Top News

ထိုင်းနိင်ငံသို့ တရားမဝင်ပို့ဆောင်လူကုန်ကူးခံရသော မြန်မာနိုင်ငံသားများအား မြဝတီမြို့သို့ လွှဲပြောင်းပို့ဆောင်
24htopnews | December 11, 2024 5:12 AM CST

ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ကုန်ကူးခံရသော မြန်မာနိုင်ငံသားများအား ထိုင်း- မလေးနယ်စပ်တွင် ထိုင်းတာဝန်ရှိသူများက အချိန်မီကယ်တင်ပြီး မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၉ ရက် နံနက်က လာရောက်ပို့ဆောင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းပြီး လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၃ ဦးအား မြဝတီမြို့ သောင်ရင်းခမ်းမ၌ လူသားချင်းစာနာသော ထောက်ပ့ံငွေများ ပေးအပ်ခဲ့သည်။

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများမှာ အမျိုးသား ၆၅ ဦး၊ အမျိုးသမီးရှစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့ကဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန Inspector General Ms.Saranpar Anumatrajakit က အဖွင့်အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုမှာ တစ်နှစ်ထက်တစ် နှစ် ပိုမိုကောင်းမွန်မှုရှိလာသည့်အပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက “လူကုန်ကူးမှုတွေမှာတော့ ထိုင်းနဲ့တရုတ်အများဆုံးပေါ့။ လူကုန်ကူးမှုကိစ္စရပ်တွေကို ၂၀၀၉ ခုနှစ်တည်းက MoU ထိုးပြီး ဆောင်ရွက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ Chellter တွေမှာစောင့်ရှောက်ထားသူတွေကိုလည်း သွားရောက်ကြည့်ရှု အားပေးပါတယ်။ နိုင်ငံသားစိစစ်မှု၊ အခြေခံ လူ့အခွင့်အရေး၊ ထိုင်းတရားရုံးတွေမှာလည်း စိစစ်ဆဲကာလမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပါတယ်။ ဒီလိုပါပဲ လူသားချင်းစာနာမှုမှာလည်း အလေးပေးမှုတွေ ရှိလာတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတယ်။ ရှေ့ဆက်ပြီးတော့လည်း အရင်ထက်ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာမှ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံနယ်စပ်မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာသူဧရာဝတီတိုင်းမှ အမျိုးသမီးငယ်တစ်ဦးက ပွဲစားကို ခုနစ်သိန်းပေးရတယ်။ လက်ငင်းတော့ မပေးရဘူး။ ဟိုရောက်မှလုပ်ဆပ်ရပါမယ်။ ထိုင်းနိုင်ငံကနေ မလေးကိုသွားဖို့အတွက် မြန်မာနိုင်ငံမောတောင်ကနေ စထွက်ခဲ့တယ်။ ၂၀၁၈ ခုနစ် ဇွန် ၂၇ ရက်မှာ စထွက်တော့ ၂၈ ရက် ဟယိုင်မြို့နယ်မှာ ဖမ်းဆီးခံရပါတယ်။ ထိုင်းလဝက ပုလိပ်ရုံးမှာ ၄၅ ရက်ထားပြီးနောက် ဂေဟာကို့ပို့ပါတယ်။ ဂေဟာမှာ လေး၊ ငါးလနေပြီးမှ ထိုင်းတာဝန်ရှိသူတွေက ဒီကိုပို့ပေးလို့ ပြန်ရောက်လာတာပါဟု ပြောကြားသည်။

ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံစေးဝန်ကြီးဌာနတို့က လူသားချင်းစာနာမှုထောက်ပ့ံငွေ ဘတ် ၁၄၆၀၀၀ ကိုလည်း ပေးအပ်ခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများအား တာဝန်ရှိသူများက နေရပ်မိဘများထံ အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK