Top News

ကုမ္ပဏီများ၏ မတည်ငွေ၊ အစုရှယ်ယာ ထည့်ဝင်ငွေအပေါ် ဝင်ငွေရလမ်းစိစစ်မည့် ပြည်တွင်းအခွန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျပ် ၂၆၉ ဒသမ ၁၅ ဘီလျံကျော် အမြတ်ရရှိခဲ့သည့် ဘဏ်လုပ်ငန်းကဏ္ဍ
24htopnews | December 11, 2024 5:12 AM CST

ပုဂ္ဂလိကကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများအပါအဝင် ကုမ္ပဏီအားလုံး၏ မတည်ငွေ၊ မတည်ငွေရင်းတိုးမြှင့်ခြင်း၊ အစုရှယ်ယာ ထည့်ဝင်ငွေများကို ဝင်ငွေ ရလမ်း မစိစစ်ရသေးပါက စိစစ်၍ အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ယခုရက်သတ္တပတ်အတွင်း အသိပေးကြေညာခဲ့သည်။ ထို့အတူ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်သစ် သုံးဘဏ်အရှုံးပေါ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၌ ကျပ် ၂၆၉ ဒသမ ၁၅ ဘီလျံကျော် အမြတ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကုမ္ပဏီ တည်ထောင်မှုသည် ၁၉၈၉-၁၉၉၀ မှ ၂၀၀၄-၂၀၀၅ ခုနှစ်များအထိ နှစ်စဉ် ရာဂဏန်းသာရှိရာမှ ၂၀၀၅-၂၀၀၆ မှ ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် နှစ်စဉ် ထောင်ဂဏန်းအထိ ရှိလာပြီး ၂၀၁၆-၂၀၁၇ မှ လက်ရှိအချိန်အထိ နှစ်စဉ် ကုမ္ပဏီတည်ထောင်မှု သောင်းဂဏန်းအထိ တိုးတက်လာခဲ့သည်။ ကုမ္ပဏီ အရေအတွက် တိုးတက်လာသည်နှင့်အမျှ ၎င်းတို့၏ မတည်ငွေရင်း၊ အစုရှယ်ထည့်ဝင်မှု၊ မတည်ငွေရင်း တိုးမြှင့်မှုများကို လွယ်ကူလျင်မြန်စွာဖြင့် ဝင်ငွေရလမ်းစိစစ်နိုင်ပါက ကုမ္ပဏီများ၏ အချိန်နှင့် ငွေကြေးကုန်ကျစရိတ် လျော့နည်းသက်သာမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း အခွန်အကောက်များ ပိုမိုရရှိစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

ဘဏ်တစ်ဘဏ်၏ အားကောင်းသော ဝင်ငွေနှင့် အမြတ်ရရှိနိုင်မှု အခြေအနေသည် ဘဏ်၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဘဏ်လုပ်ငန်း တိုးတက်ကောင်းမွန်ရေးအတွက် အထောက်အကူပြုကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် လုပ်ငန်းတွင်းဆုံးရှုံးနိုင်ခြေများအား လျော့နည်းစေပြီး လုံလောက်သော မတည်ရင်းနှီးငွေ ထည့်ဝင်နိုင်ခြင်း၊ လုပ်ငန်းချဲ့ထွင်နိုင်ခြင်းနှင့် အစုရှယ်ယာရှင်များအား လုံလောက်သော အမြတ်ခွဲဝေမှု ပေးနိုင်သည်။ ဝင်ငွေနှင့် အမြတ်ခွဲဝေမှုအား တိုင်းတာရာတွင် နည်းလမ်းများစွာရှိသော်လည်း အကောင်းဆုံးနှင့် အများဆုံးအသုံးပြုသည့် ရည်ညွှန်းကိန်းမှာ မတည်ငွေရင်းအပေါ်တွင် အမြတ်ပြန်လည်ရရှိနိုင်မှု အခြေအနေ (ROE) နှင့် စုစုပေါင်းရရန်ပိုင်ခွင့်တွင် အမြတ် ပြန်လည်ရရှိနိုင်မှု အခြေအနေ (ROA) တို့ဖြစ်သည်။

ဝင်ငွေနှင့်ပတ်သက်၍ တိုင်းတာရာတွင် မတည်ငွေရင်းအပေါ်တွင် အမြတ်ငွေ ပြန်လည်ရရှိနိုင်မှု အခြေအနေနှင့် စုစုပေါင်းရရန် ပိုင်ခွင့်တွင် အမြတ်ပြန်လည်ရရှိနိုင်မှု အခြေအနေတို့မှာ ဘဏ်လုပ်ငန်းတွင် ကွာခြားမှုကြီးမားကြောင်း တွေ့ရှိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်သစ် သုံးဘဏ်တွင် အရှုံးဖြစ်ပေါ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၌ ကျပ် ၂၆၉၁၅၁ ဒသမ ၃၈ သန်း အမြတ် ဖြစ်ပေါ်ခဲ့သည်။

 

ကုမ္ပဏီများ၏ မတည်ငွေ၊ အစုရှယ်ယာ ထည့်ဝင်ငွေအပေါ် ဝင်ငွေရလမ်းစိစစ်မည့် ပြည်တွင်းအခွန်

ကုမ္ပဏီများတွင် အစုရှယ်ယာ ထည့်ဝင်ခြင်းအတွက် အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်း စိစစ်မည်ဖြစ်ပြီး ဝင်ငွေရလမ်း မတင်ပြနိုင်ပါက စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် အခွန်ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ကုမ္ပဏီများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစုရှယ်ယာ ထည့်ဝင်သူများ၏ အစုရှယ်ယာ ထည့်ဝင်ငွေများအပေါ် ဝင်ငွေရလမ်း စိစစ်သည့်လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကုမ္ပဏီများတွင် အစုရှယ်ယာ ထည့်ဝင်ခြင်းအတွက် အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်းတင်ပြသည့်ကိစ္စရပ်များကို စိစစ်ခြင်း/ အခွန်စည်းကြပ်ခြင်းဆိုင်ရာ စီမံချက်အဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

စီမံချက်ကာလအဖြစ် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားပြီး စီမံချက်ရုံးခန်းကို အမှတ် (၁၆၃/၂၆၇)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံချက်အဖွဲ့အနေဖြင့် ဝင်ငွေရလမ်း တင်ပြသည့်ကိစ္စရပ်များအား စိစစ်ခြင်း/ အခွန်စည်းကြပ်ခြင်းတို့ကို သတ်မှတ်ရက်များအတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါသတ်မှတ်ရက်များမှာ အခွန်ထမ်းက ဝင်ငွေရလမ်းတင်ပြသည့် ကိစ္စများအတွက် လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထား ပြည့်စုံပါက အလုပ်လုပ်ရက် ငါးရက်အတွင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) အရ သတ်မှတ်ခွင့်ပြုထားသော အခွန်နှုန်းဖြင့် စည်းကြပ်မှု ဆောင်ရွက်သည့်ကိစ္စများအတွက် လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထား ပြည့်စုံပါက ရုံးချိန်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ အဓိကက ကုမ္ပဏီရှယ်ယာတွေကိစ္စပေါ့။ တချို့က ကုမ္ပဏီ မတည်ငွေရင်း တိုးချင်ကြတယ်၊ အဲဒီတိုးတဲ့အခါမှာ မြို့နယ်ရုံးတွေကို ပတ်ပြီးသွားစရာမလိုဘဲ တစ်နေရာထဲမှာ One Stop နဲ့၊ ဥပမာ ကျွန်တော်က A ကုမ္ပဏီပေါ့။ အဲဒီမှာ ကျွန်တော်ရဲ့ မတည်ငွေကို ဒါမှမဟုတ် ရှယ်ယာကို ကျပ်သိန်း ၁၀၀၀ တိုးချင်တယ်၊ ဝင်ငွေရလမ်းလည်း မရှိဘူးဆိုရင် ကျပ်သိန်း ၃၀ အခွန်ဆောင်လိုက်ရင် ပြီးသွားပြီ။ ကျပ်သိန်း ၂၀၀၀ ထည့်ချင်တယ်ဆို ပထမကျပ်သိန်း ၁၀၀၀ ကို ကျပ်သိန်း ၃၀၊ နောက်ကျပ်သိန်း ၁၀၀၀ ကို ကျပ် သိန်း ၅၀ ထည့်လိုက် ဒါဆိုပြီးပြီ။ ဒါမှမဟုတ် ကျွန်တော်က ဝင်ငွေ ရလမ်းရှိတယ်၊ ဘယ်ကုမ္ပဏီက အခွန်ဆောင်ပြီး ငွေဘယ်လောက်ရထားတယ်ဆိုပြီး ပြောလိုက်တာနဲ့ အခွန်ရုံးက စစ်တာနဲ့ တစ်နေရာတည်း ပြီးသွားပြီပေါ့။ အရင်က ဟိုဘက်ရုံး၊ ဒီဘက်ရုံး အဲဒီလိုတွေ လျှောက်သွားရတာကို တစ်နေရာတည်း လုပ်ပေးလိုက်တာပါ။ ကားကကျပ်၊ အချိန်ကကုန်၊ အလုပ်ကရှုပ်လို့ မြန်သွားအောင် One Stop Service ပေးတာပါ။ ဟိုအရင်ကတည်းက ကုမ္ပဏီထောင်ခဲ့ပြီး အခုအချိန်အထိ ဝင်ငွေစိစစ်မှုမခံရသေးတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ အဲဒီကုမ္ပဏီတွေလည်း လာပြီး စိစစ်မှု ခံယူရပါမယ်။ တချို့က အရင်ကတည်းက ဝင်ငွေရလမ်းစိစစ်ခံပြီး ကုမ္ပဏီထောင်ထားတာ၊ ထည့်ဝင် မတည်ငွေရင်း တိုးတာလည်း သူ့ဟာသူ တိုးထားတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ ဝင်ငွေရလမ်းမစိစစ်ရသေးရင် သူလည်း စိစစ်မှုခံယူရပါမယ်” ဟု ပြောကြားသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျပ် ၂၆၉ ဒသမ ၁၅ ဘီလျံကျော် အမြတ်ရရှိခဲ့သည့် ဘဏ်လုပ်ငန်းကဏ္ဍ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပုဂ္ဂလိကဘဏ်သစ် သုံးဘဏ် အရှုံးပေါ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၌ ကျပ် ၂၆၉ ဒသမ ၁၅ ဘီလျံကျော် အမြတ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပုဂ္ဂလိကဘဏ်များသည် ဘဏ်စနစ်တစ်ခုလုံးရှိ စုစုပေါင်း ရရန်ပိုင်ခွင့်များ၏ ၅၉ ဒသမ ၇၄ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး နိုင်ငံပိုင်ဘဏ်များသည် ၂၉ ဒသမ ၆၈ ရာခိုင်နှုန်းနှင့် နိုင်ငံခြားဘဏ်ခွဲများသည် ၁၀ ဒသမ ၅၈ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

ပုဂ္ဂလိကဘဏ်များ စုစုပေါင်းရပိုင်ခွင့်များတွင် ဘဏ်အလိုက်ပါ ဝင်သည့်ရာခိုင်နှုန်းများမှာ ကမ္ဘောဇဘဏ်က ၃၅ ဒသမ ၄၅ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁၇ ဒသမ ၇၈ ရာ ခိုင်နှုန်း၊ သမဝါယမဘဏ် (CB ဘဏ်) က ၁၆ ဒသမ ၀၃ ရာခိုင်နှုန်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ၁၂ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရိုးမဘဏ်က ၈ဒသမ ၀၄ ရာခိုင်နှုန်း၊ မြဝတီဘဏ်က ၅ ဒသမ ၉၀ ရာခိုင်နှုန်း၊ ယူနိုက်တက်အမရဘဏ်က ၃ ဒသမ ၃၇ ရာခိုင်နှုန်း၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ၃ ဒသမ ၀၄ ရာခိုင်နှုန်း၊ ကမ္ဘာ့ရတနာဘဏ်က ၂ ဒသမ ၆၄ ရာခိုင်နှုန်း၊ မြန်မာအရှေ့တိုင်းဘဏ်က ၁ ဒသမ ၇၈ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်က ၁ ဒသမ ၄၉ ရာခိုင်နှုန်း၊ နေပြည်တော်စည်ပင်ဘဏ်က ၁ ဒသမ ၂၉ ရာခိုင်နှုန်း၊ အင်းဝဘဏ်က ၁ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၈၉ ရာခိုင်နှုန်း၊ ပထမပုဂ္ဂလိကဘဏ်က ၀ ဒသမ ၈၀ ရာခိုင်နှုန်း၊ ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ၀ ဒသမ ၇၆ ရာခိုင်နှုန်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၇၀ ရာခိုင်နှုန်း၊ ထွန်းကော်မာရှယ်ဘဏ်က ၀ ဒသမ ၆၀ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော်ဘဏ်က ၀ ဒသမ ၂၆ ရာခိုင်နှုန်း၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၂၄ ရာခိုင်နှုန်း၊  မြန်မာအသေးစား ငွေရေးကြေးရေးဘဏ်က ၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ခရီးသွားဘဏ်က ၀ ဒသမ ၁၅ ရာခိုင်နှုန်း၊ ရတနာပုံဘဏ်က ၀ ဒသမ ၁၂ ရာခိုင်နှုန်း၊ သတ္တုဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၁၁ ရာခိုင်နှုန်း၊ Glory Farmer ဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၀၇ ရာခိုင်နှုန်း၊ အာရှရန်ကုန်ဘဏ် က ၀ ဒသမ ၀၅ ရာခိုင်နှုန်းတို့ ဖြစ်သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လစာရင်း များအရ မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၆၆၀၀၀ ကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီအသစ် တည်ထောင်မှုသည် လစဉ် ထောင်ဂဏန်း ရှိနေပြီး နှစ်စဉ် ကုမ္ပဏီသောင်းဂဏန်း သက်တမ်းတိုးလျက်ရှိသည်။  ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင် လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၅၁၄၇ ဒသမ ၂၃၀ ဘီလျံ ရရှိခဲ့ပြီး အခွန်လျာထားချက်၏ ၇၁ ဒသမ ၈၁ ရာခိုင်နှုန်း ကောက်ခံထားပြီး ဖြစ်သည်။ အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၆၁ ရာခိုင်နှုန်းသာရှိရာ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများကို စိစစ်ကောက်ခံနိုင်မှသာ အခွန်အကောက်ရရှိမှု တိုးတက်လာမည်ဖြစ်သည်။

လက်ရှိ အစိုးရက လက်ထက်အတွင်း ဘဏ်သစ် လေးဘဏ်ထပ်မံခွင့်ပြုခဲ့ပြီး စုစုပေါင်းပုဂ္ဂလိကဘဏ် ၂၇ ဘဏ်အထိ ရှိလာခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ အဆိုပါဘဏ် ၂၇ ဘဏ်က ဘဏ်ခွဲ ၁၉၀၀ ကျော်အထိ ဖွင့်လှစ်ထားပြီး ၄၂ လအတွင်း ဘဏ်ခွဲ ၆၀၅ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်လာခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလစာရင်းများအရ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်တွင် စုစုပေါင်းအပ်ငွေကျပ် ၄၇၈၆၅ ဘီလျံကျော်ရှိပြီး စုစုပေါင်းချေးငွေ ကျပ် ၂၉၀၁၈ ဘီလျံအထိရှိကာ လက်ရှိအစိုးရလက်ထက်အတွင်း ပြည်သူများ၏ စုဆောင်းငွေရော ဘဏ်များမှ စီးပွားရေးလုပ်ငန်းများထံ ထုတ်ချေးငွေပါ တိုးတက်လျက်ရှိသည်။ နိုင်ငံပိုင်ဘဏ်များထက် ပုဂ္ဂလိကဘဏ်များတွင် တိုးတက်နှုန်း မြင့်မားလျက်ရှိသော်လည်း လက်ရှိကာလအတွင်း ပုဂ္ဂလိကဘဏ်များတွင် အရင်း/အတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေပမာဏ များပြားနေခြင်းက အဓိကစိန်ခေါ်မှုဖြစ်ပြီး ဘဏ်လုပ်ငန်းတစ်ခုလုံး ခိုင်မာလုံခြုံမှုရှိစေရန် ဗဟိုဘဏ်က စဉ်ဆက်မပြတ် ထိန်းကွပ်သွားရမည်ဖြစ်သည်။


READ NEXT
Cancel OK