Top News

အခွန်များကို နိုင်ငံသားများအပေါ်တွင်သာ ကြပ်မတ်နေပြီး ပြည်တွင်း၌ အလုပ်လုပ်နေသော နိုင်ငံခြားသားများထံမှ ဝင်ငွေခွန်ကောက်ခံမှုသည် လက်ရှိဥပဒေအရ လျော့ရဲနေသောကြောင့် နိုင်ငံခြားသားအများစု အခွန်လွတ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
24htopnews | December 11, 2024 5:12 AM CST

အခွန်များကို နိုင်ငံသားများအပေါ်တွင်သာ ကြပ်မတ်နေပြီး ပြည်တွင်း၌ အလုပ်လုပ်နေသော နိုင်ငံခြားသားများထံမှ ဝင်ငွေခွန်ကောက်ခံမှုသည် လက်ရှိဥပဒေအရ အင်မတန်လျော့ရဲနေသောကြောင့် နိုင်ငံခြားသားအများစု အခွန်လွတ်နေကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုအစီအစဉ်တွင် ထောက်ပြပြောကြားသည်။

“ဒီဥပဒေထဲမှာ ဒီနိုင်ငံမှာ လာရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေ သူတို့အပေါ်မှာ စည်းကြပ်မဲ့ အခွန်ပုံစံတွေ ပြဋ္ဌာန်းချက်တွေကိုလည်း မတွေ့ရပါဘူး။ ဒီဥပဒေကြမ်းထဲမှာ ထည့်ဆွဲမလား။ ဝင်ငွေခွန်ဥပဒေထဲမှာ ထပ်ဖြည့့်မလား။ ပြည့်ပြည့်စုံစုံ ထည့်သွင်းဖို့ လိုနေပါတယ်။ ဥပမာ ပြည်တွင်းမှာ ရက်ပေါင်း ဘယ်လောက်နေထိုင်ပြီး ဝင်ငွေရလမ်းရှိတဲ့ အလုပ်တစ်ခုခုကိုလုပ်ရင် အခွန်ထမ်းအဖြစ် သတ်မှတ်ဖို့ ၊ ဒီမှာအလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားတွေဟာ အခွန်ကင်းရှင်းကြောင်း Certificate  ရပြီးမှ ထွက်ခွာဖို့ ဒီလိုဥပဒေမျိုးတွေ ပြဋ္ဌာန်းဖို့လိုပါတယ်။ အခွန်တွေကို ကိုယ့်နိုင်ငံသားတွေအပေါ်မှာပဲ နင်းကန်ကြပ်မတ်နေပြီး ဘဏ်တွေ၊ နိုင်ငံခြားကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား စီးပွားရေးနဲ့ ဥပဒေအကြံပေးတွေ စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍတွေနဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေဆီက ဝင်ငွေခွန်ကောက်ခံမှုဟာ ဒီနိုင်ငံရဲ့ လက်ရှိဥပေဒအရ အင်မတန်လျော့ရဲနေပါတယ်။ ဒါကြောင့် အများစုက အခွန်လွတ်နေကြပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားသည်။

အဆိုပါ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းသည် အခွန်ကောက်ခံရန် တစ်ခုတည်းအတွက် ရည်ရွယ်သည့် လုပ်ငန်းစီမံချက်မဟုတ်ဘဲ နိုင်ငံတော်တစ်ခုလုံး၏ အဓိက ဝင်ငွေဖြစ်သော အခွန်ရငွေတစ်ခုလုံး၏ စီမံခန့်ခွဲခွင့်အာဏာဖြစ်သည့်အတွက် များပြားလှသည့် လုပ်ငန်းများပါဝင်သောကြောင့်  အင်မတန်အရေးကြီးကြောင်း၊ ဥပဒေထဲတွင် တာဝန်ရှိသူများသည် အခွန်ကောက်ခံမည့် ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခြင်းအစ အခွန်မကျေပါက ဥပဒေအရ ပစ္စည်းသိမ်းခြင်းမျိုးအဆုံး စီမံခန့်ခွဲမှုနှင့် လုပ်ငန်းတာဝန်ကိုပါ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားနှင့်  ဆက်စပ်လုပ်ကိုင်နေသူများဆီမှ ဝင်ငွေခွန်နှင့် အခြားအခွန်၊ သွင်းကုန်လိုင်စင်ကဲ့သို့ အခွန်ကောက်ရန်၊ အခွန်ဆိုင်ရာ အငြင်းပွားမှုများကိုလည်း စီမံဖြေရှင်းရရန် အကောက်ခွန်၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးရာ၊ တရားရေး စသည့် ဝန်ကြီးဌာနများဖြင့်လည်း ချိတ်ဆက်လုပ်ကိုင်ရမည် ဖြစ်သည့်အတွက် တာဝန်ခံမည့်သူသည် အဆင့်မြင့်ရာထူးနှင့် အဖွဲ့အစည်းရှိရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

ထို့ပြင် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်း၏ ရည်ရွယ်ချက်သည် မတူညီသည့် အခွန်အမျိုးအစားများပေါ်တွင် တစ်ပြေးညီ သက်ရောက်မှုရှိစေရန်ဟု ဆိုထားသည့်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ Coporate Tax,Withholding Tax,Stamp Duty,Custom Duty,Excise Tax များ၊ သွင်းကုန်လိုင်စင်များနှင့် ချိတ်ဆက်ထားသည် ဆိုသည့်အကြောင်း ပုဒ်မများကိုလည်း ဥပဒေကြမ်းတွင် တိတိကျကျ ထည့်သွင်းပြဋ္ဌာန်းထားရန် လိုအပ်သောကြောင့် ဥပဒေကြမ်းကို ထပ်မံဖြည့်စွက်ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။

ဆက်လက်ပြီး အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဥပဒေကြမ်းဖြစ်သောကြောင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့် လိုအပ်ပါက သက်ဆိုင်ရာကော်မတီများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဆွေးနွေးသွားကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အချိန်မီပြန်လည်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်နာယက,က ပြောကြားသည်။

 


READ NEXT
Cancel OK