Top News

ဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်အထိ ခုနစ်ရက်တိုင် ကျင်းပမည်
24htopnews | December 10, 2024 8:12 AM CST

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရှိ ဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောက်တိုဘာ ၂၃ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက်) မှ အောက်တိုဘာ ၂၉ ရက် (သီတင်းကျွတ်လပြည့်ကျော် (၅) ရက်) အထိ ခုနစ်ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

သီတင်းကျွတ်လဆန်း ၉ ရက်မှ သီတင်းကျွတ်လဆန်း ၁၃ ရက်အထိ ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား စတင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အာရုံတက်ချိန်မှာ ကျိုက္ခမီမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် ကျောင်းပေါင်း ၁၇ ကျောင်းက သံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပပြုလုပ်မယ်။ ကျိုက္ခမိရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်နဲ့အတူ ရှင်ဥပဂုတ္တမထေရ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ပါတယ်။ အခုကတည်းက ကျိုက္ခမီမြို့ပေါ် ရပ်ကွက်အလိုက် ရှင်ဥပဂုတ္တ မထေရ်ပူဇော်ပွဲ ကျင်းပပြုလုပ်ကြဖို့ ပြင်ဆင်နေကြပါပြီ။ သီတင်းကျွတ်လဆန်း ၁၄ ရက် ညပိုင်းကနေ သီတင်းကျွတ်လပြည့် မနက်အထိကို ဆွမ်းအိုးမျှောပွဲ ကျင်းပပြုလုပ်ပါတယ်။ အဲဒီဆွမ်းအိုးမျှောပွဲကို တစ်နိုင်ငံလုံးက ဘုရားဖူးတွေ လာရောက်ကြပါတယ်” ဟု ပြောကြားသည်။

“လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာတဲ့အတွက် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ တစ်နိုင်ငံလုံးက ဘုရားဖူးတွေ အများအပြား လာရောက်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့က ဘုရားဖူးတွေ လုံခြုံရေး၊ နေရေးထိုင်ရေးကအစပေါ့။ အားလုံးကို အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်” ဟု ဦးလှသန်းက ဆက်လက်ပြောကြားသည်။

နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး တစ်သိန်းကျော် လာရောက်လေ့ရှိကြောင်း ဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။  


READ NEXT
Cancel OK