Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲထားသည့် အမှုတွင် တရားလိုအား စတင်စစ်ဆေးခဲ့ပြီး အာမခံလျှောက်ထားမှုလာမည့် ရုံးချိန်းတွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း တာမွေမြို့နယ် တရားရုံးမှ သိရသည်။
အောက်တိုဘာ ၁၇ ရက် ရုံးချိန်းတွင်မှ Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဒေါက်တာ မင်းလွင်(ခ)နရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးဝေ(ခ) ဖြိုးဝေဝင်းတို့အား ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခဲ့သည့် တရားလိုဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်အား စတင်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူများဘက်မှ အချုပ်လွတ် ထုချေခွင့်ပြုရန် အာမခံ လျှောက်ထားခဲ့သည်။
စွပ်စွဲခံရသူများမှာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရပြီး ယင်းပုဒ်မမှာ အာမခံပေးခွင့် မရသည့် အမှုဖြစ်သော်လည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) တွင် “ တရားခံအပေါ် စွပ်စွဲထားသော ပြစ်မှုသည် သေဒဏ် (သို့မဟုတ်) တစ်သက်တစ်ကျွန်း ကျခံထိုက်သော ပြစ်မှုမျိုး မဟုတ်ပါက အာမခံပေးခွင့်ရှိဟု ပြဋ္ဌာန်းထားကြောင်း၊ စွပ်စွဲခံရသူများဖြစ်သည့် ဦးကျော်ဇောလင်းနှင့် ဦးနရီမင်းတို့မှာ Eleven Media Group ၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များထဲတွင် အပါအဝင်ဖြစ်ပြီး ဦးဖြိုးဝေ သည်လည်း သတင်းထောက်ချုပ်အဖြစ် တာဝန်ယူထားသူ ဖြစ်ကြောင်း၊ အချုပ်လွတ်ထု ချေခွင့်ပြုမှသာ အများပြည်သူအကျိုးအတွက် သတင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
ယင်းအပြင် စွပ်စွဲခံရသူများမှာ ထွက်ပြေး တိမ်းရှောင်မည့်သူများ မဟုတ်သည့်အပြင် ရုံးတော်မှ ချိန်းဆိုသော နေ့များတွင်လည်း ရုံးချိန်းမှန်ကန်စွာ လာရောက်မည့်သူများဖြစ်ပြီး ရုံးတော်မှ တောင်းဆိုသည့် ခံဝန်များကိုလည်း ပေးသွင်းနိုင်သူများ ဖြစ်ကြောင်း၊ ထို့ပြင် အမှုကိစ္စတွင်လည်း သက်သေများကို မလျော်သြဇာသုံးပြီး ဖျက်ဆီးမည့်သူများလည်း မဟုတ်ကြောင်း လျှောက်ထားခဲ့သည်။
စွပ်စွဲခံရသူများမှာ တရားစွဲဆိုခံရသည့် အမှုကိစ္စတွင်လည်း လိုအပ်သည့် သတင်းအချက်အလက်များ ရရှိရန်အတွက် အာမခံရရှိမှသာ ကောင်းစွာရှာဖွေ စီစဉ်ထုချေနိုင်မည်ဖြစ်ရာ အမှန်တရား ဆုံးဖြတ်ရာ၌ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အချုပ်လွတ် ထုချေခွင့်မပြုဘဲ အချိန်ကြာမြင့်စွာ ချုပ်နှောင်ထားမည်ဆိုပါက ကြိုတင်အပြစ်ပေးရာလည်း ရောက်ကြောင်း စွပ်စွဲခံရသူများဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က လျှောက်ထားခဲ့သည်။
ထိုသို့ လျှောက်ထားရာတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရသည့် အမှုများတွင် အာမခံပေးခဲ့သည့် အမှုများကိုလည်း သက်သေ သာဓကများဖြင့် ရုံးတော်သို့ တင်ပြခဲ့သည်။
ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံရသော်လည်း အာမခံပေးခဲ့သည့်အမှုများမှာ လွိုင်ကော်မြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၁၄၆/၂၀၁၈ အမှုတွင် စွပ်စွဲခံရသူ ခုနစ်ဦးအား လည်းကောင်း၊ ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်ထက်တွင် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို လည်းကောင်း အချုပ်လွတ် ထုချေခွင့်ပြုခဲ့သည့် သာဓကများကို လျှောက်ထား တင်သွင်းခဲ့သည်။
ယင်းနောက် တရားလို ဦးအောင်ကျော်ခိုင်အား စစ်ဆေးရာ အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါးတွင် Yangon Metropolitan Development Public အများပိုင်ကုမ္ပဏီတွင် ဦးမြင့်သောင်း အမည်ဖြင့် ထည့်ဝင်ထားသည်ဟု ရေးသားမှုမှာ မဟုတ်မှန်ကြောင်း၊ ဦးမြင့်သောင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ယင်းကုမ္ပဏီတွင် ရှယ်ယာဝင်ထားခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာ ရှယ်ယာများကို ဦးမြင့်သောင်း၏ အမည်ပေါက်ဖြင့် ရှယ်ယာဝင်ထားခြင်း မဟုတ်ကြောင်း တရားခွင်တွင် ဦးအောင်ကျော်ခိုင်က ထွက်ဆိုခဲ့သည်။
ယင်းဆောင်းပါးကြောင့် Yangon Metropolitan Development Public အများပိုင်ကုမ္ပဏီတွင် အစုရှယ်ယာ ထည့်ဝင်ထားသည့် မြန်မာ့ဆောက်လုပ်ရေးဖွံ့ဖြိုးရေး နှင့် အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ တာဝန်ရှိသူများ၊ အစုရှယ်ယာရှင်များ၏ စိတ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ခြင်းများ ဖြစ်ပေါ်စေပြီး ထူထောင်ထားသော အများပိုင်ကုမ္ပဏီကို အများပြည်သူ အယုံအကြည်မဲ့စေခြင်းတို့အပြင် တိုင်းအစိုးရအဖွဲ့ကို အကြည်ညိုပျက်စေပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်ချင်လာအောင် ဖြစ်သည့်အတွက် တရားရုံးတွင် ဦးတိုက်လျှောက်ထားရခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ခိုင်က ထွက်ဆိုခဲ့သည်။
ယင်းသို့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် ထွက်ဆိုနေစဉ် တရားခွင်ရှိ ဥပဒေအရာရှိက ထွက်ဆိုချက်အချို့အား ကြိုတင်ဖတ်ပြနေမှုကို စွပ်စွဲခံရသူများ၏ ရှေ့နေ ဦးကြီးမြင့်က တရားခွင်၌ ကန့်ကွက်ခဲ့သဖြင့် တရားသူကြီးက တရားလိုတစ်ဦးသာ တိုက်ရိုက် ထွက်ဆိုပေးရန် ပြောကြားခဲ့သည်။
ယင်းနောက် တရားလို ဦးအောင်ကျော်ခိုင်က စာရွက်စာတမ်းကို တာမွေတရားရုံးသို့ တင်ပြခဲ့သည်။
တရားလို ဦးအောင်ကျော်ခိုင် တင်ပြထားသော စာရွက်စာတမ်းများအား ဥပဒေအရာရှိမှ တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းခဲ့သည်ကို တွေ့ရသည်။
တရားရုံးသို့ တင်သွင်းသော သက်သေခံများမှာ Weekly Eleven ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါး၊ အများပိုင်ကုမ္ပဏီမှအား ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားသည့် စာရွက်စာတမ်းများ အစရှိသည် စာရွက်စာတမ်း ၃၁ ခုကို မိတ္တူများအဖြစ် တင်သွင်းခဲ့သည်။
ယင်းသို့ သက်သေခံအဖြစ် တင်သွင်းသည့် စာရွက်စာတမ်းများမှာ မူရင်း မဟုတ်သည့်အတွက် စွပ်စွဲခံရသူများ၏ ရှေ့နေ ဦးကြီးမြင့်က ကန့်ကွက်ခဲ့သည်။
“ တရားရုံးကို တင်သွင်းတဲ့ စာရွက်စာတမ်းတွေက မိတ္တူအဖြစ် တင်သွင်းတာကို လက်မခံပါဘူး။ တရားစွဲတဲ့သူက ညွှန်ကြားရေးမှူး တစ်ယောက်ဖြစ်တဲ့အတွက် ပေါ့လျော့လို့ မရပါဘူး။ တရားစွဲတဲ့သူဆိုတာ စာရွက်စာတမ်းကို ပြည့်ပြည့်စုံစုံ တင်သွင်းဖို့ လိုအပ်ပါတယ်။ အခု အမှုရင်ဆိုင်နေရတဲ့ သူတွေက အချုပ်ကျခံပြီး ရင်ဆိုင်နေရတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က တရားခွင်တွင် ကန့်ကွက်ပြောကြားသည်။
တရားစွဲဆို ခံရသူများမှာ အချုပ်ဖြင့် လာရောက် တရားရင်ဆိုင်ရသူများ ဖြစ်သဖြင့် တရားလိုက ရုံးချိန်းတွင် စာရွက် စာတမ်းမူရင်းများ မတင်ပြနိုင်ခြင်းအား တရားရုံး က မူရင်းများအား မတင်ပြဟု မှတ်ယူ သတ်မှတ်ပေးရန် လျှောက်ထားခဲ့သည်။
ယင်းသို့ လျှောက်ထားမှုနှင့် ပတ်သက်ပြီး တာမွေမြို့နယ် တရားသူကြီးက အမှုနှင့် ပတ်သက်သည့် တရားလိုဘက်မှ စာရွက်စာတမ်းများကို လာမည့် ရုံးချိန်း၌ မူရင်းများ တင်ပြရမည်ဟု ပြောကြားခဲ့သည်ကို တွေ့ရသည်။
ထို့နောက် လာမည့် ရုံးချိန်းကို အောက်တိုဘာ ၂၆ ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး တရားလို ဦးအောင်ကျော်ခိုင်ကို ဆက်လက် စစ်ဆေးမည်ဖြစ်ကာ အချုပ်လွတ်ထုချေခွင့် ပေး၊ မပေးကို အမိန့်ချမှတ်မည်ဟု တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်။
သတင်းသမားတစ်ဦး သတင်းရေးသားခြင်းမှာ ဆန်းကြယ်သည့်ကိစ္စ မဟုတ်ဘဲ ၎င်းတို့အား ဖြေရှင်းခွင့်ပေးရမည် ဖြစ်ကြောင်း၊ အာမခံပေး မပေးဆိုသည်မှာ တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ်တွင် မူတည်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။
“ သူတို့ရဲ့ လုပ်ပိုင်ခွင့် သူတို့ရဲ့ ဆင်ခြင်တုံတရားကို ဘယ်လောက်ထိ သုံးမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ သို့သော်လည်း ဒီအမှုဟာ အာမခံပေးမယ်ဆိုရင် ပေးသင့်တဲ့အမှုပဲ။ သတင်းသမား တစ်ယောက် သတင်းရေးတာ ဘာဆန်းလဲ။ သူ့ကို ဖြေရှင်းခွင့်ပေးရမယ်။ အဲဒီကြားထဲမှာ အချုပ်လွတ်ဖြေရှင်းခွင့် ပေးရမှာပေါ့။ ပြီးတော့ အဆင့်ကလည်းပဲ အယ်ဒီတာချုပ် အဆင့်တွေလေ။ အဲဒါကြောင့်မို့လို့ တရားရုံးအနေနဲ့ မှန်မှန်ကန်ကန် ဆင်ခြင်တုံတရားကို သုံးမယ်။ အကြောက်တရား၊ ဘယဘေး မရှိဘူးဆိုရင်တော့ ဒီအမှုက အာမခံပေးသင့်တဲ့ အမှုပါပဲ” ဟု ဦးကြီးမြင့်က ပြောကြားသည်။
အောက်တိုဘာ ၁၇ ရက် ရုံးချိန်းတွင် မီဒီယာအချို့ကလည်း တိုက်ရိုက် သတင်းတင်ဆက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရပြီး တရားရုံးရှေ့တွင်လည်း လူပုဂ္ဂိုလ်အချို့က “ ကြည်ညိုပါသည်” ဟု ရေးသားထားသော ဗီနိုင်းကို အကျႌများတွင် ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည့် “အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိသည့် ကျောင်းကား နှင့် လူအမည်ပေါက် ပြည်သူ့ရှယ်ယာ”သုံးသပ်ချက် ဆောင်းပါးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်ချင်လာအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ပုဒ် ၅၀၅ (ခ)ဖြင့် တာမွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
