Top News

BBC Sports Personality of the Year ဆုအတွက် အိုလံပစ်ချန်ပီယံအပြေးမယ် ဟော့ကင်ဆင် ရေပန်းအစားဆုံးဖြစ်နေ
24htopnews | December 11, 2024 2:12 PM CST

 

၂၀၂၄ BBC Sports Personality of the Year (BBC ၏ တစ်နှစ်တာအားကစားဆိုင်ရာထူးချွန်ဆု)အတွက် ပါရီနွေရာသီ အိုလံပစ်ပြိုင်ပွဲ မီတာ ၈၀၀ ရွှေတံဆိပ်ဆုရှင်  ကီလီဟော့ကင်ဆင်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

BBC Sports Personality of the Year ဆုချီးမြှင့်ရန် ဆန်ခါတင်အားကစားသမား ခြောက်စာရင်းကို ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန်ခါတင် စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်၊ Dart (မြားပေါက်) ချန်ပီယံ လုခ်လစ်တယ်လာ၊ ခရစ်ကတ်ကစားသမား ဂျိုးရု၊ မသန်စွမ်းစက်ဘီသမား ဆာရာစတိုရေး နှင့် သုံးမျိုးစုံအားကစားသမား အဲလက်စ်ယီတို့ ပါဝင်လာခဲ့သည်။ 

Betfair ၏အလေးပေးချက်တွင် ဟော့ကင်ဆင်က ၁း၄ လေးဖြင့် ထိပ်ဆုံးမှ ရေပန်းစားနေပြီး လစ်တယ်လာက ၅း၂ လေးဖြင့် အနီးဆုံးရှိနေကာ အဲလက်စ်ယီ က ၅ဝး၁ လေး၊ ဘယ်လင်ဟမ်က ၆၆း၁ လေး၊  စတိုရေးနှင့် ဂျိုရုတို့က ၈ဝး၁ လေးဖြင့် အသီးသီး ရှိနေကြသည်။ 

BBC သည် BBC Sports Personality of the Year ဆုကို ၁၉၅၄ခုနှစ် မှစ၍ နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးနှစ်ကြိမ်တွင် အမျိုးသမီးဘောလုံးသမားများက ရရှိခဲ့သည်။ သို့သော် ချီးမြှင့်ခဲ့သည့် အကြိမ်  ၇၀ အတွင်း ဘောလုံးသမားများ ရရှိမှုမှာ စုစုပေါင်း ခုနစ်ကြိမ်သာ ရှိခဲ့ကြောင်း သိရသည်။ 

BBC Sports Personality of the Year ဆုကို အမျိုးသားဘောလုံးသမား များထဲမှ ရရှိခဲ့သူများမှာ ဘော်ဘီမိုး၊ ဂတ်စ်ကွိုင်နီ၊ မိုက်ကယ်အိုဝင်၊ ဒေးဗစ်ဘက်ခမ်နှင့် ရိုင်ယန်ဂစ်တို့ ဖြစ်ပြီး အမျိုးသမီး ဘောလုံးသမားနှစ်ဦးမှာ ဘက်မိဒ်နှင့် မယ်ရီအက်စ်တို့ ဖြစ်သည်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအခမ်း အနားမတိုင်မီ ပရိသတ်များအနေဖြင့် မဲပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

BBC Sports Personality of the Year ဆုအပြင် အခြား ဆုများအဖြစ် Young Sports Personality of the Year ၊ Team of the Year ၊ Coach of the Year ၊ Unsung Hero ၊ Helen Rollason ၊ Lifetime Achievement ၊ World Sports Star စသည့် ဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်သည်။ ယခုနှစ်အတွက် ထုတ်ပြန်သည့် ဆန်ခါတင်ခြောက်ဦးစာရင်းတွင် ယခင်ဆုရရှိဖူးသူ တစ်ဦးတစ်ယောက်မျှ ပါဝင်လာခြင်းမရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။


READ NEXT
Cancel OK