Top News

မူဆယ်မြို့တွင် နှစ်နိုင်ငံနယ်စပ်အနီးရှိ မြန်မာနိုင်ငံပိုင်နက်အတွင်း ဆင်ဖြူစျေးကော်မတီရုံး အဆောက်အအုံ တည်ဆောက်နေမှုအား တရုတ်နိုင်ငံမှ လက်နက်ကိုင်ဆောင်ထားသူများက လာရောက် တားမြစ်မှုဖြစ်ပွား
24htopnews | December 10, 2024 8:12 AM CST

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့တွင် တရုတ်နိုင်ငံနယ်စပ် အနီးရှိ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူစျေး စျေးကော်မတီရုံး တည်ဆောက်နေမှုအား တရုတ်နိုင်ငံဘက်မှ လက်နက်ကိုင်ဆောင်ထားသူများက မြန်မာနိုင်ငံဘက်အခြမ်းသို့ ကြိုတင် အကြောင်းကြားထားခြင်းမရှိဘဲ လာရောက်တားမြစ်မှု အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် အနီးရှိ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူစျေးတွင် စျေးကော်မတီရုံး တည်ဆောက်ရန် ပြုလုပ်နေစဉ် တရုတ်နိုင်ငံဘက်မှ လက်နက်အပြည့်အစုံဖြင့် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော ရဲ ၁၃ ဦး၊ လက်နက်မဲ့ ၁၇ ဦး စုစုပေါင်း ၃၀ ခန့်က မြန်မာနိုင်ငံဘက်ခြမ်းသို့ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ခဲ့ကာ ဆင်ဖြူစျေး စျေးပတ်လမ်း အမှိုက်ကန်ဘေးတွင် ခွင့်ပြုချက်ဖြင့် အလျား ၃၃ ပေ၊ အနံ ပေ ၂၀၊ အမြင့် ၁၃ ပေရှိ စျေးကော်မတီရုံး ဆောက်လုပ်နေမှုအား ရပ်တန့်ထားရန်နှင့် ထိုသို့ဆောင်ရွက်နေမှုအပေါ် ကန့်ကွက်ကြောင်း လာရောက်ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်းသို့ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ ဝင်ရောက်လာသော တရုတ်နိုင်ငံဘက်မှ လက်နက်ကိုင်ဆောင်ထားသူများသည် ထိုသို့ကန့်ကွက်ပြောဆိုပြီး နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် တရုတ်နိုင်ငံ အတွင်းသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

“မူဆယ်မြို့မှာ တရုတ်နယ်စပ်အနီးက ဆင်ဖြူစျေးမှာရှိတဲ့ စျေးကော်မတီကနေပြီးတော့ စျေးကော်မတီရုံးဆောက်တာ။ ဆောက်တဲ့နေရာက မြန်မာနိုင်ငံ နယ်စပ်မျဉ်းရဲ့ နှစ်နိုင်ငံ သဘောတူညီထားတဲ့ အဆောက်အအုံ  ဆောက်လုပ်လို့မရတဲ့ နယ်နိမိတ်အတွင်း ကျရောက်နေတယ်ဆိုပြီးတော့ သုံးသပ်ယူဆလို့ သူတို့က လာကန့်ကွက်တယ်လို့ပြောတယ်။ လက်ရှိအခြေအနေမှာတော့ ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ပြန်စိစစ်ဆောင်ရွက်ပေးရမှာပေါ့။ တရုတ်ဘက်က ရဲတွေက လက်နက်တွေနဲ့လာတဲ့ကိစ္စကိုတော့ ကျွန်တော်တို့ဘက်က လက်သင့်ခံလို့ မရဘူးပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ နယ်ခြားကော်မတီ အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ ကန့်ကွက်ထားပါတယ်” ဟု မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောကြားသည်။

“သံပန်းအလုပ်သမားတွေနဲ့ ပန်းရန်အလုပ်သမားလေးတွေ အလုပ်လုပ်နေတဲ့ အချိန် မနက် ၈ နာရီလောက်မှာ တစ်ဘက် တရုတ်နိုင်ငံ ခိုးပေါက်ကနေ လက်နက်ကိုင်ထားတဲ့သူတွေ ထွက်လာပါတယ်။ ဆင်ဖြူဂိတ်ပေါက်ကနေ တစ်ဖွဲ့ထွက်လာပါတယ်။ ကွန်မန်ဒိုပြောက်ကျားဝတ်စုံနဲ့ ၂၀ လောက် ပါပါတယ်။ ရဲဝတ်စုံနဲ့ ၁၀ ယောက်လောက် ပါပါတယ်။ အလုပ်လုပ်နေတဲ့ သူတွေကို မလုပ်ဖို့ ရပ်တန့်ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က အထက်ဌာနဆိုင်ရာတွေကို အကြောင်းကြားပါတယ်။ သူတို့နဲ့ မိနစ် ၂၀ လောက် အတိုက်အခံ ပြောပါတယ်။ ကျွန်တော်တို့က စျေးကော်မတီရုံး အဆောက်အအုံ ဆောက်တဲ့ကိစ္စမှာ ကျွန်တော်တို့ကို အပေါ်ကအရာရှိတွေ ရပ်ဆိုရင် ရပ်ပေးလို့ရတယ်။ ဖျက်ဆိုရင်လည်း ဖျက်ပေးလို့ရတယ်။ ဒါက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့နိုင်ငံထဲကို လက်နက်တွေနဲ့လာပြီး နောက်ထပ် သူတို့နိုင်ငံခြံစည်းရိုးနားမှာ တင့်ကားသုံးစီး ရပ်ထားပြီးလာတာပါ။ နောက်တော့ သူတို့က ခိုးပေါက်ကနေပဲ ပြန်ထွက်သွားကြပါတယ်။ ဆောက်တဲ့နေရာက တရုတ်နယ်စပ် မိုင်တိုင်အမှတ် ၈၁ နဲ့ ၈၂ ကြားမှာပါ” ဟု ဆင်ဖြူစျေးကော်မတီရုံးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပြည်ပရေးရာဌာနသို့ ကြိုတင်ညှိနှိုင်း အသိပေးထားခြင်းမရှိဘဲ လက်နက်ကိုင်ဆောင် ဝင်ရောက်လာခြင်းအပေါ် ကန့်ကွက်ကြောင်း စာပေးပို့ထားသည်ဟု သိရသည်။  


READ NEXT
Cancel OK