Top News

အာဆီယံဒေသတွင်း ၁၀ နိုင်ငံအနက် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး၌ရပ်တည်နေကြောင်း ဖော်ပြ
24htopnews | December 11, 2024 5:12 AM CST

အာဆီယံဒေသတွင်း ၁ဝနိုင်ငံအနက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး၌ ရပ်တည်နေကြောင်း နိုဝင်ဘာ၁၉ရက်က ရန်ကုန်မြို့ရှိ  နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် 2019 Doing Business Myanmar အစီရင်ခံစာနှင့်ပတ်သက်သည့် ရှင်းလင်းပွဲမှ သိရသည်။

စီးပွားရေးလုပ်ကိုင် ရလွယ်ကူခြင်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သောအစိုးရဌာနများက ဝန်ဆောင်မှုပေးရာ၌ လုပ်ငန်းအဆင့်အနည်းဆုံး၊(Procedure – Steps to reduce ,Simplification ) ၊ အချိန်အတိုဆုံး (Time – Reducing) ၊ကုန် ကျစရိတ်အသက်သာဆုံး (Cost – Reducing) ဖြင့်လုပ်ကိုင်နိုင်မှုကို ဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။

2019 Doing Business Myanmar ၏ အဆင့် ၁ မှ အဆင့် ၁၀ ရရှိသည့်နိုင်ငံများတွင် နယူးဇီလန်က အဆင့် ၁၊ စင်ကာပူက အဆင့် ၂၊ဒိန်းမတ်က  အဆင့် ၃၊ ဟောင်ကောင်က အဆင့် ၄၊ ကိုရီးယားက အဆင့် ၅၊ ဂျော်ဂျီယာ က အဆင့်  ၆၊ နော်ဝေကအဆင့်  ၇ စသည်ဖြင့် အဆင့်လိုက် ရပ်တည်နေသည်။

“အာဆီယံနိုင်ငံများတွေထဲမှာ ထိပ်ဆုံးက စင်ကာပူ၊မလေးရှား၊ ကျန်တဲ့သူတွေကလည်း သူ့အထိုက်အလျောက်တော့ တိုးတက်ကျတယ်။ သို့သော် ကျွန်တော်တို့က နောက်ဆုံးရောက်နေတယ်။ အာဆီယံမှာ  ကျွန်တော်တို့က အောက်ဆုံးကနေ ပြန်ကြည့်ရင်တော့ ပထမရတာပေါ့။ အဲလို ဖြစ်နေတယ်ဗျ။ အဲတော့ ကျွန်တော်တို့သည် ကိုယ့်နိုင်ငံရဲ့အခြေအနေအရ သယံဇာတတွေပေါတယ်၊ တည်နေရာအချက်အချာကျတယ်။ စသဖြင့်ပေါ့ ကောင်းတဲ့အချက်တွေရှိပင် ရှိသော်ငြားလည်း လက်ရှိအခြေအနေက နိမ့်နေတယ်။ ဒါကြောင့် လက်တွေ့ကျကျကြိုးစားဖို့လိုတယ်ဆိုတာကို ပြနေပါတယ်” ဟု  Easeof Doing Business Ranking  တိုးတက်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

2019 Doing Business Myanmar အရ အာဆီယံဒေသတွင်းနိုင်ငံများအနက်  စီးပွားရေးလုပ်ကိုင်ရလွယ်ကူသည့် နိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့ အဆင့်လိုက်ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် Doing Business  အစီရင်ခံစာများတွင်  မြန်မာနိုင်ငံက နှစ်အလိုက်ရရှိသော Overall Rank မှာ ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ အဆင့် ၁၈၂၊ ၂၀၁၅ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ အဆင့် ၁၇၇၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ အဆင့် ၁၇၁၊ ၂၀၁၇ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၀ နိုင်ငံ၌ အဆင့် ၁၇၀၊ ၂၀၁၈ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၀ နိုင်ငံ၌ အဆင့် ၁၇၁ နှင့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၀ နိုင်ငံ၌ အဆင့် ၁၇၁ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို စီးပွားရေးလုပ်ငန်းများစတင်ခြင်း၊ ဆောက်လုပ်ရေးပါမစ် ထုတ်ပေးခြင်းနှင့် လျှပ်စစ်ဓာတ် အားရရှိမှုအပိုင်းမှသာ တိုးတက်မှုရရှိခဲ့ပြီး ကဏ္ဍ ၁၀ ခုအနက်သုံးခုတွင်သာ တိုးတက်မှု ရရှိခဲ့သည့်အတွက် အားရကျေနပ်ဖွယ်မရှိကြောင်း Easeof Doing Business Ranking  တိုးတက်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်က  ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ အညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ်အတိုင်း တိုးတက်မှုမရှိ၊ ကျဆင်းသွားမှုလည်း မရှိဘဲအဆင့် ၁၇၁ ဆင့်မှာသာ ဆက်လက်ရပ်တည်ခဲ့သည်။

“စုစုပေါင်းအမှတ်ရရှိမှုကတော့ ယမန်နှစ်က ၄၄ ဒသမ ၁၁ ကနေ ယခုနှစ်မှာ ၄၄ ဒသမ ၇၂ မှတ်သို့ တိုးတက်ရရှိလာတာကို တွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို စီးပွားရေးလုပ်ငန်းများ စတင်ခြင်း၊ ဆောက်လုပ်ရေးပါမစ်များ ထုတ်ပေးခြင်းနဲ့  လျှပ်စစ်ဓာတ်အားရရှိမှု အပိုင်းမှာသာ တိုးတက်မှုရရှိခဲ့တယ်လို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကဏ္ဍ ၁၀ ခုအနက် သုံးခုမှာသာ  တိုးတက်မှုရရှိတဲ့အတွက် အားရကျေနပ်ဖွယ်မရှိတာကို တွေ့ရပါတယ်” ဟု Easeof Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိအကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရ လာမည့် ၂၀၂၀-၂၀၂၁ တွင် Doing Business  အတွက် ထိပ်ပိုင်းနိုင်ငံ ၁၀၀ စာရင်းသို့ ဝင်ရောက်ရန်  မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။                                                       


READ NEXT
Cancel OK