Top News

အရှက်တကွဲရှုံးနိမ့်မှုအတွက် တောင်းပန်ရုံသာတတ်နိုင်ကြောင်း မန်ယူအသင်းယာယီနည်းပြ ရန်းနစ် ပြောကြား
24htopnews | December 10, 2024 4:12 PM CST

မန်ယူအသင်း ယာယီနည်းပြဖြစ်သူ ရန်းနစ်က ဘရိုက်တန်အသင်းအား (ဝ-၄)ဆိုသည့်ရလဒ်ဖြင့် အရှက်တကွဲရှုံးနိမ့်မှုအတွက် ပရိသတ်များအား တောင်းပန်ရုံသာ တတ်နိုင်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

"ဒါက ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပါ။ ပထမဆုံးမိနစ်ကနေ နောက်ဆုံးမိနစ်အထိ ကျွန်တော်တို့ကစားပုံက လုံလောက်မှုမရှိပါဘူး။ ဒီစွမ်းဆောင်ရည်နဲ့ အရှက်ရစရာ ရှုံးနိမ့်မှုအတွက် တောင်းပန်ရုံပဲ တတ်နိုင်ပါတယ်။ ဒီပွဲက တနင်္လာနေ့မှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲနဲ့ ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ (ဘရိုက်တန်) ကို အချိန်ရော နေရာလွတ်တွေပါ အများကြီးပေးခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ လိုင်းတွေထဲမှာ သူတို့ကိုရပ်တန့်နိုင်တဲ့ အနေအထားမျိုး လုံးဝမရှိခဲ့တာပါ။ တတ်နိုင်သမျှ ကျစ်ကျစ်လျစ် လျစ်ကစားဖို့ ကစားသမားတွေကို ပြောထားပေမဲ့ သူတို့ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ပထမဆုံး သုံး၊ လေးလမှာ ကျွန်တော်တို့က လမ်းကြောင်း မှန်ပေါ်မှာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးလေးပတ်မှာတော့ ကျွန်တော်တို့အခြေအနေက တကယ်ကို ဆိုးရွားခဲ့ပါတယ်" ဟု ရန်းနစ်က ဆိုသည်။

ယင်းပွဲအပြီးတွင် မန်ယူအသင်း ပရိသတ်များက ကစားသမားများအား "မင်းတို့က ဒီဝတ်စုံဝတ်ဖို့မတန်ဘူး" ဟု အော်ဟစ်လှောင်ပြောင်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်အပေါ် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော်တို့ ဒီနေ့လုပ်ခဲ့တာ၊ ကျွန်တော် ဒီနေ့လုပ်ခဲ့တာတွေက မန်ချက်စတာယူနိုက်တက်အင်္ကျီကို ဝတ်ဆင်ဖို့ လုံလောက်မှုမရှိပါဘူး။ ဒါကို ကျွန်တော်လက်ခံပါတယ်။ ဟုတုံ့ပြန်ပြောကြားသည်။ မန်ယူအသင်းအနေဖြင့် စနေနေ့က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရိုက်တန်အား လေးဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ၂၀၁၄  ခုနှစ်နောက်ပိုင်း ရမှတ်အနည်းဆုံးရာသီအဖြစ် ရပ်တည်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ် ဘရိုက်တန်နှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်အသင်းက ၁၅ မိနစ်တွင် ကိုင်စီဒို၊ ၄၉ မိနစ်တွင် ကူကူရယ်လာ၊ ၅၇ မိနစ်တွင် ဂရော့စ်၊ မိနစ် ၆၀ တွင် ထရော့ဆတ်တို့သွင်းယူသည့် ဂိုးများနှင့်အတူ လေးဂိုးပြတ် အနိုင်ရခဲ့သည်။ မန်ယူအသင်းအနေဖြင့် ရာသီပိတ်ပွဲစဉ် တစ်ပွဲသာ ကစားရန်ကျန်ရှိတော့ပြီး ၃၇ ပွဲကစားအပြီးတွင် ၁၆ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ၁၁ ပွဲရှုံးဖြင့် ရမှတ် ၅၈ မှတ် သာ ရရှိထားသည်။ ယခုပွဲအပြီးတွင် အဆင့် ၄ နေရာမှ အာဆင်နယ်အသင်းနှင့် (အာဆင်နယ်-လိဒ်စ်ပွဲ မတိုင်မီ) သုံးပွဲပို၊ ငါးမှတ်ကွာဟသွားပြီဖြစ်ရာ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ရန် သေချာသွားပြီဖြစ်သည်။

ထို့ပြင် လက်ကျန်တစ်ပွဲသာ ကျန်ရှိသဖြင့် အမြင့်ဆုံးရနိုင်သည့် ရမှတ်မှာ ၆၁ မှတ်အထိသာဖြစ်နိုင်သောကြောင့် ၆၄ မှတ်ရရှိခဲ့သည့် ၂၀၁၃-၂၀၁၄ ရာသီနောက်ပိုင်း ရမှတ်အနည်းဆုံးရာသီအဖြစ် ရပ်တည်ရတော့မည်ဖြစ်သည်။ အကယ်၍ ရာသီပိတ်ပွဲစဉ်တွင် ပဲလေ့စ်အသင်းအား အဝေးကွင်း၌ အနိုင်မရဘဲ သရေ သို့မဟုတ် ရှုံးနိမ့်ပါက ပရီးမီးယားလိဂ်အဖြစ် ကျင်းပသည့် သက်တမ်းတစ်လျှောက် အဆိုးဆုံး နှင့် ၁၉၉၁ ခုနှစ်နောက်ပိုင်း ၃၁ နှစ်အတွင်း ရမှတ်အနည်းဆုံးရာသီ အဖြစ်ပါ ရင်ဆိုင်ရမည်ဖြစ်သည်။

ဘရိုက်တန်အသင်းအား လေးဂိုးအထိ ခွင့်ပြုခဲ့ရသည့် ခံစစ်ပိုင်းမှာလည်း မှတ်တမ်းဆိုးများ ပိုင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ၃၇ ပွဲကစား အပြီးတွင် ၅၆ ဂိုးခွင့်ပြုထားရပြီး ယင်းပမာဏမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ပေးဂိုးအများဆုံးဖြစ်လာသလို မန်စီးတီး၊ အဲဗာတန်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ဘရိုက်တန်တို့ကို အဝေး ကွင်းငါးပွဲဆက် ရှုံးနိမ့်ခြင်းမှာလည်း ၁၉၈၁ ခုနှစ်က ခြောက်ပွဲဆက် ရှုံးနိမ့်ပြီးနောက်ပိုင်း ၄၁ နှစ်အတွင်း အဆိုးဆုံးမှတ်တမ်းဖြစ်သည်။

ဘရိုက်တန်အသင်းမှာမူ Boxing Day နောက်ပိုင်း ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ပြန်လည်ရရှိခဲ့သလို အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်တွင် ယှဉ်ပြိုင်ကစားဖူးသည့် ၃၅၆ ပွဲအနက် ဂိုးအပြတ်ဆုံး နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK