Top News

ဒေါနတောင်ကျော် အာရှလမ်းတွင် ကုန်တင်တွဲယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ယာဉ်မီးလောင်ကျွမ်းပြီး သုံးဦးသေဆုံးကာ ခုနစ်နာရီကြာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်
24htopnews | December 10, 2024 8:12 AM CST

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ် ကွင်းကလေးတံတားကွေ့ ကွမ်းခြံကွေ့အောက်ဘက်တွင် အောက်တိုဘာ ၁၈ ရက်နံနက် ၃ နာရီက ကုန်တင်တွဲယာဉ်ကြီးနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ ယာဉ်မောင်းနှစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား တာဝန်ရှိသူများက ရှင်းလင်းပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီထိ လမ်းပိတ်ဆို့နေကာ နှစ်ဖက်သွားမည့် ကားတန်းရှည်ကြီးများ ရပ်နားထားရကြောင်း သိရသည်။

မြဝတီ ဒေါနတောင်ကျော်လမ်း မိုင်တိုင် အမှတ် ၁၆၁ KM အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ယာဉ်နှစ်စီး မီးလောင်ကျွမ်းနေကြောင်း သတင်းအရ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး၊ သင်္ဃန်းညီနောင်ရဲစခန်းမှူး ရဲအုပ်ရဲနောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ လူမှုကူညီရေးအသင်းအဖွဲ့များ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော နယ်ခြားစောင့်တပ်ဖွဲ့များ၊ ပြည်သူများက ၀ိုင်းဝန်း မီးငြှိမ်းသတ်ကြရာ အောက်တိုဘာ ၁၈ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ 

အခင်းဖြစ်ရပ်သို့ ရောက်ရှိစစ်ဆေးရေး၊ လမ်းရှင်းလင်းရေး ဆောင်ရွက်နေသူ သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ရဲနိုင်က “ကြားကြားချင်းပဲ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းလာရောက် မီးငြှိမ်းသတ်ရေး ဆောင်ရွက်ကြတယ်။ ယာဉ်နှစ်စီးတိုက်မှုက ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှာဖြစ်သလို လမ်းပိတ်ဆို့မှုကိုလည်း အဖွဲ့ပေါင်းစုံနဲ့ ယခုအချိန်ထိ ရှင်းလင်းရေး ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ROSSY တံဆိပ်ပါ ရောင်စုံမှုတ်ဆေးဘူးများ တင်ဆောင်ပြီး ယာဉ်မောင်း အောင်မြင့်မြတ် (၃၈ နှစ်ခန့်) (ဘ) ဦးအောင်မြင့်၊ ရန်ကုန် တာမွေမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 3M-3454 VOLVL အမျိုးအစား ၂၀ ဘီးကုန်တင်ယာဉ်နှင့် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသော (ယာဉ်မောင်း၊ အမည်၊ နေရပ် စုံစမ်းဆဲ) ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိကာ မီးလောင်းကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးအရှိန်ပြင်းသည့်အတွက် ပေ ၅၀ အကွာရှိ KNU လုံခြုံရေးကင်းစခန်း တစ်ခုလည်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ အခင်းဖြစ်ရပ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့၊ မီးသတ်၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မီးငြိှမ်းပြီးနောက် စစ်ဆေးရာ ယာဉ်မောင်းနှစ်ဦး၏ သေဆုံးနေသော ရုပ်အလောင်းများကို တွေ့ရှိရပြီး ယာဉ်နောက်လိုက်အား ရှာဖွေရာ သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ယာဉ်တိုက်မှုကြောင့် မြဝတီဘက်မှ မှုတ်ဆေးပေါင်းစုံ တင်ဆောင်လာသောယာဉ်နှင့် ကော့ကရိတ်ဘက်မှ အိန္ဒိယကွမ်းစားဆေးပေါင်းစုံ တင်ဆောင်လာသောယာဉ်တို့ တိုက်မိခြင်းဖြစ်၍ ကုန်တင်ယာဉ် နှစ်စီးလုံးနှင့် ကုန်ပစ္စည်းများ ဆုံးရှုံးမှုကြောင့် တန်ဖိုးကျပ် သိန်း ၁၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်၊ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲနောင်က တရားလိုပြုလုပ်ပြီး လူ့အသက်ဆုံးရှုံး၊ ယာဉ်များ မီးလောင်ဆုံးရှုံးစေခဲ့သူများအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းက ယာဉ်(ပ) ၂၆/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ၂၈၅ ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။  


READ NEXT
Cancel OK