Top News

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ ပွင့်လင်းမြင်သာမှုအားနည်းနေကြောင်း EITI အစီရင်ခံစာတွင် ဖော်ပြ
24htopnews | December 11, 2024 5:12 AM CST

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) ဒုတိယအကြိမ် ၂၀၁၄-၂၀၁၅ခုနှစ်နှင့် တတိယအကြိမ် ၂၀၁၅-၂၀၁၆ ခုနှစ် အစီရင်ခံစာများ အနှစ်ချုပ်အရ သိရသည်။

အစီရင်ခံစာတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ကမ်းလွန်လုပ်ကွက်တစ်ခုချင်း၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းသုံးသော ပမာဏများ၊ လက်ရှိ စာချုပ်ချုပ်ထားသည့် လုပ်ကွက်များနှင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများစသည့် စုစုပေါင်းထုတ်လုပ်မှု ပမာဏကို စတင်ထုတ်ပြန်ကြေညာနေသည် ဟုသိရကြောင်း၊ သို့သော် ပွင့်လင်းမြင်သာမှု နှင့် ကုမ္ပဏီလုပ်ငန်းများ၏ စီးပွားရေးစီမံအုပ်ချုပ်မှုတို့တွင် ယခုထက်ပိုကောင်းအောင် လုပ်ဆောင်စရာများ ကျန်ရှိနေသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများအတွက် စံသတ်မှတ်ချက်များကို ဖော်ဆောင်ရန် ယခုနှစ်တွင် များစွာလုပ်ဆောင်နေသည်ဟု ကြားသော်လည်း ယင်းဝန်ကြီးဌာနအောက်မှ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများထက် ပွင့်လင်းမြင်သာမှု နည်းပါးလှကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် ယင်းတို့ပါဝင်လုပ်ကိုင်နေသည့် ဖက်စပ်လုပ်ငန်းများ၊ ဝင်ငွေများ၊ အသုံးစရိတ်များ သို့မဟုတ် တစ်ဆင့်ခံ ကန်ထရိုက်တာများနှင့် ဆက်ဆံရေးအခြေအနေများ အကြောင်းထုတ်ပြန်ကြေညာမှု အလွန်နည်းပါးလှကြောင်း၊ ထို့ပြင် စစ်ဘက်နှင့် ပတ်သက်ဆက်နွှယ်နေသည့် လုပ်ငန်းများကို ပို၍ ပွင့်လင်းမြင်သာမှုရှိစေရန်၊ တာဝန်ခံစေရန် လုပ်ဆောင်နေမှုမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ရှင်းလင်းတဲ့ လုပ်ထုံးလုပ်နည်းတွေမရှိပါဘူး။ နောက်တစ်ချက်က ဘာလည်းဆိုရင် ဘယ်သူက တာဝန်ပေးထားလို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်တယ်ဆိုတာကိုလည်း ကျွန်မတို့မသိရဘူး။ ဘုတ်အဖွဲ့တွေရှိတယ်ဆိုရင်လည်း ဘုတ်အဖွဲ့က ဘယ်သူတွေပါဆိုတာကို အစိုးရကနေ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေဖို့ လိုပါတယ်။ နိုင်ငံတော်စီးပွားရေးကို အကျိုးသက်ဆိုင်သူတွေဖြစ်တဲ့ လူထု၊ လွှတ်တော်နဲ့မီဒီယာတွေကို ပြောပြရမှာဖြစ်ပါတယ်။ ဘာတွေကို ဦးတည်တယ်ဆိုတာ ထုတ်ပြန်ပေးရမယ်။ အသိပေးတဲ့ အစိုးရဖြစ်အောင်ဆောင်ရွက်ရမယ်” ဟု မြန်မာနိုင်ငံ EITI အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

အစီရင်ခံစာတွင် အခြားအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲမှုများဖြစ်သည့် နိုင်ငံတော်မှ (နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ) ပိုင်ဆိုင်မှုကို ဗဟိုမှချုပ်ကိုင်ခြင်း၊ စတော့ရှယ်ယာစျေးကွက်သို့ လုပ်ငန်းများကို စာရင်းသွင်းခြင်း၊ စီမံအုပ်ချုပ်သောဘုတ်အဖွဲ့ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းများနှင့် ဘဏ္ဍာရေးပြန်လည်ဖွဲ့စည်းခြင်း စသည်တို့နှင့်အတူ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများတွင် သတင်းအချက်အလက် ထုတ်ပြန်ကြေညာမှုနှင့် စံနှုန်းမြင့်မားသော တာဝန်ခံမှုတို့သည် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ပိုမိုကောင်းမွန်ထိရောက်မှုနှင့် စွမ်းဆောင်ရည်ကို တိုးတက်အောင် ထောက်ကူပေးနိုင်ကြောင်း၊ အစိုးရအနေဖြင့် စစ်မှန်ထိရောက်သည့် ပိုင်ရှင်ဖြစ်စေရန်၊ လွှတ်တော်အနေဖြင့် ပိုင်ရှင်ဖြစ်သည့် နိုင်ငံတော်၏ စွမ်းဆောင်မှုကို သုံးသပ်အကဲဖြတ်နိုင်ရန်၊ မီဒီယာများအနေဖြင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ထိရောက်မှုကိုအများ ပြည်သူနားလည်းသဘောပေါက်အောင် လုပ်ဆောင်ရန်၊ အခွန်ထမ်းပြည်သူများအနေဖြင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ပြီးပြည့်စုံစွာ နားလည်သဘောပေါက်စေရန်အတွက် ဘဏ္ဍာရေးဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာမဟုတ်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းသည် အစိုးရအတွက် မရှိမဖြစ်အရေးကြီးကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး အများပြည်သူများရရှိထားသည့် သတင်းအချက်အလက်အရ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဥပဒေရေးရာ သဘောသဘာဝ၊ အာဏာများနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းမှုမရှိကြောင်း၊ အချို့လုပ်ငန်းလည်ပတ်ရာတွင် စီးပွားဖက်အဖြစ်နှင့် စည်းကြပ်သူအဖြစ်ဟူပြီး တာဝန်နှစ်ခုရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


READ NEXT
Cancel OK