Top News

ဗန်းမော်မြို့တွင် တိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်
24htopnews | December 10, 2024 9:12 PM CST

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၅ ရက်မှစ၍ KIA နှင့် ပူးပေါင်းအဖွဲ့များက ဗန်းမော်မြို့အဝင် ကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် ဗန်းမော်ဒေသခံ ထောင်နှင့်ချီ မြို့မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

ဗန်းမော်မြို့တွင် ဖုန်းလိုင်းများမှာ ဒီဇင်ဘာ ၆ ရက်အထိ ရရှိခဲ့ပြီး အဆက်အသွယ် မရမှုများလည်း ရှိနေကြောင်း မြို့ပြင်ရောက်နေသူများက ဆိုသည်။

'' ညောင်ပင်သာနှင့် ရေလမ်းကို မနေ့(ဒီဇင်ဘာ ၆ ရက်)ကတည်းက ပြေးနေတာ။ ဒီနေ့(ဒီဇင်ဘာ ၇ ရက်)လည်း ပစ်ခတ်မှုတွေထပ်ဖြစ်တယ်။ လက်နက်ကြီးငယ်တွေလည်း ကျချင်တဲ့နေရာကျနေတာ။ နာရေးအသင်း ကားတွေနဲ့တော့ ကူညီပေးနေတာရှိတယ်။ လူသုံးဆယ်ထက်မနည်း သေတယ်။ကျွန်တော့်အသိက သုံးလေးရောက်ပဲပါတယ်။ဖုန်းလိုင်းက ဘာမှဆက်သွယ်မရဘူး။ မိုးမောက်၊မံစီ မြို့ကတွေ၊ အောက်ချောင်းဒေသခံတွေကော မြို့မှာ ပေါင်းနေတော့ လူတွေကမြို့ကျပ်နေတယ်။ အခုတော့ လင်းသွားပြီ။ ဘုန်းကြီးကျောင်းတွေမှာ လူအပြည့်ပဲ။ မြို့ထဲကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ဝင်နေကြပြီ။ တပ်စခန်းတွေကြီးတော့ မသိမ်းနိုင်သေးဘူး။ မြို့ပြင်လည်း လက်နက်ကိုင်အဖွဲ့တွေ ပြည့်နေတာ။မြို့က ပျက်သွားပါပြီ။ပြန်အေးချမ်းဖို့ မလွယ်ဘူး။လားရှိုးလိုပါပဲ"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

 

ထို့ပြင် ဗန်းမော်တွင် ရေကြောင်းသွားလာရေး၌ မော်တော် မလုံလောက်မှုများဖြစ်နေပြီး နာရီနှင့်ချီကာစောင့်ဆိုင်းနေရကြောင်း ထွက်ပြေးသူများက ဆိုသည်။

 

'' မြို့က အိမ်ကို ဒီအတိုင်းပစ်ပြီး သယ်နိုင်တဲ့ ပစ္စည်းယူပြီး ထွက်ပြေးလာတာ။ မန်းလေးကို ပြေးမှာ ။ အိမ်က မိသားစုတွေ၊ ကားတွေက အဲမှာရောက်နေပြီ။သက်ကြီးရွယ်အိုတွေတော့ မြို့ထဲမှာကျန်ခဲ့တယ်။လူတွေလည်း လန့်နေတယ်။မြို့ပြင်က လူတွေက မြို့ထဲပြေးဝင်။ မြို့ထဲကလူတွေက မြို့နဲ့ အဝေးကို ပြေးနေကြတာ။ ကောလာဟလတွေလည်း ဘယ်သူ့စကား ယုံရမှန်းမသိဘူး။စစ်ဘေးရှောင်တွေလည်းထွက်တာ ထွက်လာတာ ဘယ်ပြေးရမှန်း မသိဘူး။ဘယ်နေရာက လုံခြုံသလဲမသိဘူး။ ဗန်းမော်နဲ့ ဝေးရင်ပြီးရော ပြေးကြတာ ။ လူထောင်ချီ ငတ်အုံးမှာ ဒီပုံစံက '' ဟု ဗန်းမော်မှ စစ်ရှောင်လာသူတစ်ဦးက ပြောကြားသည်။

 

 

ဗန်းမော်မြို့ရှိ ဖန်းခါးကုန်း၊ ညောင်ပင်သာ၊ ဗန်းမော်တက္ကသိုလ်စသည့်နေရာများရှိ  တပ်မတော် ကာကင်းစခန်းငယ်များကို KIA နှင့် ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ် တိုက်ခဲ့ပြီး မည်သည့် အခြေအနေဖြစ်နေသည်ကို မသိရကြောင်း ထွက်ပြေးသူများက ဆိုသည်။

 

 

KIA၊PDF၊ AA ပူးပေါင်းအဖွဲ့များက  အောက်ချောင်းဒေသကို  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ခိုက်သိမ်းပိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များ  ထောင်ချီသည်လည်းကောင်း၊  မိုးမောက်မြို့နှင့် မံစီမြို့တို့ကို KIA က တိုက်ခိုက်ခဲ့သည့်အတွက် ယင်းမြို့ခံများ သည်လည်းကောင်း ဗန်းမော်မြို့သို့ ရောက်ရှိမှီခိုနေရခြင်းဖြစ်ပြီး ယခုထပ်မံ၍ ဗန်းမော်တွင် တိုက်ပွဲများဖြစ်ပွားလာသဖြင့် အဆိုပါစစ်ဘေးရှောင်များအပြင် ဗန်းမော်မြို့ခံများပါ မြို့မှထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်းသိရသည်။


READ NEXT
Cancel OK