Top News

ကိုဗစ်ကာလ ချေးငွေများက ယိုင်နဲ့နေသည့် စီးပွားရေးလုပ်ငန်းများအပေါ် ထိရောက်သောအထောက်အပံ့ ဖြစ်နိုင်မလား
24htopnews | December 11, 2024 5:12 AM CST

ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအများစု၏ စီးပွားရေး စံချိန်တင်ကျဆင်းမှုများ ဖြစ်ပေါ်နေသည်။ ရောဂါကူးစက်မှုအချိန် ပိုမိုကြာမြင့်လာသည်နှင့်အမျှ စီးပွားရေး ပြန်လည်နာလန် ထူလာရန်ပင် ရုန်းကန်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ရောဂါ ကူးစက်မှုခံစားနေရသဖြင့် ကိုဗစ်ကြောင့် နဂိုမူလကပင် ယိုင်နဲ့နဲ့ ဖြစ်နေသည့်စီးပွားရေး လုပ်ငန်းများအပေါ် ကြီးမားသည့်ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ရရှိမှုတို့အပေါ် ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်နေသောအခြေအနေများကို ကုစားနိုင်ရန် နိုင်ငံတကာတွင် အစိုးရများက အထောက်အပံ့ ပြုလုပ်နေသည်။

COVID-19 ကြောင့် ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးရန် ကျပ်ဘီလျံ ၁၀၀ ရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ပါဝင်သော လက်ခစားအပ်ကုန်စနစ်လုပ်ငန်း (CMP) ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ပထမအကြိမ်အဖြစ် ချေးငွေများ ထုတ်ပေးခဲ့ပြီးဖြစ်သည်။

လိုအပ်ချက်အပေါ်မူတည်ပြီး ရန်ပုံငွေကို ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော COVID-19 Economic Relief Plan တွင် ဖော်ပြထားသည်။

 

ဒုတိယအကြိမ် ထုတ်ချေးတော့မည့် ကိုဗစ်ချေးငွေ

ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် COVID-19 Fund မှ ချေးငွေများ ထုတ်ချေးလျက်ရှိရာ မကြာမီတွင် ဒုတိယအကြိမ်အဖြစ် ချေးငွေထုတ်ချေးတော့မည်ဖြစ်သည်။

ချေးငွေလျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၀ ရက်အတွင်းက အွန်လိုင်းမှ လျှောက်ထားခြင်းနှင့် ကိုယ်တိုင်လာရောက်ခြင်းနှစ်မျိုးစလုံးဖြင့် လက်ခံခဲ့သည်။

“ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ ချေးငွေလျှောက်လွှာပေါင်း ၁၀၀၀၀ ကျော် လက်ခံရရှိပါတယ်။ အဲဒီ ၁၀၀၀၀ ကျော်မှာ အဓိက ၇၅ ရာခိုင်နှုန်းလောက်က တိုင်းနဲ့ ပြည်နယ်တွေကနေ လျှောက်လာတဲ့ လျှောက်လွှာတွေ ဖြစ်ပါတယ်။ အဲဒီမှာ ဘယ်ကဏ္ဍတွေကအများဆုံးလဲဆိုရင် လက်တလောအခု ရန်ကုန်ဘက်ကနေလျှောက်တဲ့ လျှောက်လွှာတွေအရဆိုရင် စားသောက်ကုန်လုပ်ငန်းတွေ၊ သွင်းကုန်အစားထိုး လုပ်ငန်းတွေ၊ Supply Chain တစ်လျှောက်မှာပါဝင်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းနဲ့ ပြည်နယ်ကနေပြီးတော့ လျှောက်လာတဲ့ လျှောက်လွှာအများစုကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းလျှောက်လွှာတွေဖြစ်မယ်လို့ ဒီဘက်နေခန့်မှန်းရပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောကြားသည်။

လက်ရှိအချိန်အထိ ချေးငွေလျှောက်လွှာ လက်ခံရရှိမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များက UMFCCI သို့ ကိုယ်တိုင်လာရောက်လျှောက်ထားသည့် လျှောက်လွှာပေါင်း ၁၅၀၀၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ CCI များသို့ လာရောက်လျှောက်ထားသည့် လျှောက်လွှာပေါင်း ၇၆၀၀ ကျော်နှင့် အွန်လိုင်းမှ လျှောက်ထားသည့် လျှောက်လွှာပေါင်း ၈၀၀ ကျော် လျှောက်ထားခဲ့သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများအတွက် ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် ကျပ်ဘီလျံ ၁၀၀ ကို ပထမအရစ်ကျပ် ၃၅ ဘီလျံ၊ ဒုတိယအရစ်ကျပ် ၃၅ ဘီလျံနှင့် တတိယအရစ် ကျပ်ဘီလျံ ၃၀ ကို အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

ချေးငွေများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ် သတ်မှတ်၍ ချေးငွေထုတ်ပေးမည် ဖြစ်သည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်း ထုတ်လုပ်မှုမှ  ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးမည်ဖြစ်သည်။

ချေးငွေထုတ်ပေးမှုများ မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များမှ တစ်ဆင့်လည်း ထုတ်ပေးမည်ဖြစ်သည်။

ယခင်ကချေးငွေရရှိပြီးသား ကုမ္ပဏီဖြစ်သော်လည်း မတူညီသည့် လုပ်ငန်းအမျိုးအစားများအတွက် ချေးငွေထပ်လျှောက်ခွင့်ရှိပြီး ထပ်မံလျှောက်ထားမည့် လုပ်ငန်းအတွက် သီးခြားဘဏ္ဍာရေး စာရင်း၊ မှတ်ပုံတင်ထားခြင်း၊ အခွန်ဆောင်ထားခြင်းများရှိပါက ချေးငွေ ထုတ်ချေးပေးသွားမည်ဟု အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆိုသည်။

“ အရေးကြီးတာက ဘာဖြစ်ရမလဲဆိုတော့ အဲဒီကုမ္ပဏီက သီးခြားစာရင်း သီးခြားအခွန်ဆောင်ထားတဲ့ဟာ၊ နောက်ပြီးတော့ သီးခြားမှတ်ပုံတင်ထားတာ ရှိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လူတွေက တချို့လွဲနေတဲ့ အပိုင်းလေးပေါ့နော်။ ဘာလဲဆိုတော့ တချို့က လူပုဂ္ဂိုလ်ကို ချေးတာလို့ ထင်နေတယ်။ မဟုတ်ဘူး။ ဒီချေးငွေသည် အစိုးရကနေပြီးတော့ လုပ်ငန်းတွေကို ချေးတာ။ လုပ်ငန်းတွေကို ထုတ်ချေးပေးတာဖြစ်တဲ့အတွက် ဥပမာပိုင်ရှင် ဒီအဖွဲ့တစ်ဖွဲ့ပဲဖြစ် ကောင်းဖြစ်နေလိမ့်မယ်။ သို့သော် မတူညီတဲ့ လုပ်ငန်းတွေ ရှိတဲ့အခါကျရင် သူ့လုပ်ငန်းအလိုက်ကို သူကရသွားမှာဖြစ်တယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့  တချို့တွေက ကုမ္ပဏီ မှတ်ပုံတင်ထားက သီးခြားရှိတယ်။ စာရင်းကလည်း သီးခြားထူထောင်ထားတာ ဖြစ်တယ်။ အဲဒီအတွက်ကိုလည်း သီးခြား အခွန်ဆောင်ထားတာဖြစ်တယ်။ သီးခြားရပ်တည်နေတယ်ဆိုရင် ဒီကုမ္ပဏီအဖွဲ့ထဲမှာပါဝင်တာ ဖြစ်ပေမဲ့လည်း ပြီးခဲ့တဲ့အချိန်မှာ ဒီကုမ္ပဏီက ရခဲ့ပေမဲ့လည်း ဒီတစ်ချိန်မှာ မတူတဲ့လုပ်ငန်း နောက်ကုမ္ပဏီတစ်ခုကနေပြီးတော့ ရနိုင်တယ်။ လျှောက်လို့လည်း ရပါတယ်” ဟု UMFCCI ၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောကြားသည်။

         

ပထမအကြိမ် ကိုဗစ်ချေးငွေ ထုတ်ပေးမှုအခြေအနေ

COVID-19 ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် COVID-19 Fund ထူထောင်ကာ စီးပွားရေးထိခိုက်မှု အများဆုံးခံခဲ့ရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှစ၍ ချေးငွေများ ထုတ်ချေးပေးခဲ့သည်။

လုပ်ငန်းကော်မတီ၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်စွဲပါ ကြေညာချက်တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေခုနစ်ကြိမ်ခွဲ၍ ထုတ်ချေးထားသည်။

လုပ်ငန်းတစ်ခုချင်းအလိုက် ချေးငွေရရှိမှုကို လေ့လာကြည့်ပါက စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ MSME ၂၅၅၀ သို့ ချေးငွေကျပ် ၇၀၀၈၁ ဒသမ ၁၀ သန်း (ကျပ်ဘီလျံ ၇၀ ကျော်) ဖြင့် စုစုပေါင်းချေးငွေ ထုတ်ချေးထားမှု၏ ၆၉ ဒသမ ၃၀ ရာခိုင်နှုန်းအထိ အများဆုံး ထုတ်ချေးထားသည်။

ဟိုတယ်လုပ်ငန်း ၃၄၀ သို့ ချေးငွေကျပ်  ၁၅၇၂၀ ဒသမ ၇၄ သန်း (ကျပ် ၁၅ ဒသမ ၇ ဘီလျံကျော်) အထိ ထုတ်ချေးထားပြီး စုစုပေါင်း ချေးငွေထုတ်ချေးထားမှု၏ ၁၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ဒုတိယအများဆုံး ထုတ်ချေးထားသည်။

အထည်ချုပ် CMP လုပ်ငန်း ၄၅ ခုသို့ ချေးငွေကျပ် ၆၃၁၂ သန်း (ကျပ် ၆ ဒသမ ၃ ဘီလျံကျော်) ထုတ်ချေးထားပြီး စုစုပေါင်းချေး ငွေထုတ်ချေးထားမှု၏ ၆ ဒသမ ၂၄ ရာခိုင်နှုန်းအထိ ထုတ်ချေးထားပြီး အခြား CMP လုပ်ငန်းနှစ်ခုသို့ ချေးငွေကျပ် ၇၅ သန်း ထုတ်ချေးထားသည်။

ထို့ပြင် ခရီးသွားလုပ်ငန်း ၂၃၆ ခုသို့ ချေးငွေကျပ် ၃၇၅၇ ဒသမ ၄၆ သန်းထုတ်ချေးထားပြီး စုစုပေါင်း ချေးငွေထုတ်ချေးထားမှု၏ ၃ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ထုတ်ချေးထားပြီး စားသောက်ဆိုင်လုပ်ငန်း ၂၂၀ သို့ ချေးငွေကျပ် ၅၁၈၂ သန်း ထုတ်ချေးထားကာ စုစုပေါင်းချေးငွေ ထုတ်ချေးထားမှု၏ ၅ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ထုတ်ချေးထားသည်။

သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေ ခုနစ်ကြိမ်ခွဲ၍ ချေးငွေ ကျပ် ၁၀၁၁၂၅ ဒသမ ၃ဝသန်း (ကျပ် ၁၀၁ ဘီလျံကျော်) ထုတ်ချေးခဲ့ခြင်း ဖြစ်သည်။

 

ချေးငွေများက ထိရောက်သည့် အထောက်အပံ့ဖြစ်စေသလား

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများစွာ ထိခိုက်ခံစားနေရသကဲ့သို့ ယင်းလုပ်ငန်းများအပေါ် မှီခိုနေရသည့် အလုပ်သမားများနှင့် ယင်းတို့၏မိသားစုများတွင်လည်း COVID-19 ဂယက်ကို ရင်ဆိုင်နေရသည်။

အစိုးရဘက်မှ ထုတ်ချေးမည့် COVID-19 Fund မှ ချေးငွေထုတ်ချေးပေးသော်လည်း ချေးငွေ ချေးပေးမည့်အပေါ်တွင် အကန့်အသတ်များနေသည့်အတွက် လုပ်ငန်းရှင်အချို့အတွက် အခက်အခဲများ ရှိနေသည်။

လုပ်ငန်းကဏ္ဍအလိုက် ချေးငွေ ရရှိသည့်လုပ်ငန်းရှင်များအတွက်လည်း အမှန်တကယ် အထောက်အပ့ံ ဖြစ်စေသလား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာများ ရှိနေသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။

သို့သော်လည်း ချေးငွေရရှိထားပြီးသည့် လုပ်ငန်းရှင်များ၏ လုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်မှု အခြေအနေများကို စစ်တမ်းကောက်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

“ ပထမအကြိမ်ချေးငွေ ရထားပြီးသားသူတွေနဲ့ပတ်သက်လို့လည်း နောက်ကနေလိုက်ပြီး Survey လုပ်မယ့်အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒီဟာတွေလုပ်ပြီးတဲ့အခါမှာလည်း အလျင်းသင့်သလို လိုအပ်ရင် လိုအပ်သလို ထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆိုသည်။

“ နိုင်ငံတော်ကလည်း သူ့မှာ ရှိတဲ့အင်အားနဲ့ ဆင်ပါးစပ် နှမ်းပက်တဲ့ ဘဝရောက်တယ်။ ဥပမာ ကိုယ်ဝန်မရှိတဲ့သူကို အတင်းညှစ်ခိုင်းမနေပါနဲ့။ ထွက်လာမှာလည်း မဟုတ်ဘူး။ ဆိုတော့ လုပ်တဲ့ကိုင်တဲ့ အချိန်မှာ တော်တော်လေး သတိထားရပါတယ်။ Stimulus Packages ပေးတာကအဓိကက ဝန်ထမ်းတွေကို သုံးလခပေးနိုင်အောင်လို့ သူတို့ထုတ်ပေးတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ မယိုင်လဲအောင်တော့ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ အခုအပြောင်းအလဲမှာ တခြားနိုင်ငံတွေကို ပြောပြတာပါ။ တခြားနိုင်ငံမှာ တချို့အိမ်နီးချင်းနိုင်ငံတွေမှာတောင်မှ ဝန်ကြီးတွေ နုတ်ထွက်သွားတာရှိတယ်။ နောက် Cabinet မှာ မပါချင်လို့။ စိန်ခေါ်မှုတော်တော်ကို ကြီးပါတယ်။ တာဝန်တော်တော်ကို ကြီးတယ်။ တချို့ဟာတွေမှာ သိကြားမင်းတောင် ဆင်းပြီးလုပ်လို့ မရတဲ့ဟာတွေ ရှိပါတယ်။ တော်တော်ကိုခက်ပါတယ်။ ဒါကို ဘယ်လိုသွားမလဲဆိုတာ လိမ္မာဖို့လိုပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကပ်ရောဂါကာလ မည်မျှကြာမြင့်မည်ကို လက်ရှိအချိန်အထိ မည်သည့်ဆေးပညာရှင်ကမျှ ခန့်မှန်းနိုင်ခြင်း မရှိသေးသောကြောင့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုသည် မည်သည့်အချိန်ကာလတွင် ပြီးဆုံးမည်ကို ခန့်မှန်း၍ မရနိုင်သေးပေ။

အခြားတစ်ဖက်တွင် လက်ရှိ ချေးငွေသက်တမ်းသည် တစ်နှစ်သာပေးထားခြင်းဖြစ်သဖြင့် ၂၀၂၁ ခုနှစ်ကာလခန့်တွင် ယိုင်နဲ့နဲ့စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေး ရေရှည်ကျဆင်းနိုင်မှုအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

“တကယ်ကယ်တင်လို့ရမယ့် Industry လေးတွေကို အရင်ဆုံးယူပြီး ဒါလေးတွေကို Stimulus Package ပေးပြီးတော့ ဆွဲပြီးခေါ်ပြီးတော့ ICU ထဲ ထည့်ရတော့မယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားခဲ့သည်။

 

လက်ရှိမြန်မာ့စီးပွားရေး အခြေအနေ

COVID-19 ကပ်ရောဂါသည် မြန်မာနိုင်ငံအပေါ် စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်စေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

“ အခုအချိန်မှာ မြန်မာ့စီးပွားရေး ကာလလတ်မျှော်မှန်းချက်များက အကောင်းဘက်ဦးတည်နေပေမဲ့ ကြိုတင်မခန့်မှန်းနိုင်တဲ့ ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာနိုင်ခြေကြောင့် ကြီးမားတဲ့အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ခိုင်မာအားကောင်းသော မူဝါဒလုပ်ဆောင်မှုများ အရေးတကြီး လိုအပ်နေပါတယ်။ အစိုးရအနေနဲ့ ရည်မှန်းထားတဲ့ အသုံးစရိတ်မျှော်မှန်းချက်တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြုခြင်း၊ စီးပွားရေးလုပ်ငန်းငယ် အများအပြားသို့ တိုးချဲ့အထောက်အပ့ံပေးခြင်းနဲ့ နွမ်းပါးတဲ့အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် CERP ကို ပိုမိုထိရောက်အောင်မြင်စေနိုင်ပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောကြားသည်။

“ စီးပွားရေးရှုထောင့်ကကြည့်မယ်ဆိုရင် အကျပ်အတည်း ပေါ်ပေါက်လာပြီဆိုရင် Economic Resection လို့ခေါ်တဲ့ စီးပွားရေးကျဆင်းမှုက ဖြစ်လာတာပေါ့နော်။ စီးပွားရေးကျဆင်းမှုမှာ အခုက တော်တော်များများ ခန့်မှန်းတာက Resection လို့ခေါ်တဲ့ ရိုးရိုးသာမန်ကျဆင်းမှုမျိုးပဲ ကျဆင်းသွားမှာလား။ ဒါမှမဟုတ် သူ့ထက်ပိုပြီး ပြင်းထန်တဲ့ Depression လို့ခေါ်တဲ့ စီးပွားရေးအကျပ်အတည်းကြီးကို ရင်ဆိုင်ရမလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” ဟု စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်သူ ဒေါက်တာမြင့်ဆန်းက DVB Debate အစီအစဉ်တွင်  သုံးသပ်ပြောကြားထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု ၉ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် ကုန်သွယ်ရေးအဟန့်အတားဖြစ်ခဲ့ပြီး လူ သန်းနှင့်ချီ အလုပ်လက်မဲ့ဖြစ်နေစဉ် ADB ၏ထုတ်ပြန်မှုသည် ယခင်ခန့်မှန်းမှုထက် နှစ်ဆပိုမိုဆိုးရွားခဲ့ခြင်းဖြစ်သည်။

စိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေများအရ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဒေါ်လာ ၈ ဒသမ ၈ ထရီလျံကျော် ဆုံးရှုံးနစ်နာနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း အစိုးရကြားဝင်မှုများက အကျပ်အတည်းကြောင့် ဆုံးရှုံးမှုများကို ထေမိစေရန် အထောက်အကူ ဖြစ်စေနိုင်သည်ဟု ADB က ထုတ်ပြန်ခဲ့သည်။

ဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် ၂၄၂ သန်းအထိ ဆုံးရှုံးနိုင်ခြေရှိပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အလုပ်အကိုင်ဆုံးရှုံးမှုထက် ခုနစ်ဆကျော် ပိုများမည်ဖြစ်သည်။ အလုပ်သမား ဝင်ငွေဆုံးရှုံးမှုသည် ဒေါ်လာ ၁ ဒသမ ၈ ထရီလျံကျော်အထိ ရှိနိုင်သည်။

“ ပြန်ထေမိဖို့ အခက်အခဲတွေ ရှိလာနိုင်တယ်” ဟု မနီလာအခြေစိုက် ADB က ထုတ်ပြန်ခဲ့သည်။ ကြွေးမြီဆပ်ရန် ပျက်ကွက်ခြင်းများနှင့် ဒေဝါလီခံခြင်းများ မဖြစ်အောင် ကာကွယ်ရန်အတွက် ကပ်ရောဂါကို မြန်မြန်ဆန်ဆန် မထိန်းချုပ်နိုင်ပါက ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လာမည့် အလားအလာကို ထည့်တွက်ထားကြောင်း ADB က သတိပေးခဲ့သည်။

COVID-19 ကပ်ရောဂါသည် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း စီးပွားပျက်ကပ်ပြီးနောက် ကမ္ဘာ့စီးပွားရေး အကျဘက်အကြီးမားဆုံး အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ပြည်သူများ အလုပ်ပြုတ်ကုန်ကြကြောင်း၊ အစိုးရဘဏ္ဍာရေးသည်လည်း ကျဉ်းထဲကျပ်ထဲ ရောက်သွားကြောင်း၊ ငွေကြေးစျေးကွက်များကလည်း ယိုင်နဲ့နဲ့သာ ရှိတော့ကြောင်း၊ ကုန်သွယ်ရေးစီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူများ အထိနာကြကြောင်း၊ မသေမသပ်နှင့် မူဝါဒပိုင်း ဆက်တိုက်ဆိုသလို တုံ့ပြန်မှုများက ရှုပ်ထွေးနေသကဲ့သို့  အသစ်ထွက်ပေါ်လာမှုကိုလည်း မျှော်လင့်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်ယှဉ်မည်ဆိုပါက COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှင့် လူ့အသက်ဆုံးရှုံးမှုများသော်လည်း စီးပွားရေးအရ ထိခိုက်မှုတွင်မူ သိသိသာသာကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများနဲ့ ယှဉ်မယ်ဆိုလို့ရှိရင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ လူ့အသက်ဆုံးရှုံးမှုများက ထိခိုက်မှုမများဘဲနဲ့ စီးပွားရေးအရ ထိခိုက်မှုကတော့ သိသိသာသာလေး ကြုံတွေ့နေရတာဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် ပြည်ပနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ အပိုင်းမှာတော့ ပြည်တွင်းမှာပါ စီးပွားရေးလုပ်ငန်းများ လည်ပတ်တဲ့ရာမှာ အကန့်အသတ်များရှိလာတဲ့အတွက် အခက်အခဲအခဲတွေ ရင်ဆိုင်နေရပါတယ်” ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါကြွယ်ဝမှုတို့ကို ခြိမ်းခြောက်သည့် နောက်ဆက်တွဲအကျိုးဆက်များ အကြီးအကျယ်ရှိလာဦးမည်ဖြစ်သည်။

ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း တွေ့ကြုံလာဦးမည်ဖြစ်သည်။

ရေရှည်တွင် COVID-19 ဂယက်ကြောင့် ဆက်ဖြစ်လာမည့် စီးပွားရေးကျဆင်းမှုနှင့် အလုပ်လက်မဲ့ ပြဿနာများအတွက် မည်သို့မည်ပုံဖြေရှင်းသွားမည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

COVID-19 ကာလကြာရှည်ခဲ့ပါက မည်သို့ဆက်လုပ်သွားမည်ဆိုသည်မှာ ပြဿနာတစ်ရပ်ဖြစ်နေသည်။ စက်ရုံများ ပြန်ဖွင့်ပါက လုပ်ငန်းခွင်များတွင် ရောဂါကူးစက်နိုင်မှုအပေါ် မည်သို့လုပ်ဆောင်သွားမည်၊ အကယ်၍ စက်ရုံမဖွင့်ဘဲ ထားပါကလည်း အလုပ်သမားများ၏ အလုပ်လက်မဲ့ ပြဿနာနှင့် စားဝတ်နေရေး အခြေအနေများကြောင့် လက်ရှိကာလသည် အစိုးရအတွက် ခေါင်းခဲစရာအနေအထားတစ်ခု ဖြစ်နေခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်တလောတွင် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုကို သိသာစွာ မခံစားရသေးသော်လည်း တတိယနှင့် စတုတ္ထသုံးလပတ်တွင် သိသိသာသာ ခံစားလာရနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားထားသည်။


READ NEXT
Cancel OK