယ်လောက်အထိ ကာကွယ်စောင့်ရှောက်ထားသလဲ ဒါတွေကို ပေါင်းခြုံရေးသားပြီးတော့မှ Norminate တင်ပြရတယ်။ ပဏာမအဖြစ် တင်ပြတယ်။ လိုအပ်ချက်တွေရှိတယ်ဆိုရင် လိုအပ်ချက်တွေကို ဖြည့်စွက်ပြီးတော့ တင်ပြရတယ်။ ဒါကြောင့်မို့လို့ ဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ ပညာရှင်တွေလည်း ပေါင်းစုပြီးတော့ အကြံပေး၊ ဒီလိုပဲသက်ဆိုင်ရာ ပညာရှင်၊ ယဉ်ကျေးမှုအဖွဲ့တွေ ပေါင်းစုပြီးတော့မှ ရေးရတယ်။ ဘာသာရပ်တွေကို စုဆောင်းရတယ်။ သူတို့ကလည်း မူဘောင်( ယူနက်စကို) နဲ့ဝင်အောင်ရေးရပါတယ်။ ကျွန်မတို့လို လူမှုအဖွဲ့အစည်းတွေကျတော့လည်းပဲ အဖွဲ့လိုက်ဖြစ်ဖြစ်၊ တဦးချင်းကပဲဖြစ်ဖြစ် ဒီအမွေအနှစ်အပေါ်မှာ ဘယ်လောက်တန်ဖိုးထားလဲ၊ ဘယ်လောက်ထိန်းသိမ်းလဲဆိုတာကို ဒါတွေကို လိုက်လံစုဆောင်းရတာပေါ့။ လိုက်လံစုဆောင်းရတော့ ပြည်သူတွေရဲ့ စကားသံတွေ နိုင်ငံသားတွေက ကျွန်မတို့ရဲ့ အမွေအနှစ်အပေါ်မှာ ဘယ်လောက်တန်ဖိုးထားသလဲ၊ ဘယ်လောက်မြတ်နိုးသလဲ၊ နိုင်ငံခြားသားတွေကရော ဘယ်လိုမြင်သလဲ ဆိုတာကို မေးမြန်းပြုစုပြီးတော့မှ ဝန်ကြီးဌာနဲ့ ပေါင်းပြီးတော့ တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဒေါ်စန္ဒာခင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယူနက်စကိုစာရင်း၌ နောက်ဆုံးသတ်မှတ်ခံထားရသည့် ဒေသမှာ ပုဂံဒေသဖြစ်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်လာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ပျူမြို့ပြနိုင်ငံများဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိသာနိုးမြို့ဟောင်းနေရာများကို ၂၁၀၄ ခုနှစ်တွင် ယူ နက်စကို စာရင်းဝင်ဒေသများအဖြစ်လည်းကောင်း၊ ပုဂံဒေသအား ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ယူနက်စကိုစာရင်းဝင်ဒေသများအဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။

အလားတူ မြဂနိုင်ရုပ်ရှင်မှာလည်း ယူ နက်စကို၏ ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင် ရာ အမွေအနှစ်အဖြစ်လည်း၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် မြန်မာ့ရိုးရာသင်္ကြန်မှာ သင်္ကန္တဟူသော ပါဠိပုဒ်မှ လာသည့် သက္ကတ ရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။


READ NEXT
Cancel OK